သြစတြေးလျအိုးပင်းပြိုင်ပွဲက နောက်ဆုံးပြိုင်ပွဲဖြစ်လာနိုင်တယ်လို့ ကစားသမားဘဝ အနားယူဖို့ရှိတဲ့ အန်ဒီမာရေး ပြော

သြစတြေးလျအိုးပင်းပြိုင်ပွဲက နောက်ဆုံးပြိုင်ပွဲဖြစ်လာနိုင်တယ်လို့ ကစားသမားဘဝ အနားယူဖို့ရှိတဲ့ အန်ဒီမာရေး ပြော
Photos: EPA

ဗြိတိန်တင်းနစ်ကစားသမား အန်ဒီမာရေးက သူဟာ တင်ပါးဆုံရိုးဒဏ်ရာမှ ပြင်းထန်တဲ့ နာကျင်မှုကြောင့် ဒီနှစ်မှာ အနားယူဖွယ်ရှိတယ်လို့ ကြေညာခဲ့ပြီး လာမယ့်တစ်ပတ်မှာ ကျင်းမယ့် သြစတြေးလျအိုးပင်းပြိုင်ပွဲမှာ သူ့အတွက် ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲတစ်ခုလည်းဖြစ်လာနိုင်တယ်လို့ သောကြာနေ့က ဖွင့်ဟခဲ့ပါတယ်။

ယခင်ကမ္ဘာ့နံပါတ် ၁ တင်းနစ်ကစားသမားနဲ့ ဂရင်းစလင်းချန်ပီယံဆု ၃ ကြိမ်ရယူထားသူ မာရေးက နာကျင်မှုဝေဒနာကို ခံစားရတာ မခံမရပ်နိုင်ဖြစ်လာတယ်လို့ မျက်ရည်စတွေနဲ့ မဲလ်ဘုန်းမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“ကျနော် အကန့်အသတ်နဲ့တော့ ကစားနိုင်ပါတယ်။ ဒါပေမယ့် အကန့်အသတ်တွေ ရှိနေလျက် ပြိုင်ပွဲ သို့မဟုတ် လေ့ကျင့်ခန်းတွေမှာ နာကျင်မှုက ပျော်ရွှင်ခွင့် ပေးမနေပါဘူး။”လို့ မာရေးက ဆိုပါတယ်။

အသက် ၃၁ နှစ်အရွယ် “ဆာအန်ဒီ”က သူဟာ ဝင်ဘယ်လ်ဒန်အိုးပင်ပြိုင်ပွဲ ပြီးဆုံးမှ ကစားသမားဘဝအဆုံးသတ်ချင်ပေမယ့် အဲဒီထိ လုပ်နိုင်ဖို့ မသေချာတော့ဘူးလို့ ပြောပါတယ်။ 

မာရေးဟာ တင်ပါးဒဏ်ရာ ခွဲစိတ်မှုခံယူဖို့ ပြီးခဲ့တဲ့နှစ်ရဲ့ သြစတြေးလျအိုးပင်းပြိုင်ပွဲကနေ ထွက်ခွာခဲ့ပြီး ဇွန်လမှာတော့ လန်ဒန်မှာ ကျင်းပခဲ့တဲ့ Queen's Club ပြိုင်ပွဲမှာ ပြန်လည်ဝင်ရောက် ကစားခဲ့တာလည်းဖြစ်ပါတယ်။

“ကျနော် အချိန်အကြာကြီး ရုန်းကန်ခဲ့ရပါတယ်။ ဒီလိုနာကျင်မှုမျိုးနဲ့ နောက်ထပ် ၄၊ ၅ လ အတွက် ကစားနိုင်မလားဆိုတာ ကျနော် မသေချာပါဘူး။ ဝင်ဘယ်လ်ဒန်အိုးပင်းပြိုင်ပွဲဟာ ကျနော် ကစားသမားဘဝ အဆုံးသတ်ချင်တဲ့ နေရာပါ။ ဒါပေမယ့် ဒါကို ပြုလပ်နိုင်ဖို့ ကျနော် မသေချာတော့ပါဘူး။”လို့ သူက ပြောပါတယ်။

ဝင်ဘယ်လ်ဒန်အိုးပင်းပြိုင်ပွဲဟာ အန်ဒီမာရေးအတွက် အမှတ်ရစရာပြိုင်ပွဲဖြစ်ပြီး သူရရှိထားတဲ့ ဂရင်းစလင်းချန်ပီယံ ၃ ကြိမ်ထဲမှာ ဝင်ဘယ်လ်ဒန်ချန်ပီယံဆုက ၂ ကြိမ်ပါဝင်ကာ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ရရှိခဲ့တာဖြစ်ပါတယ်။

“သြစတြေးလျအိုးပင်ပြိုင်ပွဲမှာ အခွင့်အရေးတစ်ခု ရှိနေတယ်လို့ ယူဆပါတယ်။ ဒီပြိုင်ပွဲဟာ ကျနော့်ရဲ့ နောက်ဆုံးပြိုင်ပွဲပါ။”လို့ သူက ပြောဆိုသွားခဲ့ပါတယ်။

၇၇ နှစ်အတွင်း ဝင်ဘယ်လ်ဒန်ဆုဖလားကို ပြန်လည် ဆွတ်ခူးတဲ့ ပထမဆုံး ကစားသမားအဖြစ်နဲ့ရော ရော်ဂျာဖက်ဒရာ၊ နိုဗတ် ဂျိုဂိုဗစ်နဲ့ ရာဖေးလ် နဒါးလ်တို့ရဲ့ ရွှေရောင်မျိုးဆက်ခေတ်မှာ ထိပ်ဆုံးမှာ ရပ်တည်ဖို့ တိုက်ပွဲဝင်တဲ့ ကစားသမားတစ်ယောက်အနေနဲ့ပါ သူ့ကို အမှတ်ရနေမှာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly