ဆန်ခါတင်ရုပ်ရှင်ကားများကို အကယ်ဒမီပေးပွဲ မတိုင်ခင် တစ်ပတ်အလိုတွင် ကြေညာမည်

ဆန်ခါတင်ရုပ်ရှင်ကားများကို အကယ်ဒမီပေးပွဲ မတိုင်ခင် တစ်ပတ်အလိုတွင် ကြေညာမည်

ဇန်နဝါရီ ၁၃၊ ရန်ကုန် ။                ။ လာမည့် မတ်လ၂၃ ရက်နေ့၊ ရန်ကုန်မြို့ရှိ ရွှေထွဋ်တင်ကွင်းတွင် ကျင်းပမယ့် အကယ်ဒမီဆုပေးပွဲအတွက် နောက်ဆုံး ဆန်ခါတင်ရွေးချယ်ခံထားရသည့် ဇာတ်ကားများ စာရင်းကို အကယ်ဒမီပေးပွဲ မစမီ တစ်ပတ်အလို ကြေညာပေးသွားမည် ဟု သိရသည်။

အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆုအပါအဝင် ရုပ်ရှင် အတတ်ပညာရှင်ဆုများ ပါဝင်သည့် ၁၁ ဆု ချီးမြှင့်သွားမည် ဖြစ်ပြီး ယမန်နှစ်က စတင်ချီးမြှင့်ခဲ့သော တစ်သက်တာဆုကိုလည်း ကိုက်ညီ သည့် ပညာရှင်ရှိပါက ဆုချီးမြှင့်မည် ဖြစ်ပြီး အထူးဆုတစ်ဆုကိုလည်း စံချိန်မီပါက ဆုချီးမြှင့်သွားမည်ဟု သိရသည်။

“ဒီ Nomination ကို ကြေညာတဲ့နေရာမှာတော့ ဆုတစ်ဆုချင်းအလိုက်၊ ပုဂ္ဂိုလ်အလိုက် ကြေညာမှာ မဟုတ်ပါ ဘူး။ ဇာတ်ကားများရဲ့ Nomination ကိုပဲ ကြေညာမှာ ဖြစ်ပါတယ်။ ဒီ Nomination ကို ကြေညာဖို့ အရင်တုန်း ကလည်း အစီအစဉ်ရှိပါတယ်။ သို့သော် စည်းမျဉ်းအရ တိတိကျကျကန့်သတ်ထားတာ မရှိတဲ့ အတွက် ကြေညာနိုင်ခဲ့ခြင်း မရှိသေးပါဘူး။ စိုးရိမ်မှုတွေလည်း ရှိပါတယ်။ ဇာတ်ကားတွေကတော့ ၅၀ တင်တယ်။ ၁၀ ကားပဲ Nomination ဆိုရင် ကျန်တဲ့ ကား ၄၀ မှာပါတဲ့လူတွေတွေမလာရင် တို့ ပွဲကြီး မစည်တော့ဘူးလားဆိုတဲ့ အတွေးမျိုးတွေလည်း ရှိပါတယ်။ သို့သော် နိုင်ငံတကာစံချိန်၊ စံညွှန်းနဲ့ သွားမယ် ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ ကျွန်တော်တို့ ကြေညာပေးဖို့ လိုအပ်ပါတယ်” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။

ဇန်နဝါရီ ၁၁ ရက်နေ့က ရန်ကုန်မြို့၊ ဝင်္ကဘာလမ်း ရုပ်ရှင်အစည်းအရုံးတွင် ပြုလုပ်ခဲ့သော “ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား” စာနယ်ဇင်းရှင်းလင်းပွဲမှာ ဦးဇင်ဝိုင်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဇာတ်ကားအကဲဖြတ်အဖွဲ့ဝင်များက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ဒုတိယပတ်မှ စတင်ကာ တစ်နေ့ ၂ ကားနှုန်းဖြင့်  လက်ရှိတွင် ၄၂ ကားအထိ ကြည့်ရှုပြီးစီးပြီဖြစ်သည်။

မုန်းစွဲ၊ ငဒူ၊ ရွှေကြာ၊ ဥပါယ်တံမျဉ် စတဲ့ရုပ်ရှင်ကားဇာတ်ကားများကို လက်ရှိတွင် ပရိသတ်များက ထင်ကြေး ပေးနေပြီး မုန်းစွဲဇာတ်ကားမှ ကြာဥနေရာ သရုပ်ဆောင်သော အေးဝတ်ရည်သောင်း၊ ဥပါယ်တံမျဉ် ဇာတ်ကား ဖြင့် ဒါရိုက်တာဆုအတွက် ခရစ္စတီးနားခီကို ပရိသတ်များက ထင်ကြေးပေးနေကြသည်။

သို့ရာတွင်၂၀၁၈ ခုနှစ်က ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ကား ၈၃ ကားရှိသော်လည်း  ဇာတ်ကားအများစုနှင့် ပတ်သက်ပြီး ထင်ကြေးပေးနိုင်မှု နည်းပါးနေသေးကြောင်း တွေ့ရသည်။

“ကျွန်တော်တို့ ဒီနှစ်ဆိုရင် မီဒီယာဆရာကြီးများ အကဲခတ်မိကောင်း ခတ်မိပါလိမ့်မယ်။ ကား ၄၂ ကား ကြည့်ပြီး တဲ့အထိ ဘာအသံမှ သိပ်မထွက်ပါဘူး။ ကျွန်တော်တို့ ဒီအဖွဲ့ထဲမှာလည်း ပြောရေးဆိုခွင့်ရှိသူဆိုတာ သီးခြား ခန့်ထားတာ ရှိပါတယ်။ ကျွန်တော်တို့ ဒီထဲမှာ ဆရာဦးကြည်စိုးထွန်း၊ ဆရာဦးစိုးမိုး၊ ဦးအေးချိုမြင့်၊ ဦးဇော်မြင့်ဦး စသည်ဖြင့်ပေါ့နော်။ ဒီပုဂ္ဂိုလ်များက ပြောရေးဆိုခွင့်ရှိသူအနေနဲ့ မီဒီယာများကို ဖြေကြားပေးပါတယ် ” ဟု ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။

၂၀၁၃ ခုနှစ်အတွက် ရုပ်ရှင်ကားများကို ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ စတင် ပေးအပ် ချီးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ချီးမြှင်သည့့် ၆ နှစ်တာကာလအတွင်း ၅ကြိမ်မြောက် ချီးမြှင့်မည့် အကယ်ဒမီပေးပွဲလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly