ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်းလုပ်ဆောင်ရန် တရုတ်ကုမ္ပဏီ တိုင်းလွှတ်တော်သို့လာရောက်ရှင်းပြ

ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်းလုပ်ဆောင်ရန် တရုတ်ကုမ္ပဏီ တိုင်းလွှတ်တော်သို့လာရောက်ရှင်းပြ
Photo-AFP

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ။              ။ ရန်ကုန်တိုင်းအတွင်း မိုးပျံရထားပြေးဆွဲရန် လုပ်ဆောင်နေသည့် တရုတ်ကုမ္ပဏီမှ စီမံကိန်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကို လာရောက်ရှင်းပြခဲ့သည်ဟု ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး က ဆိုသည်။

 အဆိုပါစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ လျာထားပြီး စီမံကိန်း ကာလအနေဖြင့် ၂၄ လ မှ ၃၆ လ အတွင်း ဆောင်ရွက်သွားမည်ဟု တရုတ်နိုင်ငံရှိ အမှတ်(၂)မီးရထား အင်ဂျင်နီယာ ဂရု(ပ်)ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများမှ  လွှတ်တော်ကိုယ်စားလှယ်များကို ဇန်နဝါရီ ၁၄ ရက်က လာရောက်ရှင်းပြခဲ့ခြင်းလည်းဖြစ်သည်။

 “လွှတ်တော်ကိုလာပြီး သဘောထားမေးမြန်းတာပေါ့။ လမ်းကြောင်းက နှစ်ခု။ ကြည့်မြင်တိုင်ကနေ မင်္ဂလာဒုံ အထိတစ်ခု ကျောက်ရေတွင်းကနေ လေဆိပ်ကိုတစ်ခု ဆိုပြီး လမ်းကြောင်းနှစ်ခု လာရှင်းပြတယ် "ဟု ဦးသန်းနိုင်ဦးကဆိုသည်။

 မိုးပျံရထားကို အသံဆူညံမှုနည်းပါးသည့် ဒီဇိုင်းမျိုးလုပ်ပေးနိုင်ပြီး တစ်နာရီလျှင် ကီလိုမီတာ ၈၀ နှုန်းခန့် မောင်းနှင်ပေးနိုင်မည်ဖြစ်ကာ လုံခြုံမှုနှင့် ခရီးစဉ်မြန်ဆန်မှုရှိစေရန် စီစဉ်ထားသည်ဟု ကုမ္ပဏီဘက်က ပြောဆိုချက်များအရ သိရသည်။

 “လက်မှတ်ခက ကျပ်ငါးရာလောက် ဖြစ်မယ်။ တစ်ရက်ကို ခရီးသည် လေးသိန်းလောက် ပြေးဆွဲ ပေးနိုင်မယ်တဲ့။ အစိုးရဘက်က လုပ်ပိုင်ခွင့်ပေးပေါ့။ သူတို့ ဘက်က ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆိုပြီး ပြောတယ်” ဟု ဦးသန်းနိုင်ဦးက ဆက်ပြောသည်။

ပြီးခဲ့သည့်နှစ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း မိုးပျံရထားလမ်း တည်ဆောက်ရန် တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခု ကလည်း တိုင်းလွှတ်တော်သို့ လာရောက်ရှင်းပြခဲ့ဖူးသည်။

 ယင်းကုမ္ပဏီမှ ထိုသို့လာရောက်ရှင်းပြရာတွင် မိုးပျံရထားလမ်း တည်ဆောက်မှုအတွက် တစ်ကီလိုမီတာတွင် အမေရိကန် ဒေါ်လာသန်း ၂၀ ကျသင့်မည်ဖြစ်သော်လည်း ယခုလာရောက်ရှင်းပြသည့် ကုမ္ပဏီသည် တစ်ကီလိုမီတာတွင် အမေရိကန်ဒေါ်လာ သန်း ၄၀ ကျသင့်မည်ဖြစ်သည်။

 ရထားလမ်းတည်ဆောက်ရာတွင် လျော်ကြေးငွေ ပေးဆောင်ရမည့် မြေယာလျော်ကြေးကိစ္စများနှင့် ဘူတာရုံ အသစ် တည်ဆောက်ရမည့် ကိစ္စများကြောင့် ကုန်ကျစရိတ် ပိုမိုများပြားရခြင်းဖြစ်သည်ဟု ကုမ္ပဏီဘက်က ပြောဆိုခဲ့သည်ဟု ဦးသန်းနိုင်ဦးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required