ဂုတ်ထိပ်တံတားပေါ်မှာ သာတဲ့လ

ဂုတ်ထိပ်တံတားပေါ်မှာ သာတဲ့လ

ဂုတ်ထိပ်တံတားကိုသွားမယ်ဆိုတော့ ကျနော့်စိတ်တွေ လှုပ်ရှားနေပါတယ်။ ဂုတ်ထိပ်တံတားဆိုတာက ကမ္ဘာကျော်တံတားတစ်ခုပဲလေ။ ဘန့်ဘေးကျင်း ရေတံခွန်ကအပြန် နောင်ချိုမြို့ထဲကဖြတ်ပြီး နောင်ချိုမြို့ရဲ့အရှေ့ဘက်ကို ဆက်သွားရမှာပါ။

ဓါတ်ပုံတွေထဲ မြင်ရတာကတော့ တကယ့်ကို ကြောချမ်းစရာ ရထားလမ်းကူးတံတားတစ်ခုပါ။ ဆောက်ထားတာကလည်း နှစ်ပေါင်း ၁၂၀ ရှိပြီဆိုတော့ သက်တမ်းလည်းတော်တော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ တံတားအိုတစ်စင်းပေါ့လေ။ မြင့်မားလွန်းတဲ့အပြင် အကာအရံလုံးဝမရှိဘဲ တလှုပ်လှုပ်ရမ်းနေတဲ့ တံတားအိုကြီးပေါ်မှာ ရထားတွေခုတ်မောင်နေဆဲဖြစ်တယ်ဆိုတာတွေးမိတိုင်း ရင်ခုန်လှုပ်ရှားခဲ့ရတဲ့ တံတားပါပဲ။ အင်မတန်ကြီးတဲ့ ချောက်ကြီးကို ဆက်သွယ်ဖေါက်လုပ်ထားတာပါ။ ငယ်စဉ်ကတည်းက စိတ်ဝင်စားခဲ့ပေမယ့်ခုမှပဲ လာကြည့်ဖူးတော့တာပါ။

ကျနော်တို့စီးလာတဲ့ကားကလေးဟာ နောင်ချိုမြို့အရှေ့ဘက် ကျောက်မဲဘက်ထွက်တဲ့လမ်းအတိုင်း ထွက်လာခဲ့ကြပါတယ်။ လမ်းမှာ ဂုတ်တွင်းတံတားဘက်ဆင်းတဲ့လမ်းဆုံကိုကျော်လာခဲ့ပါတယ်။ တစ်နာရီမရှိတရှိအချိန်ကြတော့ ဂုတ်ထိပ်တံတားဘက်ချိုးကွေ့တဲ့ မြေနီလမ်းထဲ ဝင်ကြရပါတယ်။ ကုန်းစံဆိုတဲ့ရွာနဲ့ ရွှေပြည်ညွန့် ရွာတွေကိုကျော်လာကြရပါတယ်။ ကားလမ်းအနည်းငယ်ဆိုးပြီး ကြာလေ မြေက နိမ်းဆင်းသွားနေတဲ့မြေနီလမ်းအတိုင်းသွားနေကြရပါတယ်။

ကားပေါ်မှာ နေမဝင်သွားပါစေနဲ့အုန်းဆိုပြီး ကောင်းကင်ကိုကြည့်ပြီး တလမ်းလုံးဆုတောင်းလာခဲ့ရပါတယ်။ နေဝင်သွားလို့ အလင်းရောင်အားနည်းသွားရင် ဂုတ်ထိပ်တံတားဝန်းကျင် ဓါတ်ပုံမရလိုက်မှာစိုးလို့ပါ။ ကားပေါ်မှာ ညနေငါးနာရီကျော် ဖြစ်လာပါတယ်။ အမြန်ရောက်ချင်ဇောကြီးတော့ ကားကိုနှေးလွန်းတယ်လို့လည်း တွေးလာခဲ့ပါတယ်။

ဂုတ်ထိပ်တံတား ဖြတ်ဖေါက်ထားတဲ့ ချောက်ကြီးရဲ့ ဟိုဘက်ကမ်း ချောက်ကမ်းပါးတန်းကြီးကို လှမ်းမြင်ရတဲ့အခါ ကားဆရာလေးက ရောက်ပြီဆရာကြီးလို့ ပြောလာပါတယ်။ ကားလမ်းက အနိမ့်ပိုင်း ချောက်ကမ်းပါးနဲ့ မနိီးမဝေးတနေရာမှာ ဘယ်ဘက်ကိုချိုးကွေ့ပြီး ချောက်ကမ်းပါးကြီးနဲ့ ရင်ဘောင်တန်းယှဉ်ပြီး မြောက်ဘက်ကိုဦးတည်လိုက်ပါတယ်။ အဲဒီ လမ်းချိုးလမ်းထောင့်ကိုရောက်တော့ ကားကို ရပ်ခိုင်းလိုက်ပါတယ်။ ကားလမ်းပေါ်လှမ်းမြင်နေရတဲ့ ဂုတ်ထိပ်တံတားနဲ့ ချောက်ကမ်းပါးထိပ်ဓါတ်ပုံဆင်းရိုက်ပါတယ်။ နေရောင်ခြည်ရနေသေးလို့ ဝမ်းလည်းသာပါတယ်။

ကားလမ်းပေါ်ကတဆင့် အနိမ့်ပိုင်း မြင်ကွင်းတွေကို ဓါတ်ပုံရိုက်ရတာအားမရတဲ့အခါ စိုက်ခင်းတချို့ကိုဖြတ်ပြီး အနိမ့်ပိုင်းအထိ ပြေးဆင်းပြီး ဓါတ်ပုံတွေ ဒလစပ်ရိုက်နေမိပါတယ်။ ညနေ နေဝင်ကာနီးအချိန်ဖြစ်တာမို့ ပတ်ဝန်းကျင်မြင်ကွင်းတွေကို ဓါတ်ပုံကောင်းကောင်းရိုက်လို့ ရတဲ့အပြင် တခြားအချိန်တွေထက် ပိုပြီးလှနေတယ်လို့လည်း ထင်မိပါတယ်။

ဂုတ်ထိပ်တံတားရဲ့အထက်ဘက် တော်တော်ဝေးဝေးဆီမှာ အပြာမှိုင်းရောင် တောင်တန်းကြီးတွေကလှပါတယ်။ ကိုင်းခြောက်သစ်ပင်တစ်ပင်နဲ့ယှဉ်တွဲပြီး အပြာရောင်နောက်ခံမြင်ကွင်းထဲ အဝါရောင်တောရိုင်းနေကြာ တန်းတွေအားသပ်ထားပြန်တော့ ဂုတ်ထိပ်တံတားဟာ လှချင်တိုင်းလှနေပါတော့တယ်။

ကျနော်က သတိရလို့ နောက်မှာကျန်ခဲ့တဲ့ကုန်းမြင့် ကာလမ်းပေါ်က ကားကလေးဆီပြန်မော့ကြည့်တော့ ဆရာမရှားရိုဖေါကို ကျနော်နဲ့ ကိုက်သုံးဆယ်ခန့်အကွာ စိုက်ခင်းထဲ လက်ကိုင်ဖုန်းလေးနဲ့ ဓါတ်ပုံရိုက်နေတာတွေ့ရပါတယ်။ ကျနော်က စိုက်ခင်းတွေကိုကျော်ပြီး ကမ်းပါးထိပ်အထိ မပြေးရုံတမယ် ဆင်းချသွားလိုက်ပါတယ်။ မကြာခင် နေရောက်ပျောက်တော့မှာမို့ အချိန်မဆွဲဘဲ ရသလောက် ဓါတ်ပုံတွေ ဒလစပ်ရိုက်နေပါတယ်။ နောက်တော့မှ အားမရသေးပေမယ့် ဂုတ်ထိပ်တံတားထိပ်ကို နေရောင်မရှိမှရောက်သွားမှာစိုးလို့ နောက်ကိုပြန်ဆုပ်ရပါတယ်။ ကားပေါ်ပြန်တက်ရပါတယ်။

ကျနော်တို့ကားလေး ဂုတ်ထိပ်တံတားထိပ်က  စားသောက်ဆိုင်ရှေ့ ရောက်တော့ နေရောင်ကတော်တော်ကျနေပါပြီ။ ကမန်းကတန်း ကားပေါ်ကဆင်း၊ အနိမ့်ပိုင်း ဘူတာရုံလေးရှိရာဆီ မပြေးရုံတမယ် ဆင်းကြရပြန်ပါတယ်။ ဘူတာလေးဆီရောက်တော့ ဂုတ်ထိပ်ဘူတာဆိုတဲ့ ဆု်ိင်းပုဒ်လေးကို ဦးစွာပထမ ဓါတ်ပုံရိုက်ပါတယ်။ ပြီးတော့မှ ဘူတာရုံဘေးက ကော်ဖီဆိုင်မှာ ခဏအမောဖြေရင်း ကော်ဖီထိုင်သောက်ကြပါတယ်။

ကော်ဖီဆိုင်လေးမှာခဏထိုင်နေစဉ်မှာပဲ နေရောင်ခြည်တွေက အလျင်အမြန်ရုပ်သိမ်းသွားကြပါတယ်။ တခါ ရထားလမ်းပေါ်ကတဆင့် ဟိုဘက်ကမ်းကို လေ့လာရေးအပျော်စီးဖို့လုပ်ထားတဲ့ရထားကို လိုက်စီးဖို့လုပ်ပြန်တော့ ထွက်မယ့်အပျော်စီးရထားတွဲလေးက ဒါဟာ ဒီနေ့အတွက် နောက်ဆုံးပြေးပေးတဲ့အခေါက်ဖြစ်တဲ့အပြင် လူလည်းပြည့်နေပြီဖြစ်တာမို့ ဂုတ်ထိပ်တံတားပေါ်ဖြတ်ပြီး ဟိုဘက်ကမ်းအထိ ရထားမစီးခဲ့ရတော့ပါဘူး။ ဒါနဲ့ပဲ ဘူတာရုံလေးဘေးမှာလမ်းလျှောက်ရင်း ကော်ဖီဆိုင်လေးမှာကော်ဖီထိုင်သောက်ရင်း ဂုတ်ထိပ်တံတားဆည်းဆာအလှကိုပဲ စောင့်ကြည့်ကြရပါတယ်။

ဂုတ်ထိပ်တံတားကို လွန်ခဲ့တဲ့ နှစ် ၁၂၀၊ နယ်ချဲ့အင်္ဂလိပ်အစိုးရလက်ထက်မှာ တည်ဆောက်ခဲ့ပါတယ်။ ခရစ်သက္ကရာဇ် ၁၈၉၉ ခုနှစ် ဧပြီလ ၂၈ ရက်နေ့မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၉၀၀ ပြည့် ဇွန်လ ၁ ရက်နေ့မှာ ပြီးပါတယ်။ ဘုံဘေဘားမားကုမ္ပဏီက တာဝန်ယူဆောက်လုပ်ခဲ့ပြီး ကုန်ကျစရိတ် စတာလင်ပေါင် ၁၁၃၂၀၀ ကုန်ကျခဲ့ပါတယ်။ တိုင်အရေအတွက်က ၁၆ တိုင်ပါ။ တံတားအရှည်က ၂၂၆၀ ပေရှိပြီး တံတားအမြင့်က ၃၂၅ ပေမြင့်ပါတယ်။ အမြင့်ဆုံး သံတိုင်နံပါတ်က ၁၂ ဖြစ်ပါတယ်။

ကော်ဖီဆိုင်လေးမှာ ကော်ဖီထိုင်သောက်ရင်း  ရင်သပ်ရှုမောဖွယ် ဂုတ်ထိပ်တံတားအကြောင်းစဉ်းစားရင်း နေရောင်ခြည်တွေ လုံးဝနီးပါးအားလျှော့သွားပါတယ်။ ကျနော်တို့လည်း နောင်ချိုကိုပြန်ကြဖို့ ကုန်းပေါ်ကို ပြန်တက်ကြပါတယ်။

ကုန်းပေါ်က ရပ်ထားခဲ့တဲ့ကားပေါ်ရောက်ကာမှ ကျနော်က ကောင်းကင်ကို အမှတ်မထင်မော့ကြည့်တော့ ၀ါဝင်းဝိုင်းစက်လွန်းတဲ့ လမင်းကြီးကို ရုတ်တရက်တွေ့လိုက်ရပါတယ်။ ကျနော်က ကမန်းကတန်း ကင်မရာကိုအိတ်ထဲက ဆွဲထုတ်ပြီး ကားပေါ်က ပြန်ဆင်းပါတယ်။ ပါးစပ်ကလည်း ရုတ်တရက် အားရဝမ်းသာ “ဟိုမှာလမင်းကြီး ဟိုမှာလကြီးဆရာမရေ လမင်းကြီး အရမ်းကိုပဲလှတာပဲဗျ” လို့လွှတ်ကနဲအော်ပြောရင်း ဓါတ်ပုံရိုက်ပါတော့တယ်။ ဆရာမရှာရိုဖေါနဲ့ တူမလေးရှင်ဂွမ်းဂွိတို့လည်း လက်ကိုင်ဖုန်းကိုယ်စီနဲ့ ဓါတ်ပုံရို်က်ကြပါတယ်။

ကားပေါ်ပြန်တက်ကာနီး ကားတံခါးဖွင့်တဲ့အခါ နောက်ခန်းထဲထိုင်နေတဲ့ ပန်းချီဆရာမ ရှားရိုဖေါကို ကျနော်က စကားတစ်ခွန်း ယုံကြည်ချက်အပြည့်နဲ့ လှမ်းပြောလိုက်ပါတယ်။

“ဆရာမရေ ဂိတ်ထိပ်တံတားအကြောင်း ကျနော်ဆောင်းပါးပြန်ရေးရင် ဆောင်းပါးခေါင်းစဉ်ကို ဂုတ်ထိပ်တံတားပေါ်မှာသာတဲ့လ လို့ပေးမယ်ဆရာမ”

( ဆက်လက်ဖတ်ရှုပါရန် )

 

 

 

 

Mizzima Weekly