ခိုးယူခံရသည့်အကောင့်များမှ ဖော်ပြချက်များ တက်လာပါက AA ၏ အာဘော်မဟုတ်ဟု ဆို

ခိုးယူခံရသည့်အကောင့်များမှ ဖော်ပြချက်များ တက်လာပါက AA ၏ အာဘော်မဟုတ်ဟု ဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ။           ။ ရက္ခိုင့်အဖွဲ့ (AA) ၏ ပြန်ကြားရေး Facebook စာမျက်နှာနှင့် အကောင့်များအပါအဝင် ဝက်ဘ်ဆိုက်တို့ ခိုးယူ ခံခဲ့ရပြီးသည့်နောက် ယင်းအကောင့်များမှ ဖော်ပြချက်များ ထပ်မံတက်လာပါက ရက္ခိုင့်အဖွဲ့၏ အာဘော် မဟုတ်ကြောင်း AA ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

ဇန်နဝါရီ ၁၁ ရက်နေ့ ညနေပိုင်းမှစတင်ကာ ရက္ခိုင့်အဖွဲ့ (AA) ၏ ပြန်ကြားရေး Facebook အပါအဝင် ထိပ်ပိုင်း ခေါင်းဆောင်များဖြစ်သည့် ဒေါက်တာညိုထွန်းအောင်၊ ဦးခိုင်သုခတို့၏အကောင့်များနှင့် ရက္ခိုင့်အဖွဲ့ (AA) ၏ တရားဝင် ဝက်ဘ်ဆိုက်ပါ ခိုးယူခံလိုက်ရခြင်းဖြစ်သည်။

“ အခုလောလောဆယ်တော့ တခြားအကောင့်တွေနဲ့ ဆက်သွယ်လာဖို့ ရှိပါတယ်။ တိုက်ခိုက်ခိုးယူခံလိုက်ရတဲ့ အကောင့်တွေက တင်လာတဲ့ဟာတွေကတော့ ကျွန်တော်တို့ရဲ့အာဘော် မဟုတ်ဘူးဆိုတာတော့ အသိပေးချင် တာပေါ့လေ” ဟု ဦးခိုင်သုခက ပြောသည်။

ထို့အပြင် ရက္ခိုင့်အဖွဲ့ (AA) အနေဖြင့် အကောင့်များ ခိုးယူခံခဲ့ရသည့်နောက်ပိုင်း တရားဝင်သတင်း ထုတ်ပြန် သည့် အင်တာနက်စာမျက်နှာများ မရှိသေးကြောင်းကိုလည်း ၄င်းကဖြည့်စွက်ပြောဆိုသည်။

“ ဒီရက်ပိုင်းမှာသိပ်မကြာခင်ပဲ တခြားနည်းလမ်းတွေနဲ့ ပြည်သူကိုပြန်ပြီးတော့ ဆက်သွယ်လာပါလိမ့်မယ် “ ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

အဆိုပါက Facebook စာမျက်နှာများနှင့် အကောင့်များမှာ လုံးဝ လက်လွှတ်လိုက်ရသည့်အပြင် Website ထိန်းချုပ်ခွင့် (Admin) ကိုပါ ခိုးယူခံလိုက်ရခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရက္ခိုင့်အဖွဲ့ (AA) ကိုမလိုလားသူ လူတစ်စုက လုပ်ဆောင်ခြင်းဖြစ်မည်ဟုလည်း ဦးခိုင်သုခက သုံးသပ်သည်။

ရက္ခိုင့်အဖွဲ့ (AA) သည် လတ်တလောတွင် တပ်မတော်နှင့် ထိတွေ့မှုအများဆုံးဖြစ်နေသည့် အဖွဲ့ဖြစ်ပြီး အစိုးရနှင့် အပစ်ရပ် NCA မထိုးဘဲ နိုင်ငံရေးဆွေးနွေးရန် ကြိုးပမ်းနေသည့် မြောက်ပိုင်းလက်နက်ကိုင် မဟာမိတ်အဖွဲ့ ထဲတွင်လည်း အဖွဲ့ဝင်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly