လေထုညစ်ညမ်းမှု လွှမ်းခြုံပိတ်ဖုံးခံနေရတဲ့ ဘန်ကောက်မြို့တော်မှာ လူလုပ်မိုး ရွာအောင် လုပ်ဆောင်မည်

လေထုညစ်ညမ်းမှု လွှမ်းခြုံပိတ်ဖုံးခံနေရတဲ့ ဘန်ကောက်မြို့တော်မှာ လူလုပ်မိုး ရွာအောင် လုပ်ဆောင်မည်

ဘန်ကောက်၊ ဇန်နဝါရီ ၁၄ ။        ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်ဟာ လေထုညစ်ညမ်းမှု လွှမ်းခြုံပိတ်ဖုံးခံနေရတာကြောင့် ဒီအရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ မိုးရွာလာအောင် လုပ်ဆောင်ဖို့ စီစဉ်လို့ နေပါတယ်။

 မိုးတိမ်တိုက်တွေ ဖြစ်ပေါ်စေအောင် မိုးရွာစေမယ့် လေယာဉ်တွေကို ဖြန့်ကြက်ပြီး လူလုပ်မိုး ရွာသွန်းအောင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

 ဒီ ဖန်တီးယူသော မိုးလေဝသနည်းပညာမှာ တိမ်တွေ ငွေ့ရည်ဖွဲ့ခြင်း ဖြစ်ပေါ်အောင် လေထုထဲကို ဓာတုဗေဒဓာတ်တွေ ဖြန့်ကြဲပြန့်နှံ့စေမှာ ဖြစ်ပါတယ်။ သီအိုရီသဘောအရ တိမ်တွေ ငွေ့ရည်ဖွဲ့ပြီးရင် မိုးရွာချတာပဲ ဖြစ်ပါတယ်။

 “တော်ဝင် ဖန်တီးမိုးနှင့် စိုက်ပျိုးရေးဆိုင်ရာ လေကြောင်းအတတ်ပညာ ဌာနက မနက်ဖြန် အင်္ဂါနေ့မှာ လူလုပ်မိုး ရွာချစေဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် လေတိုက်ခတ်မှုနဲ့ စိုထိုင်းဆအဆင့်တွေကို တည်မှီပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။”လို့ ထိုင်း လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ ပရာလောင်ဒမ်ရွန်ထိုင်းက သတင်းထောက်တွေကို ပြောပါတယ်။

 တနင်္လာနေ့ မနက်ပိုင်းမှာဆိုရင် ထိုင်းပြည်သူတွေဟာ လေထုညစ်ညမ်းမှုကြောင့် ဝန်းကျင်တစ်ခွင် မှုန်ဝါးမှုကို နောက်ထပ်ရက်တစ်ရက်အဖြစ် ကြုံတွေ့ကြရတာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အုပ်စုဖြစ်တဲ့ Greenpeace အဖွဲ့က ဘန်ကောက်မြို့ကို တရုတ်က မြို့အချို့နဲ့ နှိုင်းယှဉ်ပြီး ကမ္ဘာမှာ လေထုညစ်ညမ်းမှု အဆိုးဝါးဆုံး အဆင့် တစ်ဆယ်ရှိနေတဲ့ မြို့တော်ဖြစ်ကြောင်း ပြောကြပါတယ်။

 လေထုညစ်ညမ်းမှုကြောင့် မီးခိုးမြူ လွှမ်းခြုံခံရတဲ့ ဘန်ကောက်မြို့တော် မီးခိုးမြူတွေ ကင်းစင်ရေးအတွက် ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ မြူနီစပယ်ဝန်ထမ်းတွေဟာ လမ်းတွေ တစ်လျှောက် ရေလိုက်လံ ပက်ဖြန်းသလို လေထဲပါ ရေပက်ဖျက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

 အာဏာပိုင်တွေကလည်း ပြည်သူတွေကို အိမ်ထဲမှာပဲ နေကြဖို့ ပြောဆိုတိုက်တွန်းခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required