အစိုးရကို ကူညီရန်လိုအပ်သလို တပ်မတော်ကို အားပေးရမည်ဟု သမ္မတဟောင်း ဦးသိန်းစိန် တိုက်တွန်း

အစိုးရကို ကူညီရန်လိုအပ်သလို တပ်မတော်ကို အားပေးရမည်ဟု သမ္မတဟောင်း ဦးသိန်းစိန် တိုက်တွန်း
ဓာတ်ပုံ- Aung Paing Min ဖေ့စ်ဘွတ်မှ

နေပြည်တော်(ဇန်နဝါရီ ၁၅ရက်၊ ၂၀၁၉ခုနှစ်)။        ။ နိုင်ငံသားတစ်ယောက်အနေဖြင့် အစိုးရကို ကူညီရန် လိုအပ်သလို တပ်မတော်ကို အားပေးရမည်ဖြစ်ကြောင်း၊ တပ်မတော်မရှိပါက တိုင်းပြည်လည်းရှိမည် မဟုတ်တော့ကြောင်းလည်း သမ္မတဟောင်း ဦးသိန်းစိန်က တိုက်တွန်း ပြောဆိုခဲ့သည်။

“တပ်မတော်ဆိုတာက ဘာနဲ့တူလည်းဆိုတော့ အိမ်တစ်အိမ်မှာ ဝင်းခြံ၊ ခြံစည်းရိုးနဲ့ တူတယ်။ ခြံစည်းရိုး မရှိရင် အိမ်က မလုံခြုံဘူးပေါ့။ ခွေးဝင်၊ ကြွက်ဝင်၊ လူဆိုး၊ သူခိုးဝင်နဲ့ အဲ့တော့ တပ်မတော်ကိုလည်း တစ်ဖက်က အားပေးရမှာပေါ့” ဟု အငြိမ်းစား ဗိုလ်ချုပ်ကြီးလည်းဖြစ်သူ ဦးသိန်းစိန်က ဆိုသည်။

တပ်မတော်သည် နိုင်ငံကို ကာကွယ်စောင့်ရှောက်နေသည့် အဖွဲ့အစည်းဖြစ်သောကြောင့် တပ်မတော် မုန်းတီးရေးလုပ်ဆောင်၍လည်း မည်သည့် အကျိုးမျှ မရှိကြောင်း ၎င်းက ပြောဆိုခဲ့သေးသည်။

“အဲ့တော့ အစိုးရကိုလည်း ကူညီရမယ်၊ တပ်မတော်ကိုလည်း အားပေးရမယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့တာဝန်ကျေဖို့ပေါ့နော်။ ကျေအောင် ဂရုစိုက်ရမယ်။ အဓိကကတော့ ကိုယ့်ရဲ့ နိုင်ငံကို ကာကွယ် စောင့်ရှောက်ဖို့နဲ့ ကိုယ့်ရဲ့ဘာသာကို ကာကွယ်စောင့်ရှောက်ဖို့ပေါ့။ ဘာသာပျောက်ရင် လူမျိုးလည်း ပျောက်သွားမှာပေါ့” ဟု ဦးသိန်းစိန်က ပြောသည်။

ထို့အပြင် လက်ရှိ NLD ဦးဆောင်သည့် အစိုးရသည် ပြည်သူက ရွေးချယ်ထားခြင်းဖြစ်သောကြောင့် အစိုးရကိုဝိုင်းဝန်း ကူညီကြရန် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်က ပြောကြားခဲ့သည်။

“အစိုးရကို ဆန့်ကျင်ရင် ဟိုးတုန်းက ပြည်သူ့ဆန့်ကျင်တာနဲ့ အတူတူပဲ ဖြစ်မယ်။ ကောင်းတာ၊ ဆိုးတာ ကတော့ ပြည်သူကနေ ဆုံးဖြတ်ပေးရမှာပေါ့။ နိုင်ငံသားတိုင်းကတော့ ကိုယ့်အစိုးရဆိုတော့ ဝိုင်းတော့ ကူညီရမှာပဲ” ဟု ဦးသိန်းစိန်က ပြောသည်။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ အာသောကရုံရေလည်ကျောင်းတိုက်ဆရာတော်၊ ဘဒ္ဒန္တ လာဘာဝံသ (ဘုန်းဘုန်းလေး)၏ သက်တော်(၈၉)နှစ်ပြည့် မွေးနေ့မင်္ဂလာသို့ ရောက်ရှိလာသည့် သမ္မတဟောင်း ဦးသိန်းစိန်က ဇန်နဝါရီလ ၁၅ရက်တွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 အသက်(၇၄)နှစ်ခန့် အရွယ်ရှိပြီဖြစ်သည့် သမ္မတဟောင်း ဦးသိန်းစိန်သည် ဘဒ္ဒန္တ လာဘာဝံသ (ဘုန်းဘုန်းလေး) ၏ ဝိဇာတမင်္ဂလာ အခမ်းအနားသို့ နှစ်စဉ် တက်ရောက်လေ့ရှိပြီး ယခုနှစ်တွင်လည်း ကျန်းမာစွာဖြင့် တက်ရောက်လာသည်ကို တွေ့ရသည်။

 ပြီးခဲ့သည့် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က ပြုလုပ်ခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုများအပြင် လတ်တလော ရေးပန်းစားလာသည့် မြစ်ဆုံစီမံကိန်းကို သူ့အစိုးရသက်တမ်းအတွင်း ဆိုင်းငံ့ထားခြင်းကလည်း ဦးသိန်းစိန်ကို လူထုထောက်ခံမှု တိုးခဲ့သည်။

 ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်း ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်ဦးဆောင်သည့် အစိုးရအဖွဲ့ကို ကျေးဇူးတင်ကြောင်း လက်ရှိ  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly