ထားဝယ်တိုင်းရင်းသားများပါတီ၏ မူဝါဒ သဘောထား

ထားဝယ်တိုင်းရင်းသားများပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၂၈ ။           ။ ထားဝယ်တိုင်းရင်းသားများပါတီဥက္ကဋ္ဌ ဦးအေးမင်းက ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၂၈ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

တိုင်းရင်းသားပြည်သူများအားလုံးခင်ဗျား -

မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနဲ့ ထားဝယ်တိုင်းရင်းသားများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့  ပြည့်စုံပါစေလို့ ဦးစွာနှုတ်ခွန်းဆက်လိုက်ပါတယ်။ ကျွန်တော်ကတော့ ထားဝယ်တိုင်းရင်းသားများ ပါတီရဲ့ ဥက္ကဋ္ဌ ဦးအေးမင်းဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီဟာ ထားဝယ်တိုင်းရင်းသားတို့ရဲ့တူညီသောတရား၊ တူညီသောအခွင့်အရေး၊ တူညီသောအဆင့်အတန်းတို့အတွက် လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဒီနေရာကနေပါတီကိုယ်စားရွေးကောက်ပွဲဆိုင်ရာ မူဝါဒ၊ သဘောထားနဲ့ လုပ်ငန်းစဉ်များကို တင်ပြသွားမှာဖြစ်ပါတယ်။

ဒီလို မူဝါဒ၊ သဘောထားတွေ ရှင်းလင်းမတင်ပြခင်မှာ ကျွန်တော်တို့ပါတီရဲ့သမိုင်းကြောင်းကို ဦးစွာရှင်းပြလိုပါတယ်။

လေးစားချစ်ခင်ရပါသော မြန်မာနိုင်ငံသား မိဘပြည်သူအပေါင်းတို့ခင်ဗျား -

ကျွန်တော်ကတော့ ထားဝယ်တိုင်းရင်းသားတွေဟာ ကိုလိုနီခေတ် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေးအတွက် စတင်လှုပ်ရှားစဉ်ကတည်းက ပါဝင်လာခဲ့ကြသူတွေပါ။ အဲဒီနောက် ခေတ်အဆက်ဆက် အာဏာရှင်ဘဝကနေလွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေးတို့မှာ အခြားတိုင်းရင်းသားတွေနဲ့ လက်တွဲတိုက်ပွဲဝင်လာခဲ့သူတွေ ဖြစ်ပါတယ်။

ဘယ်လောက်ထိလဲဆိုရင်ကိုယ့်လူမျိုးအရေးကိုတောင် နောက်ချန်ထားကာ တိုင်းပြည်တစ်ပြည်လုံးကောင်းစားရေး ဦးစားပေးခဲ့သူတွေ ဖြစ်ပါတယ်။ အခုထိလည်း ဒီမိုကရေစီရရှိရေးအတွက် ဒီလိုပဲ ဆက်လက်တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။

ဒီနေ့လိုအချိန် ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဒီမိုကရေစီစနစ်တည်ဆောက်နေတဲ့ကာလမှာ တိုင်းပြည်တစ်ခုလုံးကိုလည်း ဆောင်ရွက်ရင်း၊ ကိုယ့်တိုင်းရင်းသားအရေးကို နောက်ကျမကျန်ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ ထားဝယ်တိုင်းရင်းသားများပါတီကို ၂၀၁၃ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပါတယ်။

တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်ဖက်ဒရယ်စနစ်သည်သာလျှင် အသင့်လျော်ဆုံးစနစ်ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

ဒါကြောင့် တစ်ဖက်ကလည်း ဒီမိုကရေစီရရှိရေးကို ကြိုးပမ်းရင်း၊ အခြားတစ်ဖက်ကလည်း တိုင်းရင်းသားတို့ရဲ့ တန်းတူညီမျှ၊ အဆင့်အတန်းတူညီမှု တို့သည်လည်း တစ်ပါတည်းပါလာရမယ်လို့ ယုံကြည်ပါ တယ်။

လေးစားချစ်ခင်ရပါသော မြန်မာနိုင်ငံသူ နိုင်ငံသား မိဘပြည်သူအပေါင်းတို့ ခင်ဗျား -

ခေတ်အဆက်ဆက် မြန်မာတစ်နိုင်ငံလုံးအတွက် အမြဲတစေ စဉ်းစားကြိုးပမ်းလုပ်ဆောင်ခဲ့တဲ့ ကျွန်တော်တို့ဒေသက တိုင်းရင်းသားတွေဟာအခုချိန်မှာ နောက်ကျကျန်နေခဲ့ရတာကို စိတ်မကောင်းစွာဘဲတွေ့ ရပါတယ်။

ဥပမာအားဖြင့် ရန်ကုန်လို၊ မန္တလေးလို၊ နေပြည်တော်လိုနေရာအခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်မြို့ကြီးတော်တော်များများမှာ အိမ်သုံးလျှပ်စစ်မီးတစ်ယူနစ် ၃၅ ကျပ်နဲ့ ရရှိနေချိန်မှာ ကျွန်တော်တို့ တိုင်းရင်းသားတွေကတော့ အခုထိ တစ်ယူနစ် ကျပ် ၃၀၀ နဲ့အထက် ပေးနေရဆဲဖြစ်ပါတယ်။

ဒီလိုမျိုး အခြားတိုင်းရင်းသားလူမျိုးတွေနဲ့ တန်းတူအခွင့်အရေးမရလေတော့ ကျွန်တော်တို့လူမျိုးဟာ မြန်မာနိုင်ငံထဲမှာကော ရှိသေးရဲ့လားဆိုပြီးယုံမှားသံသယနဲ့ မေးခွန်းထုတ်ရတဲ့အထိပါ။ ဒုတိယတန်းစား၊ ဒါမှမဟုတ်တတိယတန်းစားလူမျိုးတွေလားလို့ မေးခွန်းထုတ်ရမလိုပါဘဲ။

ဒါ့အပြင် မှတ်ပုံတင်လို့အလွယ်ခေါ်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမှာထားဝယ်လူမျိုးအဖြစ် မှတ်ပုံတင်ခြင်းမခံရဘဲ ဗမာအဖြစ် မှတ်ပုံတင်ခံထားရပါတယ်။ ဒါဟာ သမိုင်းအစဉ်အလာရှိတဲ့၊ ဂုဏ်သိက္ခာမြင့်မားတဲ့ လူမျိုးတစ်မျိုးအတွက် များစွာနစ်နာရပါတယ်။

ဒီအကျိုးဆက်ဟာ တနင်္သာရီတိုင်းဒေသကြီးအတွင်း လူဦးရေအများဆုံးဖြစ်တဲ့ ထားဝယ်တိုင်းရင်းသားများအတွက် တာဝန်ခံပေးမယ့် တိုင်း ဒေသကြီးအစိုးရအဖွဲ့မှာ ထားဝယ်တိုင်းရင်းသားရေးရာဝန်ကြီး တစ်ယောက်ဆုံးရှုံးနေခြင်း၊ နိုင်ငံရေးအရ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်နေရာ လစ်လပ်နေခြင်းပါပဲ။

ဒီလိုမျိုး နိုင်ငံရေးအရ အောက်ကျနောက်ကျဖြစ်နေရတာ၊ နေရာတိုင်းမှာ လျှပ်စစ်မီးတစ်ယူနစ် ၃၅ ကျပ်ဆိုပေမယ့် ကျွန်တော်တို့ဆီမှာတော့တစ်ယူနစ် ၃၀၀ ဖြစ်နေရတာ၊ ဒီလိုမျိုးခွဲခြားဆက်ဆံခံနေ ရတာတွေကြောင့်ကျွန်တော်တို့ဒေသ၊ ကျွန်တော်တို့လူမျိုးဟာ တိုးတက်သင့်သလောက်မတိုးတက်တာ၊ အစစအရာရာ နောက်ကျကျန်နေခဲ့ရတာ တွေ့ရပါတယ်။ လူနေမှုအဆင့်အတန်းလည်း နိမ့်ပါးနေ တာတွေ့ရပါတယ်။

ကျွန်တော်တို့ဒေသက များစွာသော ကျွန်တော်တို့ သားသမီးရင်သွေးများ၊ ဆွေမျိုးများ နိုင်ငံရပ်ခြားမှာ အောက်ကျခံ ဆင်းရဲပင်ပန်းစွာအလုပ်သွားလုပ် နေကြရတာဟာ မျက်မြင်သက်သေတွေပါ။

ဒါတွေဟာ ကျွန်တော်တို့ပါတီထူထောင်ရခြင်းရဲ့ အဓိကအကြောင်း အရင်းတွေဖြစ်ပါတယ်။

ဒီတော့ ကျွန်တော်တို့ဟာ မြန်မာ့လွတ်လပ်ရေးကြေညာစာတမ်းပါအတိုင်း တူညီသောတရား၊ တူညီသောအခွင့်အရေးနဲ့ တူညီသောအဆင့် အတန်းတို့အတွက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။

လေးစားချစ်ခင်ရပါသော မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျား -

ဒီလိုမျိုးရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရာမှာ ဦးစားပေးသုံးရပ်လုပ်ဆောင် သွားမယ့်အကြောင်းတင်ပြလိုပါတယ်။

ပထမဦးစားပေးအနေနဲ့ ထားဝယ်တိုင်းရင်းသားတို့အတွက် အာမခံချက်ရှိတဲ့နိုင်ငံရေးသိက္ခာ၊ နိုင်ငံရေးအဆင့်အတန်းရရှိရေးအတွက် ဆောင် ရွက်သွားပါမယ်။

ဒီလိုဆောင်ရွက်တဲ့နေရာမှာ မှတ်ပုံတင်မှာ ထားဝယ်လူမျိုးအဖြစ်တရားဝင်မှတ်ပုံတင်ခွင့်ရရှိရေးကနေပြီး လူမျိုးတစ်မျိုးအဖြစ် တန်းတူရည်တူ နေထိုင်နိုင်ရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိသည်အထိ လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။

ဒုတိယဦးစားပေးအနေနဲ့ ကျွန်တော်တို့တိုင်းရင်းသားတွေ အဓိကနေထိုင်တဲ့ တနင်္သာရီတိုင်းဒေသကြီးမှာ ကောင်းမွန်သန့်ရှင်းပြီး ထိရောက်တဲ့ အစိုးရကောင်းတစ်ရပ်ဖြစ်ဖို့ တွန်းအားပေး လုပ်ဆောင်သွား မှာဖြစ်ပါတယ်။

အစိုးရဆိုတာ တိုင်းရင်းသားပြည်သူတွေ ကံ၊ ဉာဏ်၊ ဝီရိယအားလျော်စွာလူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ရန် ရေခံမြေခံများ ဖန်တီးပေးရသော ပံ့ပိုးကူညီသူသာဖြစ်တယ်လို့ ကျွန်တော်တို့ပါတီ ကယုံကြည်ပါတယ်။

ဒီလိုယုံကြည်တဲ့အတိုင်းလည်း လုပ်ဆောင်သွားမှာပါ။

အကျင့်ပျက် ချစားမှုကင်းစင်တဲ့ အစိုးရဖြစ်ဖို့၊ ထိထိရောက်ရောက်စီမံခန့်ခွဲနိုင်တဲ့အစိုးရဖြစ်ဖို့၊  တရားသောဥပဒေတွေစိုးမိုးဖို့ ကျွန်တော်တို့တိုင်းရင်းသားပြည်သူတွေလိုလားနေကြပါတယ်။ ဒီလိုမျိုးအစိုးရကပဲ ဒီမိုကရေစီစနစ်ရဲ့အနှစ်သာရကို ပြည်သူတွေခံစားနိုင်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဒီလိုမျိုးအစိုးရဖြစ်အောင် ကျွန်တော်တို့အင်အားရှိသလောက်လုပ်ဆောင်သွားမယ်လို့ ဒီနေရာကနေပြီး ကတိပြုပြော ကြားလိုပါတယ်။

တတိယဦးစားပေးကတော့ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူများလူမှုစီးပွားဘ၀ ပိုမိုတိုးတက်ကောင်းမွန်လာဖို့ပါ။ ဒီလိုကောင်းမွန်လာမှသာနိုင်ငံရပ်ခြားမှာအလုပ်လုပ်နေတဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေ ပြန်လာနိုင်မှာဖြစ်ပါတယ်။

ဒီလိုတိုးတက်ကောင်းမွန်လာဖို့ဆိုရင် အခြေခံအဆောက်အအုံအုတ်မြစ်ကောင်းတွေလိုပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းနေဖို့၊ အုပ်ချုပ်ရေးယန္တရားတည်ငြိမ်ထိရောက်နေဖို့၊ လျှပ်စစ်စွမ်းအင် ကိုဈေးနှုန်းသင့်တင့်မျှတစွာနဲ့ အသုံးပြုနိုင်ဖို့ ကျန်းမာပြီးပညာတတ်၊ စွမ်းဆောင်ရည်ကောင်း တဲ့ပြည်သူပြည်သားတွေရှိနေဖို့ လိုကိုလိုအပ်ပါတယ်။

တိုင်းပြည်တစ်ခုကိုတည်ဆောက်တဲ့နေရာမှာ လူသာလျှင်အဓိကပါ။ ဒါကြောင့် သဘာဝသယံဇာတအစား လူ့စွမ်းအားအရင်းအမြစ်အပေါ်မှာ အခြေခံတဲ့ဒေသဖြစ်အောင် ကျွန်တော်တို့ပါတီက တည်ဆောက်သွားမှာ ဖြစ်ပါတယ်

ဒါကိုအခြခံပြီးတော့ ဒေသထွက်ပစ္စည်းတွေ တန်ဖိုးမြှင့်ရရှိဖို့၊ ကုန်ထုတ်စွမ်းအားတက်လာဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီလို လူမှုစီးပွားရေးဆိုင်ရာ လုပ်ငန်းတွေလုပ်ဆောင်ရာမှာဦးစားပေးလေးရပ် ချမှတ်ထားပါတယ်။

(၁) ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရေးဖွံ့ဖြိုးတိုးတက်ရန်၊

(၂) ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်၊

(၃) ရော်ဘာ၊ ကွမ်းသီးဈ သီဟိုဠ်အုန်းသီးစတဲ့ ဥယျာဉ်ခြံ လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး တန်းဖိုးမြှင့်ပစူ္စည်းများ ထုတ်လုပ်လာနိုင်ရန်၊

(၄) စည်ပင်သာယာရေးနဲ့ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးရန်တို့ ဖြစ်ပါတယ်။

ဒီလိုလုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင်မပျက်စီးရေးဟာ အထူးအရေးကြီးပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားတွေ ကံ၊ဥတု၊ စိတ်၊ အာဟာရနဲ့အညီနေထိုင်နိုင်ဖို့ သဘာဝပတ်ဝန်းကျင်ဟာ အထူးအရေးကြီးပါတယ်။

သဘာဝပတ်ဝန်းကျင်ဟာ လူ့ကျန်းမာရေးအတွက် ရေသန့်သန့်၊လေသန့်သန့်တွေရဖို့ အရေးပါပါတယ်။ အာဟာရပြည့်တဲ့အစားအစာတွေရဖို့အရေးပါပါတယ်။ စိတ်အေးချမ်းသာစွာနေထိုင်နိုင်ဖို့ အရေးပါပါတယ်။

သဘာဝပတ်ဝန်းကျင်ကို အရေးမထားဘဲ ငွေကြေးရုပ်ဝတ္ထုပစ္စည်းနောက်ကိုပဲ တကောက်ကောက်လိုက်နေတဲ့အကျိုးးဆက်က ကြီးမားလှပါတယ်။ အခုအားလုံးသိကြတဲ့အတိုင်း ကပ်ဆိုး၊ ဘေးဆိုးတွေ ကြုံနေရပြီဖြစ်ပါတယ်။

ဒါကြောင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း အချိုးညီစွာ ဆောင်ရွက်သွားပါ့မယ်။

ဒီလိုလုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ ဒေသအတွင်းမှာရော၊တစ်နိုင်ငံလုံးမှာရော တည်ရှိလှုပ်ရှားနေတဲ့ အရပ်ဘက်အဖွဲ့အစည်းများနဲ့ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော် ဒီနေရာကနေ တင်ပြလိုတာကတော့ ထားဝယ်တိုင်းရင်းသားများပါတီဟာ ဒီရွေးကောက်ပွဲတစ်ခုတည်းပဲကြည့်ပြီး အလုပ်လုပ်တဲ့ ပါတီမဟုတ်ပါဘူး။ နောက်မျိုးဆက်တွေအထိကြည့်ပြီး အလုပ်လုပ်မယ့်ပါတီဖြစ်ပါတယ်။

ချစ်ခင်လေးစားရပါသော တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်

ပြည်သူများခင်ဗျား-

ကျွန်တော်တို့ရွေးကောက်ပွဲဝင်ရာမှာ အသုံးပြုမယ့်တံဆိပ်ကတော့တဝဲလို့ ခတ်နှိပ်ထားတဲ့ ဒင်္ဂါးပြားနဲ့ ဒင်္ဂါးပြားအောက်ဘက်မှာ ထားဝယ်တိုင်းရင်းသားများပါတီလို့ ရေးထိုးထားပါတယ်။

ဒီဒင်္ဂါးပြားအမှတ်တံဆိပ်နံဘေးမှာ တုံးထုပြီးမဲပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။

ရွေးကောက်ပွဲအောင်နိုင်ပြီးတဲ့နောက်မှာ အခြားတိုင်းရင်းသားမဟာမိတ်တွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ပူးပေါင်းပြီး ဖက်ဒရယ်ပြည်ထောင်စုနဲ့ဒီမိုကရေစီစနစ် တည်ဆောက်ရေးလုပ်ဆောင်သွားမယ်။

အဲဒီအချိန်မှာ ကိုယ့်ကိစ္စကိုတော့ ကိုယ်လုပ်မှကိုယ်ရမယ်ဆိုတာလေးလေးနက်နက်ပြောကြားလိုပါတယ်။ ကျွန်တော်တို့ ထားဝယ်တိုင်းရင်းသားတွေအရေးအတွက် ဘယ်သူ့ကိုမှမျှော်ကိုးနေလို့ အားကိုးနေလို့မရပါ။ဒါကိုသမိုင်းက သက်သေပြပြီးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကိုယ့်ကိစ္စ၊ ကိုယ်လုပ်ကြစို့ပါ။

ကျွန်တော်တို့ ထားဝယ်တိုင်းရင်းသားများပါတီရဲ့ အောင်ပွဲသည်ထားဝယ်လူမျိုးများရဲ့ အောင်ပွဲဖြစ်ပါတယ်။ ကျွန်တော်တို့ ထားဝယ်တိုင်းရင်သားများပါတီရဲ့အောင်ပွဲသည် ထားဝယ်လူမျိုးများရဲ့ ဂုဏ်သိက္ခာဖြစ်ပါတယ်။ ကျွန်တော်တို့ ထားဝယ်တိုင်းရင်းသားများ ပါတီရဲ့အောင်ပွဲသည်ထားဝယ်လူမျိုးများရဲ့သမိုင်းသစ်ဖြစ်ပါတယ်။

ဒါကြောင့် တို့လူမျိုး၊ တို့ဒေသ၊ တို့ပါတီ၊ တို့ယုံကြည်ပါ။ တို့ဒေသတိုးတက်ဖို့ထားဝယ်ပါတီကိုမဲပေးစို့ပါ။

ကျေးဇူးတင်ပါတယ်။

ထားဝယ်တိုင်းရင်းသားများပါတီ

 ၁။  ပါတီအမည်  -  ထားဝယ်တိုင်းရင်းသားများပါတီ
 ၂။  ပါတီအမည်(English)  -  Dawei Nationalities Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၁၆.၇.၂၀၁၃
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၉ ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးမောင်မောင်အေး၊ ဦးသန်းဆွေ
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂၃.၁၀.၂၀၁၃
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၂၀.၁၁.၂၀၁၃
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၁၇.၁၂.၂၀၁၃
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၇၀)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၈၇)၊ အလယ်လမ်း၊ ခုံဝင်းဒပ်ရပ်၊ ထားဝယ်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၈၅၉၅၃၅၇၊ ၀၉-၇၃၁၃၂၃၁၇၊ ၀၉-၄၃၁၂၁၀၅၈
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly