မြစ်ဆုံကိစ္စ တရုတ်သံရုံးထုတ်ပြန်ချက်နှင့် ကချင်နိုင်ငံရေးပါတီခေါင်းဆောင်ပြောဆိုမှု ကွဲလွဲနေ

မြစ်ဆုံကိစ္စ တရုတ်သံရုံးထုတ်ပြန်ချက်နှင့် ကချင်နိုင်ငံရေးပါတီခေါင်းဆောင်ပြောဆိုမှု ကွဲလွဲနေ

ရန်ကုန် ၊ ဇန်နဝါရီ ၁၄ ။            ။ မြစ်ဆုံစီမံကိန်းကိစ္စနှင့်ပတ်သက်ပြီး တရုတ်သံရုံး မှ ထုတ်ပြန်ချက်နှင့် ကချင်နိုင်ငံရေးပါတီများဘက်မှ ပြောဆိုမှုများအကြား ကွဲလွဲမှုများရှိနေခဲ့သည်။

တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ကချင်ပြည်နယ် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်ခြင်းမရှိဘဲ ပြင်ပရောက်အဖွဲ့အစည်းများကသာ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ခြင်းဖြစ်သည်ဟု ကချင်နိုင်ငံရေးပါတီခေါင်းဆောင်များက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကို ပြောဆိုခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 
“ထုတ်ပြန်ချက်ထဲမှာပါတဲ့အတိုင်း ကျွန်တော်တို့မပြောဖြစ်ပါဘူး။ တရုတ်သံရုံးကရေးထားတာက ပါတီတွေ အားလုံးရဲ့ သဘောထားလိုလို ရေးထားတဲ့အခါကျတော့ ဒွိဟဖြစ်တာပေါ့။ အငြင်းပွားစရာဖြစ်တာပေါ့။ ကျွန်တော်တို့ကတော့ ဒီဥစ္စာကို မပြောဘူး”  ဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာ က ဆိုသည်။

ကချင်နိုင်ငံရေးပါတီခေါင်းဆောင်များဘက်ကမူ ယင်းသို့ပြောဆိုခဲ့ခြင်းမရှိကြောင်း တရုတ်သံရုံးမှ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပြန်လည်ငြင်းချက်ထုတ်ခဲ့သည်။

“ကျွန်တော်တို့ကတော့ မြစ်ဆုံရေကာတာဆက်လုပ်ရေးကိုတော့ ပြည်သူလူထု မထောက်ခံ သရွေ့ကျွန်တော် တို့လည်း မထောက်ခံဘူး။ ဒီဟာကျွန်တော်တို့သဘောထားဖြစ်တယ်။ ပြည်သူလူထုသဘောထားနဲ့ တသားတည်းရှိနေတယ်” ဟု ၄င်းကဆိုသည်။

တရုတ်သံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာ မနာမ်တူးဂျာ၊ ကချင် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ကွမ်ဂေါင်အောင်ခမ်း၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင် ပြည်နယ်) ဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ လီဆူး အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဦးရွှေမင်း၊ကချင်နှစ်ခြင်းအဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်၊ မြန်မာနိုင်ငံမြောက်ဖျား ရှမ်းမျိုးနွယ်စုရေးရာ ဥက္ကဋ္ဌ ဦးစိုင်းစန်းဝေ တို့ ပါဝင်သည်ဟု တရုတ်သံရုံးကဖော်ပြထားသည်။

 

မိမိ၏ ပြောဆိုမှုသည် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ တစ်ခုတည်း ကိုယ်စားပြုပြောဆိုမှုမဟုတ်ဘဲ ကချင် တိုင်းရင်းသားပါတီ သုံးခု ပူးပေါင်းထားပြီး ရွေးကောက်ပွဲကော်မရှင်သို့ ပါတီတည်ထောင်ခွင့်လျှောက်ထားသည့် ကချင်ပြည်နယ်ပြည်သူ့ပါတီအဖြစ် ကိုယ်စားပြုပြောဆိုခြင်းဖြစ်ကြောင်း ဒေါက်တာမနမ်တူးဂျာက ဆိုသည်။

 

ကချင်ဒီမိုကရက်တစ်ပါတီ ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ၊ စည်းလုံးညီညွတ်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီ (ကချင်ပြည်နယ်) တို့ ပူးပေါင်းပြီး ကချင်ပြည်သူ့ပါတီအဖြစ် ထူထောင်ထားခြင်းဖြစ်ပြီး ယင်းပါတီ ထိပ်ပိုင်းခေါင်းဆောင်များသည်လည်း တရုတ်သံအမတ်ဖြင့် တွေ့ဆုံရာတွင်လည်း ပါဝင်ခဲ့သည်။

 မြစ်ဆုံရေကာတာ တည်ဆောက်ရေးကို တပ်မတော်အစိုးရလက်ထက်တွင် တရုတ်နိုင်ငံနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထုက ကန့် ကွက်ခြင်းကြောင့် သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ယင်း စီမံကိန်းကို ရပ်ဆိုင်းခဲ့သည်။

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်လာပြီးနောက် လက်ရှိအချိန်ထိ မြစ်ဆုံစီမံကိန်း နှင့်ပတ်သက်ပြီး မည်သို့ ဆက်လက်လုပ်ဆောင်မည်ကို အတိအကျပြောဆိုခြင်းမရှိသေးပေ။

သို့သော်လည်း NLD အစိုးရလက်ထက်တွင် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင် ကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပြီး လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ဦးတီခွန်မြတ်အား ကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly