မကွေးတွင် လယ်ယာမြေလုပ်ကိုင်ခွင့် လက်မှတ်ထုတ်ပေးမှု ၉၈ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့

မကွေးတွင် လယ်ယာမြေလုပ်ကိုင်ခွင့် လက်မှတ်ထုတ်ပေးမှု ၉၈ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့

မကွေး၊ ဇန်နဝါရီ ၁၂ ။         ။ မကွေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေလုပ်ကိုင်ခွင့် လက်မှတ်များ ထုတ်ပေးမှုသည် ၉၈.၆၄ ရာခိုင်နှုန်း အထိ ရှိကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောကြားသည်။

 “လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)လျှောက်ရာမှာ လူတည်ရာ မြေတည်ရာ ကွဲပြားတဲ့အတွက် သက်ဆိုင်ရာကျေးရွာအုပ်စုလယ် စီ အဖွဲ့ထံ လျှောက်ထားမှုမရှိတဲ့အတွက် ပုံစံ(၇)မရရှိသေးတဲ့ တောင်သူတွေ ရှိနေသေးတယ်။ တောင်သူတွေအနေနဲ့ ပုံစံ(၁) လျှောက်လွှာတွေကို သက်ဆိုင်ရာကျေးရွာအုပ်စု လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲတွေထံမှာ အခမဲ့ရယူလျှောက်ထားရမှာဖြစ်တယ်။ တောင်သူတွေအနေနဲ့ ကျေးရွာလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ထံမှာ လာရောက်လျှောက်ထားမှုမရှိရင် ပုံစံ(၇)ရရှိမှာမဟုတ်ပါဘူး။ ပုံစံ(၇)လျှောက်ထား ရာမှာလဲ သက်ဆိုင်ရာတောင်သူများအနေနဲ့ မှတ်ပုံတင်ကြေး(၅၀၀)ကျပ်ကိုသာ ပေးဆောင်ရမှာပါ” ဟု မကွေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာအောင်မိုညိုကပြောသည်။

အဆိုပါ ပုံစံ(၇)ထုတ်ပေးရာတွင် နှစ်စဉ်စိုက်ပျိုးလုပ်ကိုင်မှုမရှိဘဲ ကာလကြာမြင့်စွာလှပ်ထားသည့်မြေများ ၊ မြေ လွတ်မြေရိုင်းများတွင် နှစ်ရှည်လများ စိုက်ပျိုးလုပ်ကိုင်သည့်မြေများကို ပုံစံ(၇)လျောက်ထားပါက ထုတ်ပေး ခွင့်မရှိကြောင်း ၊ မြစ်ကြောင်းများ၏ ရေကြောင်းပြောင်းလဲမှုများနှစ်စဉ်ရှိသဖြင့် မြေနုကျွန်းများကိုလည်း မြေသား ခိုင်မာမှုမရှိခြင်းကြောင့်ပုံစံ(၇)ထုတ်ပေး၍မရကြောင်း ၊ သစ်တောဧရိယာများအတွင်း ကျူးလွန်စိုက်ပျိုးသည် များကိုလည်း ထုတ်ပေး၍မရကြောင်း ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ဆက်ပြောသည်။

ဥပဒေကြောင်းအရထုတ်ပေးခွင့်မရှိသည့် မြေများအပေါ်တွင် ပုံစံ(၇)လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် လျှောက် ထားလာပါက သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့များအနေဖြင့် တောင်သူများကို ယဉ်ကျေးစွာဖြင့် ဆွေးနွေးအသိပေး ရှင်းပြရန် လိုအပ်ကြောင်း ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

“ဥပဒေကြောင်းအရ တောင်သူများနားလည်အောင် ရှင်းလင်းမပြဘဲ လုပ်ပေးလို့မရဘူးပြောရင် မလိုလားအပ် တဲ့ တိုင်ကြားမှုတွေ အများအပြားဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုရှိစွာနဲ့ ဥပဒေအကြောင်းကို ချပြဆွေးနွေးပြီး တောင်သူတွေရဲ့ စိုက်ပျိုးလုပ်ကိုင်ပိုင်ဆိုင်မှုအပေါ်မှာ ဝန်ဆောင်မှုပေးနိုင်ဖို့တာဝန်သည် သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ အဆင့်ဆင့်ရဲ့ တာဝန်သာဖြစ်တယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။

မကွေးတိုင်းဒေသကြီး၌ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း(၁၅၉၇) ၊ ကွင်းပေါင်း(၉၉၃၀)၊ ဦးပိုင်ပေါင်း(၁၇၃၅၉၈၇) ၊ တောင်သူပေါင်း(၉၆၄၃၃၀)ဦး ၊ စိုက်ဧကပေါင်း ၂၉၅၀၉၅၄ ဧကကို လယ်ယာမြေ လုပ်ကိုင်ခွင့်လက်မှတ်များ ထုတ်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly