နိုင်ငံပိုင်စက်ရုံတွေ ပုဂ္ဂလိကလက်ထဲ ဈေးချိုချိုနဲ့လွဲခဲ့တာ မှန်ကန်ရဲ့လား

By ထွန်းခိုင်(Myanmar Now )
13 January 2019
နိုင်ငံပိုင်စက်ရုံတွေ ပုဂ္ဂလိကလက်ထဲ ဈေးချိုချိုနဲ့လွဲခဲ့တာ မှန်ကန်ရဲ့လား
အုတ်ကျင်းဂုန်နီစက်ရုံအလုပ်သမားများကို ဇန်နဝါရီ ၁၁ က စက်ရုံရှေ့တွင် တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းခိုင်/Myanmar Now)

စက်ရုံကိုပိတ်သိမ်းလိုက်ပြီဟု ရန်ကုန် အနောက်ဘက်ရှိ ကျော်ထက်ကျော် ကုမ္ပဏီပိုင် အုတ်ကျင်းဂုန်နီစက်ရုံက ၂ဝ၁၉ ဇန်နဝါရီ ၁ဝ တွင် မီဒီယာများကို တရားဝင် အသိပေးပြီးနောက် တစ်ချိန်က တိုင်းပြည်တွင် အရေးပါခဲ့သည့် ဂုန်နီစက်ရုံများ၏ အခန်းကဏ္ဍသည် အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။

ထို့အတူ ယခင်အစိုးရ လက်ထက်တွင် နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်မည်ဟု ကြွေးကြော်ပြီး နိုင်ငံပိုင် ဂုန်နီစက်ရုံများကို ပုဂ္ဂလိကလုပ်ငန်းရှင်များလက် လွဲပြောင်းပေးခဲ့သည့် ရည်ရွယ်ချက်များလည်း ဆိတ်သုဉ်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ကျော်ထက်ကျော် ကုမ္ပဏီပိုင် အုတ်ကျင်းဂုန်နီစက်ရုံမတိုင်မီ အစိုးရက ပုဂ္ဂလိကလုပ်ငန်းရှင်များလက် လွဲပြောင်းပေးခဲ့သည့် Capital Development ကုမ္ပဏီ ၏ ရန်ကုန် ဒေါပုံ ဂုန်နီကော်ဇောစက်ရုံ၊ မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိတက်(MAPCO)၏ မြောင်းမြဂုန်နီစက်ရုံတို့လည်း အစောပိုင်းကတည်းက လည်ပတ်မှု ရပ်တန့်ခဲ့သည်။

ဦးသိန်းစိန် အစိုးရသည် နှစ်စဉ်အရှုံးပေါ်နေသည့် ဂုန်နီစက်ရုံများ ပုဂ္ဂလိက လက်ထဲရောက်ပါက မြန်မာ့ထုတ်ကုန်များ ပြည်ပဈေးကွက် ထိုးဖောက်နိုင်မည်၊ လျှော်စိုက်တောင်သူများနှင့် စက်ရုံကို လက်ခံရယူခဲ့သည့် ကုမ္ပဏီလက်အောက်ရောက် အစိုးရဝန်ထမ်းများ၏ ဘဝ ပိုမို ကောင်းမွန်လာနိုင်မည်၊ နိုင်ငံ၏ စက်မှုကဏ္ဍကို မြှင့်တင်နိုင်မည်ဟု စသဖြင့် ရည်ရွယ်ကြောင်း တိုင်းပြည်ကို အကြောင်းပြခဲ့သည်။

ယင်းနောက် စိုက်ပျိုးရေးဝန်ကြီးဌာနပိုင် ဂုန်နီနှင့် ဂုန်လျှော်စက်ရုံ တစ်ဒါဇင်နီးပါးကို လွန်စွာသက်သာသည့် ဈေးနှုန်းများဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များလက်ထဲ လွဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ရန်ကုန် သီရီမင်္ဂလာ ကုန်စိမ်းဈေး၏ဘေး၊ လှိုင်မြစ်နှင့် ကပ်လျက်ရှိသည့်နေရာမှ အုတ်ကျင်း ဂုန်နီနှင့် လျှော်ရွေးလျှော်ထုတ်စက်ရုံကို ကျော်ထက်ကျော် ကုမ္ပဏီက ၂ဝ၁၂ ဖေဖော်ဝါရီတွင် ကာလရှည် လုပ်ပိုင်ခွင့်ရခဲ့သည်။

Myanmar Now က ဖတ်ခွင့်ရခဲ့သည့် အဆိုပါဝန်ကြီးဌာနအရာရှိများနှင့် ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဦးမိုးကျော်သောင်းတို့ ၂ဝ၁၂ ဖေဖော်ဝါရီတွင် လက်မှတ်ရေးထိုးထားသည့် စာချုပ်တွင် မြေဧရိယာ ၉၂ ဧကကျော်ကို တစ်ဧကလျှင် တစ်လငှားရမ်းခ ကျပ် ၃၂ဝ,ဝဝဝ ခန့်ဖြင့် ငှားရန် သဘောတူကြောင်း ဖော်ပြထားသည်။

အဆိုပါ နှစ် (၃ဝ) စာချုပ်ကို  (၁၅) နှစ် ၂ကြိမ် သက်တမ်း တိုးခွင့်လည်း ပေးခဲ့သည်။

နှစ်ကုန်ပိုင်းတွင် ထပ်မံချုပ်ဆိုသော စာချုပ်အရ မြေဧရိယာမှာ ၁၂ဝ ဧကအထိ ရှိလာသည်။  ၂ဝ၁၅ ဇွန်လအတွင်း ထပ်မံချုပ်ဆိုသည့်အခါ မြေဧရိယာမှာ ၁၂၅ ဧက ကျော်အထိ ရှိလာသည်။ စာချုပ် ထပ်မံချုပ်ဆိုတိုင်း ငှားရမ်းမြေဧက တိုးပွားလာသော်လည်း ငှားရမ်းခမှာ မပြောင်းလဲပေ။

ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဦးမိုးကျော်သောင်းသည် အဆိုပါစက်ရုံနှင့် ကာလရှည်ကြာ ဆက်နွယ်မှုရှိခဲ့ကြောင်း   ဇန်နဝါရီ ၁ဝ ရက်နေ့က ပြုလုပ်သည့် ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲတွင် စက်ရုံ၏ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။

၂ဝ၁ဝ တွင် အုတ်ကျင်းဂုန်နီစက်ရုံကို အကြီးစား ပြုပြင်ပြောင်းလဲရေး လုပ်ရန်အတွက် ဦးမိုးကျော်သောင်းက စစ်အစိုးရထံမှ တင်ဒါအောင်ခဲ့ပြီးနောက် အမည်ထုတ်ဖော်မပြောသည့် တရုတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုထံမှ ကန်ဒေါ်လာ ၁၁ သန်းဖိုး စက်ပစ္စည်းများ မှာယူခဲ့သည်ဟု စက်ရုံ၏ပြောရေးဆိုခွင့်ရှိသူများက ဆိုသည်။

သို့သော် အစိုးရပြောင်းလဲခဲ့ပြီးနောက် မူဝါဒအပြောင်းအလဲကြောင့် ယင်းလုပ်ငန်း အကောင်အထည် မဖော်ဖြစ်ခဲ့ဘဲ စာချုပ် ပျက်ပျယ်သွားခဲ့သည်ဟုဆိုသည်။ တရုတ်လုပ်ငန်းရှင်က မြန်မာအစိုးရကို စာချုပ် ဖောက်ဖျက်ကြောင်း စွပ်စွဲပြီး တရားဥပဒေကြောင်းအရ ရင်ဆိုင်ရန် ပြင်ဆင်ခဲ့ချိန်တွင် ကုမ္ပဏီက ကြားဝင်ဖြေရှင်းပေးခဲ့သည်ဟု စက်ရုံဘက်က ဆိုသည်။

ကန်ဒေါ်လာ ၁၁ သန်း အနက် ပမာဏ မည်မျှ စိုက်လျော်ခဲ့ရသည် ဆိုသည့် မေးခွန်းကိုမူ “ကုမ္ပဏီ၏ အတွင်းရေးကိစ္စ” ဆိုသည့် အကြောင်းပြချက်ဖြင့် ဖြေကြားရန် ငြင်းဆိုခဲ့သည်။

ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းကမူ တရုတ်ကုမ္ပဏီနှင့် အစိုးရကြား အငြင်းအခုန် ဖြစ်ခဲ့သော်လည်း တရားစွဲဆိုရန် ကြိုးစားခဲ့သည့် အဆင့်အထိ မရောက်ခဲ့ဟုဆိုသည်။

စက်ရုံများ ရပ်ရသည့်အကြောင်းရင်း

လုံလောက်သည့် ကုန်ကြမ်းမရခဲ့ခြင်းက စက်ရုံများ ရပ်တန့်ခဲ့ရသည့် အကြောင်းအရင်းများအနက် တစ်ခုဟု ထိုစက်ရုံများဘက်က အကြောင်းပြသည်။

သို့သော် စက်ရုံတချို့သည် အစိုးရစီမံခန့်ခွဲစဉ်ကကဲ့သို့ ကုန်ကြမ်း ရရန် လုံလောက်သည့် ဆောင်ရွက်ချက် မရှိခဲ့ဟူသော စွပ်စွဲမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

Capital Development ကုမ္ပဏီ လက်ထဲရောက် ဂုန်နီကော်ဇောစက်ရုံသည် ကုန်ကြမ်း အခက်အခဲကြောင့် ရပ်ခဲ့ရသည်ဟု အကြောင်းပြခဲ့သော်လည်း ကုန်ကြမ်းဝယ်ယူရန် အလုပ်ရှင်ဘက်က ကြိုးစား အားထုတ်မှု နည်းပါးခဲ့သည်ဟူသော   ဝန်ကြီးဌာန၏ ပြည်သူ့လွှတ်တော်သို့ ဖြေကြားချက်ကို ကိုးကားပြီး ခုံသမာဓိကောင်စီက ၎င်းတို့၏ ၂ဝ၁၆ နှောင်းပိုင်း ဒေါပုံကော်ဇော်စက်ရုံအရေး သုံးသပ်ချက်တစ်ခုတွင် ထောက်ပြခဲ့သည်။

တိုင်းပြည်ဘဏ္ဍာငွေ ဘီလီယံနှင့်ချီ  ရင်းနှီးထားသည့် နိုင်ငံပိုင်စက်ပစ္စည်းများ ပုဂ္ဂလိကလုပ်ငန်းရှင်တို့ လက်ထဲတွင် ထိန်းသိမ်းမှုအားနည်းခဲ့ကြောင်း စွပ်စွဲမှုများလည်း ရှိနေခဲ့သည်။

Myanmar Now က လက်ခံရရှိခဲ့သည့် ၂ဝ၁၈ မိုးရာသီအတွင်း ရိုက်ကူးထားသည့် အုတ်ကျင်းဂုန်နီစက်ရုံ ဓာတ်ပုံ မှတ်တမ်းများထဲတွင် နိုင်ငံပိုင်စက်ပစ္စည်းများသည် မိုးရေထဲ ရောက်နေသည်။

ဇန်နဝါရီ ၁ဝ သတင်းစာရှင်းလင်းပွဲတွင် ကျော်ထက်ကျော် ကုမ္ပဏီ၏ စက်ရုံဘက်မှ ပြောရေးဆိုခွင့် ရှိသူများက အဆိုပါအဖြစ်အပျက်များ မှန်ကန်ကြောင်း ဝန်ခံခဲ့ပြီး အစိုးရထံမှ ငှားရမ်းထားသည့် စက်ပစ္စည်းများ ပြန်လည် အပ်နှံချိန်တွင် စာချုပ်ပါ ကတိကဝတ်များအတိုင်း ဖြစ်စေရန် ကြိုးစားမည်ဟု ပြောခဲ့ကြသည်။

Capital Development ကုမ္ပဏီ က လုပ်ခွင့်ရထားသည့် ရန်ကုန်အရှေ့တောင်ဘက်ရှိ ဒေါပုံ ဂုန်နီကော်ဇော စက်ရုံတွင်လည်း နိုင်ငံပိုင်စက်ပစ္စည်းများကို မိုးထဲလေထဲ ပစ်ထားသည့် ဓာတ်ပုံအထောက်အထားများ ရရှိခဲ့သည်ဟု ခုံသမာဓိကောင်စီက ၂ဝ၁၆ နှောင်းပိုင်းတွင် ထုတ်ဖော်ခဲ့သည်။

ထိုစက်ရုံ၏ ပြောရေးဆိုခွင့်ရှိသူ  ဦးထွဋ်မြတ်ရှိန်ကမူ ထိုအချက်ကို လက်မခံပေ။

“(ခုံသမာဓိကောင်စီ) သုံးသပ်တာတွေ မှားပြီး ဆုံးဖြတ်ချက်မှားလို့တောင် ကျွန်တော်တို့  ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို တက်ခဲ့တာ” ဟု သူက Myanmar Now ကို ၂ဝ၁၈ စက်တင်ဘာလအတွင်းက ပြောသည်။

ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက   လုပ်ငန်းရှင်တို့သည် အစိုးရနှင့် ချုပ်ဆိုထားသည့် စာချုပ်များကို လိုက်နာရန် လိုအပ်ကြောင်း၊  အငှားချထားသည့် နိုင်ငံပိုင် စက်ပစ္စည်းများအား ထိန်းသိမ်းစောင့်ရှောက်ရန်လည်း တာဝန် အပြည့်အဝ ရှိကြောင်း တုန့်ပြန်သည်။

ကုန်ကြမ်းဝယ်၍ မရခြင်း၊ ဂုန်လျှော်လုပ်ငန်း ခေတ်မစားတော့ခြင်း စသည့် ဖြေရှင်းချက်များမှာ စက်ရုံ ပိတ်သိမ်းလိုသဖြင့် လုပ်ငန်းရှင်များဘက်က ပေးသည့် အကြောင်းပြချက်များသာဖြစ်ကြောင်း အုတ်ကျင်းဂုန်နီစက်ရုံ အလုပ်သမားသမဂ္ဂ အတွင်းရေးမှုး ဦးစိုးလွင်က ဆိုသည်။

“လျှော်လုပ်ငန်းက ခေတ်မရှိတော့ဘူး ဆိုတာ (လုပ်ငန်းရှင်တွေ) အစကတည်းက သိတယ်။ အဓိကကတော့ ခရိုနီတွေက အစိုးရ ဝန်ကြီးဌာနတွေနဲ့ ပေါင်းပြီး မြေနေရာလက်ဦးမှု ယူထားတာ။ ဒီလိုနေရာမျိုး၊ ဒီလို အကွက်အကွင်းမျိုး၊ ဒီလို အကျယ်အဝန်းမျိုး ရန်ကုန်တိုင်းအတွင်းမှာ ဘယ်နေရာမှာမှ မရှိဘူး” ဟု ၎င်းက ဆိုသည်။

တင်းမာလာသည့်တိုက်ပွဲများ

စက်ရုံမလည်ပတ်နိုင်သော်လည်း ကနဦးတွင် ဝန်ထမ်းလစာပေးရန် ကျပ်သိန်းရာနှင့်ချီ အကုန်အကျခံခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် အလုပ်သမားတို့ကို လျော်ကြေးပေးပြီး အလုပ်ထုတ်ခဲ့ကြသည်။

ယင်းအတွက်ကြောင့် အုတ်ကျင်း၊ ဒေါပုံ၊  မြောင်းမြတို့ရှိ ဂုန်နီစက်ရုံများတွင် လုပ်ကိုင်နေသူ ၁,၅ဝဝ ခန့် အလုပ်အကိုင် ထိခိုက်ခဲ့ကြသည်။ ၎င်းတို့သည် အစိုးရဝန်ထမ်းဟောင်းအများစုဖြစ်ကြပြီး စက်ရုံများနှင့်အတူ ပုဂ္ဂလိုလုပ်ငန်းရှင်လက်ထဲ ရောက်လာကြခြင်းဖြစ်သည်။

 အုတ်ကျင်းဂုန်နီစက်ရုံအလုပ်သမားများကို ဇန်နဝါရီ ၁၁ က စက်ရုံရှေ့တွင် တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းခိုင်/Myanmar Now)

အစိုးရသည် စက်ရုံတို့ကို လုပ်ငန်းရှင်များထံ လွှဲပြောင်းပေးစဉ် စက်ရုံ ဝန်ထမ်းများကိုပါ  မယူမနေရပုံစံ ယူခိုင်းခဲ့သည်ဟု ၁၉၇၅ တွင် ပေါ်ပေါက်လာသည့် မြောင်းမြဂုန်နီစက်ရုံကို နှစ်ရှည် လုပ်ခွင့် ရထားသည့် မြန်မာနိုင်ငံ လယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း လီမိတက် (MAPCO) ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးရဲမင်းအောင်က ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက Myanmar Now ကို ပြောသည်။

စက်များ ဟောင်းနွမ်းမှု၊ လျှော်ကုန်ကြမ်း အခက်အခဲများကြောင့် စက်ရုံပိုင်ရှင်တို့သည်   ရာနှင့်ချီသော အလုပ်သမားများကို ထွက်ကုန်မရှိသော်လည်း လစာ ပေးချေနေရသည်ဟု  ၎င်းက ဆိုသည်။

မြောင်းမြနှင့် မအူပင်ရှိ ဂုန်လျှော်စက်ရုံများကို ၎င်းတို့လွဲယူခဲ့သည့် ၂ဝ၁၄ မှ ၂ဝ၁၈ အတွင်း  စက်ရုံ လည်ပတ်နိုင်ခြင်းမရှိသဖြင့်  ဝင်ငွေ လုံးဝ မရခဲ့ဘဲ ဝန်ထမ်းလစာတစ်ခုတည်းအတွက်ပင် သိန်းပေါင်း လေးသောင်းခန့် ကုန်ကျခဲ့သည်ဟု ဆိုသည်။

အလားတူ ရန်ကုန်အုတ်ကျင်း ဂုန်နီစက်ရုံသည်လည်း နှစ်စဉ် သိန်း ငါးထောင်မှ ခြောက်ထောင်ကြား အရှုံးပေါ်ခဲ့ရသည်ဟု ကြေညာထားသည်။

လုပ်ငန်းရှင်များက အရှုံးသက်သာစေရန် အစိုးရထံမှ လက်လွဲယူခဲ့သည့် စက်ရုံအလုပ်သမားများအား အလုပ်မှ ရပ်စဲသည့်နည်းလမ်းကို ရွေးချယ်ကြသည်။

နောက်ဆုံးပိတ်သိမ်းခဲ့သည့် အုတ်ကျင်းဂုန်နီစက်ရုံသည် အလုပ်သမား ၃ဝဝ ကျော်ကို ၂ဝ၁၉ ဇန်နဝါရီ ၉ မှ စတင်ပြီး အလုပ်မှ ရပ်နားလိုက်သည်။

စက်ရုံ၏ ဆုံးဖြတ်ချက်ကို မကျေနပ်ကြသည့် အလုပ်သမားများက စက်ရုံရှေ့ သပိတ်မှောက်နေခဲ့ကြပြီး  လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ခွင့်မရပါက ဆန္ဒပြပွဲကို အရှိန်မြှင့်မည်ဟုလည်း သတိပေးကြသည်။

အကျပ်အတည်းများမှလွတ်မြောက်ရေး

နှစ်စဉ်အရှုံးပေါ်နေသော လုပ်ငန်းရှင်တို့သည် အစိုးရနှင့် လက်မှတ်ထိုးထားသည့် စာချုပ်တွင် ပါဝင်သော ဂုန်လျှော်လုပ်ငန်း တိုးတက်ရေးအစား အခြားလုပ်ငန်းများကို ပြောင်းလဲရန် ပြင်ဆင်နေကြသည်။

ရန်ကုန် ဘုရင့်နောင်လမ်းမပေါ်ရှိ ၁၂၅ ဧကကျော် ကျယ်ဝန်းသည့် အုတ်ကျင်းဂုန်နီစက်ရုံကို သက်မွေးပညာ အတတ်သင်ကျောင်း၊  ၈ ဧက ခန့် ကျယ်သည့် ကုန်စည်ပြတိုက် တည်ဆောက်ရန် ကုမ္ပဏီဘက်က ရည်မှန်းထားကြောင်း ရန်ကုန်လွှတ်တော် လှိုင်မြို့နယ်အမတ် ဦးကျော်ကျော်ထွန်းက ဆိုသည်။

ယင်းစီမံကိန်းကို တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မီးစိမ်းပြမည့်သဘောလည်း ရှိကြောင်း သူက ၂ဝ၁၈ စက်တင်ဘာလအတွင်းက ပြောသည်။

မြောင်းမြဂုန်နီစက်ရုံကို လုပ်ကိုင်ခွင့်ရထားသည့် MAPCO သည်လည်း စက်ရုံမြေလွတ်ဧရိယာ ဧက ၂၆ဝ ကျော်တွင် စိုက်ပျိုးရေးနှင့် လယ်ယာကဏ္ဍအခြေခံစက်မှုဇုန် ဖော်ထုတ်မည်ဟု သူတို့၏ Facebook စာမျက်နှာမှတစ်ဆင့် ၂ဝ၁၈ ဧပြီလအတွင်းက ကြေညာခဲ့သည်။

သို့သော် အုတ်ကျင်းဂုန်နီစက်ရုံသည် မြေပိုင်ဆိုင်မှု အရှုပ်အထွေးများကြောင့် ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေခဲ့ရသည်။ ယင်းနေရာတွင် ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် အခြားဌာနများ  ပိုင်ဆိုင်ကြသည်ဟု အမည်ပေါက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်က ဆိုသည်။

မြေပိုင်ဆိုင်မှု ပြဿနာကို ဖြေရှင်းနိုင်လျှင် ၎င်းတို့တွေ့ကြုံနေရသည့် အခက်အခဲများ ပြေလည်သွားနိုင်ပြီး အလုပ်ရပ်နားထားသည့် ဝန်ထမ်းများထဲမှ အရည်အချင်းပြည့်မီသူများအား ဆက်လက်အလုပ်ပေးနိုင်မည်ဟု စက်ရုံဘက်ကလည်း ဆိုသည်။

သို့သော် ရာနှင့်ချီသည့် နိုင်ငံပိုင် စက်ရုံများကို ဈေးသက်သက်သာသာဖြင့် နှစ်ရှည်ငှားရမ်းကာ  မူလလုပ်ငန်းများ တိုးတက်စေရန် ဆောင်ရွက်ခြင်း မရှိဘဲ မြေနေရာဦးသည့် ပုံစံမျိုး ဖြစ်နေသည်ကို သဘောမကျသူများလည်း ရှိသည်။

၂ဝ၁၇ စက်တင်ဘာ ရန်ကုန်လွှတ်တော် အစည်းအဝေးတစ်ခုတွင် မင်္ဂလာတောင်ညွှန့်မြို့နယ်အမတ် ဦးလှဌေးက   စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသည့် နိုင်ငံပိုင်မြေ အငှားချထားမှုများ  ပြန်သိမ်းရေးနှင့် ပတ်သက်ပြီး အစိုးရကို မေးခွန်းထုတ်ခဲ့ဖူးသည်။ သို့သော်လည်း တိုင်းအစိုးရက တိကျသည့်အဖြေ မပေးခဲ့ပေ။

သူ့အဆိုကို မှတ်တမ်းအဖြစ်ထားရန် ဆန္ဒရှိခဲ့ကြောင်း၊ ပိုမိုအားကောင်းသည့် အချက်အလက်များ စုဆောင်းပြီး နောက်တစ်ကြိမ် မေးခွန်းထုတ်မည် ဖြစ်ကြောင်း ၂ဝ၁၈ စက်တင်ဘာလအတွင်းက ၎င်း၏ရုံးခန်းတွင် Myanmar Now နှင့် သီးသန့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“လုပ်ငန်းကို ပိတ်သိမ်းမယ်၊ မလည်ပတ်နိုင်ဘူး ဆိုရင် နိုင်ငံတော်ကို ပြန်အပ်လေ။ သူတို့လက်ထဲမှာ ထားလို့မရဘူး။ သူတို့ကို အလုပ်လုပ်ဖို့ပေးတာ။ ဒီဟာကြီးတွေကို လက်ထဲမှာသိမ်းထားဖို့ပေးတာ မဟုတ်ဘူး” ဟု သူက ထောက်ပြသည်။

အလုပ်ရှင်၊ အလုပ်သမားနှင့် လျှော်စိုက်တောင်သူတို့ဘဝ ပိုမိုကောင်းမွန်ပြီး နိုင်ငံအတွက်လည်း အကျိုးအမြတ် များနိုင်သည်ဟု အကြောင်းပြကာ မြန်မာ့ဂုန်နီစက်ရုံများကို ပုဂ္ဂလိကလက်ထဲ ထည့်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ဝက်ကျော် ရှိပြီဖြစ်သည်။

သို့သော် မူလရည်မှန်းချက်များ အားလုံးနီးပါး ပျောက်ကွယ်ခဲ့ရပြီး ပါဝင်ပတ်သက်သူများအားလုံး အကျပ်အတည်း တွေ့နေကြရသည်။

Mizzima Weekly