ကာ့ဒ်တွေကို တိုက်ခိုက်ရင် စီးပွားရေး ပျက်စီးမှုကြီး ကြုံရမယ်လို့ တူရကီကို ထရမ့် သတိပေး

ကာ့ဒ်တွေကို တိုက်ခိုက်ရင် စီးပွားရေး ပျက်စီးမှုကြီး ကြုံရမယ်လို့ တူရကီကို ထရမ့် သတိပေး
Photo: AFP

၀ါရှင််တန်၊ ဇန်နဝါရီ ၁၄ ။   ။ ဆီးရီးယားကနေ အမေရိကန်တပ်တွေ တပ်နုတ်လိုက်အပြီးမှာ ကာ့ဒ်တပ်ဖွဲ့တွေကို တူရကီက တိုက်ခိုက်လာမယ်ဆို ကြီးမားတဲ့ စီးပွားရေး ပျက်စီးမှုကြီး ဖြစ်လာမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ သတိပေး ပြောဆိုပါတယ်။

ထရမ့်ဟာ တူရကီကို သတိပေးရင်းနဲ့ ကာ့ဒ်တပ်ဖွဲ့တွေကိုလည်း တူရကီကို ရန်မစဖို့ တိုက်တွန်းပြောဆိုပါတယ်။

ဆီးရီးယားက အမေရိကန်တပ်တွေကို ရုပ်သိမ်းမယ်လို့ ဒီဇင်ဘာလအတွင်း အံ့အားသင့်စရာ ကြေညာပြီးနောက်မှာ ထရမ့်ဟာ ၎င်းရဲ့ အစိုးရက သတင်းထုတ်ပြန်ရေး နှေးကွေးတာကြောင့် သူ့ရဲ့ သဘောထားတွေကို တွစ်တာကနေ ထုတ်ပြန်ပြောဆိုလေ့ ရှိနေပါတယ်။

ဆီးရီးယားမှာ အိုင်အက်စ်တွေကို တိုက်ထုတ်ရေးမှာ ၀ါရှင်တန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ကာ့ဒ်တပ်ဖွဲ့တွေရဲ့ ရှေ့ရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တူရကီကြားမှာ တင်းမာမှုတွေ မြင့်တက်လျက်ရှိပါတယ်။

ကာ့ဒ်တွေအတွက် အာမခံချက်ရရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုဟာလည်း အရှေ့အလယ်ပိုင်း ခရီးစဉ်ထွက်ပြီး ကြိုးစားနေပါတယ်။

အမေရိကန် တပ်နုတ်သွားပြီဆို တူရကီရဲ့ တိုက်ခိုက်ခံရတော့မယ်လို့ စိုးရိမ်နေရတဲ့ ကာ့ဒ်တွေအတွက် ပွန်ပီယိုဟာ အာမခံချက် ပေးနိုင်ရေး ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

တူရကီအစိုးရက အကြမ်းဖက်တွေလို့ ရှုမြင်ထားတဲ့ အမေရိကန်က ကျောထောက်နောက်ခံပေးတဲ့ ကာ့ဒ်တွေရဲ့ ဘေးကင်းရေးပေါ် မူတည်ပြီး အမေရိကန် တပ်တွေ ရုပ်သိမ်းမှုကို အခြေအနေအလိုက် လုပ်ဆောင်မယ်ဆိုတဲ့ ထရမ့််ရဲ့ အစီအစဉ်ကို တူရကီက ဒေါသတကြီး တုံ့ပြန်ထားတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required