အစိုးရယန္တရား တန့်ရပ်မှုအရေးမှာ နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာမှာ မဟုတ်ဘူးလို့ ထရမ့် ပြော

အစိုးရယန္တရား တန့်ရပ်မှုအရေးမှာ နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာမှာ မဟုတ်ဘူးလို့ ထရမ့် ပြော
Photo: AFP

၀ါရှင်တန်၊ ဇန်နဝါရီ ၁၂ ။      ။ အစိုးရယန္တရား တန့်ရပ်မှုအရေးမှာ အရေးပေါ်အခြေအနေ ကြေညာပြီး ဖြေရှင်းမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ ပြောပါတယ်။

အစိုးရအသုံးစရိတ်ကို ကွန်ဂရက်လွှတ်တော်က အတည်ပြုအောင်၊ ပြီးတော့ မက္ကဆီကို-အမေရိကန် နယ်ခြားတံတိုင်း စီမံကိန်းအတွက် ရန်ပုံငွေရအောင် အရေးပေါ်အခြေအနေ ကြေညာတာမျိုး မလုပ်ဘူးလို့ ထရမ့်က ပြောတာဖြစ်ပါတယ်။

မက္ကဆီကိုနယ်ခြားတံတိုင်းအတွက် ထရမ့်တောင်းခံထားတဲ့ရန်ပုံငွေပါဝင်တဲ့ အစိုးရအသုံးစရိတ်ကို ဒီမိုကရက်တစ်တွေ အများစု ကြီးစိုးရာ အောက်လွှတ်တော်မှာ အတည်မပြုနိုင်တာကြောင့် အစိုးရယန္တရားအချို့ ရပ်တန့်မှုဖြစ်နေတာ ရက်ပေါင်း ၂၀ ကျော်မက ရှိနေတာပါ။

“ဒီအခြေအနေကို ကျွန်တော်အတွက် အလွယ်တကူ ဖြေရှင်းနည်း ရှိသားပဲ။ ဒါကတော့ အရေးပေါ် အခြေအနေ ကြေညာလိုက်တာပဲ။ ဒါပေမယ့် ဒီလိုမျိုး ကျွန်တော် လုပ်မှာ မဟုတ်ဘူး။ ဒါဟာ ကွန်ဂရက်က လုပ်ရမှာ ဖြစ်တယ်။”လို့ သတင်းထောက်တွေကို ထရမ့်က ပြောပါတယ်။

တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူတွေကို နှိမ်နင်းဖို့ သမ္မတ ထရမ့်ဟာ မက္ကဆီကိုနယ်ခြားတံတိုင်း တည်ဆောက်ရေးအတွက် ရန်ပုံငွေ တောင်းခံနေတာ ဖြစ်ပါတယ်။ မက္ကဆီကို နယ်ခြားတံတိုင်း တည်ဆောက်ရေးဟာ ထရမ့်ရဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာ အဓိက မဲဆွယ်ကတိကဝတ်လည်း ဖြစ်ပါတယ်။

အဲဒီ မက္ကဆီကို နယ်ခြားတံတိုင်း စီမံကိန်း ရန်ပုံငွေအရေးမှာ သောင်မတင်ရေမကျ ဖြစ်နေတာကြောင့် အစိုးရလုပ်ငန်းဌာနအချို့ ပိတ်ထားရတာမှာ ဝန်ထမ်းပေါင်း ရှစ်သိန်းနီးပါးကို လုပ်ခမပေးနိုင်ဘဲ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required