လေးလုံးရောဂါ အချစ်နဲ့ငါးပိ ရဲ့ တေးသံရှင် ကောင်းကောင်း နဲ့ တွေ့ဆုံခြင်း၊ အပိုင်း (၁)

လေးလုံးရောဂါ အချစ်နဲ့ငါးပိ ရဲ့ တေးသံရှင် ကောင်းကောင်း နဲ့ တွေ့ဆုံခြင်း၊ အပိုင်း (၁)

မင်္ဂလာပါ။  Rising Star ဆိုတဲ့အစီအစဉ်က  ဂီတလမ်းမကို လျှောက်လှမ်းနေကြတဲ့ ဂီတဝါသနာရှင် ဂီတအနုပညာရှင် အသစ်တွေကို ပရိသတ်နဲ့ တွေ့ဆုံပေးတဲ့ အစီအစဉ်တစ်ခုဆိုတာ ဦးစွာပြောပါရစေ ။ ဒီတစ်ပတ်မှာတော့ တေးရေး တေးဆို "ကောင်းကောင်း" ကို ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။ ကိုယ်ပိုင် မိသားစုဘဝလေးကို တည်ထောင်ထားတဲ့ ကိုကောင်းကောင်းရဲ့ ရင်တွင်းစကားသံများ အပိုင်း (၁) ကိုလည်း   ခံစားပေးကြပါခင်ဗျာ။

မေး။ ။ ပထမဦးဆုံးအနေနဲ့ အစ်ကိုက ဂီတလမ်းမပေါ်ကို လျှောက်လှမ်းလာတဲ့နှစ်တွေဆိုလို့ရှိရင် တော်တော်ကြီးကို ကြာခဲ့ပြီပေါ့နော်၊ နောက် generation အသစ်တွေကတော့ အစ်ကို့ရဲ့ ငယ်ဘဝအကြောင်းကိုလည်း သိချင်မှသိမယ် ဆိုတော့ အစ်ကို့ရဲ့ ငယ်ဘဝအကြောင်းကနေ စပြီး ပြောပေးပါဦး အစ်ကို။

ဖြေ။ ။ ကျွန်တော်က ဒီရန်ကုန်မှာပဲနေတာပါ၊ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် မထော့ပင်ရွာပေါ့။ စာဗူးတောင်းအုပ်စု မထော့ပင်ရွာ ။ အဲဒီမှာနေတယ်ဆိုတေ့ာ ရွာသားပါ။ အဲဒီမှာ ကြီးပြင်းလာတယ်၊ ဒါပေမယ့် ၈ တန်းကျောင်းသားဘဝမှာ ကျွန်တော် အင်းစိန်မှာကြီးလာတယ်။ အဲ့ဒီမှာ စပြီးတော့မှ ကျွန်တော် ဦးသောမတ်စ် နဲ့တွေ့တယ်ပေါ့နော် ။ တေးရေး၊တေးဆို သောမတ်စ် နဲ့တွေ့တယ်၊ သူ့သားနဲ့လည်း ကျွန်တော်အရမ်းခင်တယ် ပြီးတော့ ကိုပြည့်ပြည့်တို့နဲ့ တွေ့ခွင့်ရပြီးတော့မှ ကျွန်တော် ဒီအချိန်ထိ အနုပညာလမ်းကြောင်းကို အဲဒီကနေစပြီးတော့မှ ဒီအထိလျှောက်လှမ်းလာတယ်လို့ ပြောလို့ရတယ်။ ဆယ့်နှစ်နှစ်လောက်ရှိပြီထင်တယ်။

မေး။ ။ တော်တော်ကြာပြီပေါ့နော်။ ဟိုးအရင်ကတည်းကမှ မယ်လိုဒီဝေါ မှာ ကိုဝိုင်ဝိုင်းရဲ့သီချင်းနဲ့ စပြီးတော့မှ တွေ့ရတယ် ပျံ့နှံ့လာတာပေါ့။

ဖြေ။ ။ ဟုတ်ကဲ့ အဲဒီမတိုင်ခင်တည်းက ကျွန်တော် အခြားပြိုင်ပွဲ နှစ်ခု၊ သုံးခုလည်း ပြိုင်ဖူးသေးတယ် ပေါ့နော်။

မေး။ ။  အစ်ကိုကဆိုရင် သီချင်းတွေလည်း ကိုယ်တိုင်ရေးတယ် ၊ ရေးတဲ့သီချင်းလည်းတော်တော် များတယ် ပရိသတ်ကြားထဲမှာ ပျံ့နှံ့လာတယ်ဆိုတော့ ဒီသီချင်းရေးတဲ့ဘက်ကိုကျတော့ အစ်ကို ဘယ်လို ပုံစံမျိုးနဲ့ ရောက်သွားလည်း ပြောပြပါဦးဗျ။

ဖြေ။ ။ အစတည်းက ဝါသနာပါတယ် ကျွန်တော့သီချင်း ခဏလူ ဆိုလို့ရှိရင် ကျွန်တော်ဆယ်တန်းပြီးတဲ့ အချိန်ကတည်းက ရေးထားတာ ။ ဒါလည်း ဆယ်နှစ်ကျော်ပြီ အဲဒီကတည်းက သီချင်းရေးတာလည်း ဝါသနာပါတယ်၊ သီချင်းဆိုတာလည်း ဝါသနာပါတယ် ဆိုတော့ ဒါက ကိုယ့်ရဲ့ဝါသနာကို အကောင်အထည်ဖော် ချပြဖို့ကျတော့လည်း ကိုယ့်မှာ ရှိတဲ့ ငွေကြေးအင်အားနဲ့လည်း အဆင်မပြေတာက တစ်ကြောင်းပေါ့နော်၊ အကြောင်းအမျိုးမျိုးကြောင့် ဆိုတော့ နောက်ဆုံး Melody World ပြိုင်တယ်၊ Melody World ကနေတစ်ဆင့်ပဲ ဦး ချိုပြုံးတို့ ရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့ အခွေထဲမှာ သီချင်းဆိုခွင့်ရတယ်၊ အဲဒီထဲမှာဆို မင်းကိုသတိရရင် နဲ့ နာရီတွေရပ်ထားမယ် ဆိုတဲ့သီချင်းလေး အဲ့ဒါ ပရိသတ်နားထဲရောက်သွားတယ် ပြီးတော့ အဲဒီကနေပြီးတော့ ကိုယ့်ရဲ့ အနုပညာချပြခွင့်ရတော့ သီချင်းရေးတာလည်း ဝါသနာပါတယ်ဆိုတော့ တစ်ခါတည်း တွဲပြီးမှပဲ လုပ်ဖြစ်တာ။

မေး။ ။ တော်တော်ကြာခဲ့ပြီပေါ့နော်၊ အရင်တုန်းကဆို Melody World မှာ ဆိုလို့ရှိရင်လည်း ပြိုင်ပွဲဝင် အချင်းချင်းတွေမှာ တစ်ယောက်နဲ့ တစ်ယောက် အခန့်မသင့်တာလေး ကြုံခဲ့ကြတယ်လို့ ကျွန်တော်ကြားခဲ့ဖူးတယ်၊ အစ်ကို့အနေနဲ့ရော အဲဒီလိုပြဿနာမျိုးလေး ဖြစ်ခဲ့ဖူးလား။

ဖြေ။ ။ မဖြစ်ခဲ့ဘူးဗျ၊ ဘာလို့လည်းဆိုတော့ အဲဒီထဲမှာ အားလုံးက သူငယ်ချင်းတွေပဲ ကျွန်တော်တို့က နီနီတို့ ကျွန်တော်တို့ ခင်စုစုနိုင်တို့ ကျော်ဇင်မင်း၊ ကျော်သီဟ၊ သူတို့ဆိုတော့ အရမ်း ကောင်းတဲ့ လူတွေ ဘာလို့ဆို သူတို့နဲ့ ပြိုင်ရတာ ပျော်လည်းပျော်တယ်၊ ကြောက်လည်းကြောက်တယ် ။ တကယ်တမ်း တော်တော်ကောင်းတဲ့လူတွေ သူသူကိုယ်ကိုယ်ဆိုတော့ သူတို့ဆိုလိုက်တာ နားထောင်ကြည့်တာ အောက်မှာ၊ ဟာ ကျွတ်ဆင်ကြီးပါလား၊ ဒါပေမယ့် သူတို့ဆီက ပညာရတာတွေလည်း ရှိတယ်၊ ပြီးတော့ သူတို့နဲ့လည်း တကယ် အခုထက်ထိ အရမ်းပွင့်လင်းကြတဲ့ သူငယ်ချင်းတွေပဲပေါ့နော်၊ ကျွန်တော်အတွက်တော့ အဲ့ဒါနဲ့ ပတ်သက်လို့ အခက်အခဲမရှိပါဘူး။

မေး။ ။ Melody World ကနေတစ်ဆင့်ပေါ့၊ အစ်ကိုအနေနဲ့ ဒီဘက်ကို ရောက်လာပြီးတော့မှ ကိုယ်ပိုင်အခွေထုတ်တယ်၊ ကိုယ်ပိုင်အခွေထုတ်တဲ့အချိန်မှာ ဆိုရင် ပထမဦးဆုံးအခွေက ပရိသတ်ကြားထဲမှာပဲ တကယ်ကို ပေါက်သွားတဲ့အခွေလို့ ပြောလို့ရတယ်၊ အဲ့ဒီအခွေပြီးတော့မှ နောက်ထပ် duet Song တွေလည်း အများကြီးပဲ ထွက်ထားတယ်၊ ပရိသတ်တွေ လက်ခံတယ်၊ အစ်ကိုသီချင်းတော်တော်များကို ပရိသတ်တွေလက်ခံလာတာကရော လျှို့ဝှက်ချက်ကို သိပါရစေဗျ။

ဖြေ။ ။ ဒါဟာလည်း အကောင်းဆုံးလုပ်ဆောင်တာလည်း ပါတာပေါ့နော်၊ ပြောချင်တာ ကျွန်တော် သီချင်းတစ်ပုဒ်လုပ်လို့ရှိရင် ပြီးစလွယ်လုပ်တတ်တဲ့ အကျင့် ကျွန်တော့်မှာတော့ မရှိဘူး၊ သေချာ arrangement  လုပ်တယ်၊ ပြီးတော့ ကျွန်တော့်ကို တီးခတ်ပေးတဲ့ ကျွန်တော့်ရဲ့ ဆရာသမားတွေနဲ့လည်း သေသေချာချာ တိုင်ပင်တယ်၊ လုပ်တဲ့အခါမှာလည်း အဆင့်အဆင့်ပေါ့နော်၊ ကျွန်တော်ဆိုလို့ရှိရင် ဆရာ ချစ်စမ်းမောင် mixing ဆွဲတာ အရမ်းကြိုက်တယ်၊ သူတို့ တီးတာလည်း ကြိုက်တယ်ပေါ့နော်၊ ဒါပေမယ့် ကိုယ့်မှာရှိတဲ့ ငွေကြေးအင်အားကလည်း အဆင်မပြေတော့ တစ်ခါတစ်လေ သူတို့နဲ့ မတီးဖြစ်ဘဲနဲ့ အခု ကျွန်တော် လက်တွဲတဲ့ Triangle Band နဲ့ ကျွန်တော်တီးဖြစ်တယ်။

မေး။ ။ အစ်ကို့အနေနဲ့ single အခွေတွေလည်း အများကြီးထွက်ထားတယ်၊ duet song တွေမှာလည်း အများကြီးပဲ ထွက်ထားတယ် ဆိုတော့ အစ်ကိုထွက်သမျှသီချင်းတွေ တော်တော်များများကို ပရိသတ်တွေ လက်ခံတဲ့ လျှို့ဝှက်ချက်ကိုလည်း သိပါရစေဗျ။

ဖြေ။ ။ ဒီလိုပါ ကျွန်တော်ကတော့ တော်ရုံတန်ရုံ သီချင်းတစ်ပုဒ်လုပ်ရင်တော့ ပြီးစလွယ်တော့ သိပ်မလုပ်တတ်ဘူးပေါ့နော်၊ တော်တော်များများလည်း အဲဒီလိုပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ဒီသီချင်းက အမြဲတမ်း အသက်ရှင်မယ့် သီချင်းပေါ့နော်၊ ပြောချင်တာ ဒီသီချင်းတစ်ပုဒ်ကို ကျွန်တော်တို့ ဆိုလိုက်ပြီ၊ တီးလိုက်ပြီ၊ arrangement လုပ်လိုက်ပြီဆိုရင် ဒီသီချင်းက ဒီမှာတင် ပြီးသွားမှာမဟုတ်ဘူး။ နောက်ထပ် အနှစ်နှစ်ဆယ်၊ သူများပြန်ဆိုတေးသော်လည်းကောင်း၊ နောက်ထပ် အရင်တုန်းက သီချင်းတွေ အခုဆိုရင် ၁၉၇၀-၁၉၈၀ သီချင်းတွေ ပြန်လွှင့်တဲ့ အခါကျလို့ရှိရင် ကျွန်တော်တို့လည်း အဲဒီလိုမျိုး ပြန်လွှင့်ခံရမှာပဲလေ နော့်၊ ဆိုတဲ့အခါကျလို့ရှိရင် Next Generation တွေ နားထောင်တဲ့အခါမှာ အော် သူတို့ သေသေချာချာ ကောင်းကောင်းမွန်မွန် လုပ်ထားပါလား ဆိုတဲ့ ဂုဏ်ပုဒ်လေးတော့ လိုချင်တယ်ပေါ့နော်၊ အဲ့ဒီ ဦးကောင်းကောင်း ဖြစ်သွားတဲ့ အချိန်ပေါ့နော်၊ ဆိုတော့ အကောင်းဆုံး ကျွန်တော်လုပ်တယ်၊ ကျွန်တော့် သီချင်းတွေဆို ကျွန်တော် သေသေချာချာ arrangement လုပ်တယ်၊ mixing ဆိုရင်တောင်မှ ဒီမြန်မာနိုင်ငံမှာ အကောင်းဆုံးပေါ့နော်၊ ဆရာချစ်စမ်းမောင်နဲ့လည်း ကျွန်တော် သေသေချာချာလုပ်ထားတယ်၊ ဆိုတော့ ပရိသတ်တွေကို ကျွန်တော် စေတနာမှန်လို့ ပြန်ပြီးတော့မှ အကျိုးပေးတယ်လို့ပဲ ကျွန်တော်မြင်တယ်ပေါ့နော်၊  ကျွန်တော်အကောင်းဆုံး လုပ်ဆောင်တဲ့အခါမှာ ပရိသတ်အကြိုက် သီချင်းတွေ ဖြစ်သွားတယ်လို့ပဲ ပြောရမှာပေါ့။

မေး။ ။ ဒီကြားထဲမှာ ဆိုလို့ရှိရင်လည်း၊ အစ်ကို့အနေနဲ့ အိမ်ထောင်ရေးတစ်ခု ထူထောင်လိုက်တယ် ပေါ့နော်၊ အမှတ်မထင် ပရိသတ်တွေလည်း လုံးဝ surprise  ဖြစ်သွားပါတယ်၊ ပြီးတော့မှ ခဏနားပြီးတော့မှ အခုနောက်ဆုံးထွက်ရှိထားတဲ့ အခွေပေါ့ ၊အဆိုးထဲကအကောင်း ဆိုတဲ့ အခွေက ပြန်လည် ထွက်ရှိတာဆိုတော့ ကြားထဲက အစ်ကို နည်းနည်းလေး အဆက်အသွယ်ပြတ်သွားတဲ့ အကြောင်းလေး သိပါရစေဗျ။

ဖြေ။ ။ အဆိုးထဲကအကောင်း မတိုင်ခင်မှာ ညီမျှခြင်း ဆိုတဲ့ အလ်ဘမ်ကို ထွက်ထားတယ်၊ အဲဒီ ညီမျှခြင်း အလ်ဘမ် ထွက်ပြီးတာနဲ့ ကျွန်တော် သြစတြေးလျ ထွက်သွားတဲ့အခါမှာ၊ ကြားမှာ gap ဖြစ်သွားတယ်ပေါ့နော်၊ ကြားမှာ ပရိသတ်နဲ့ ထပ်အဆက်အသွယ်ပြတ်သွားပါတယ်၊ ပြီးတော့ အဲဒီအခွေကလည်း နည်းနည်းလေး ကျွန်တော် သိပ်မကြိုက်တဲ့ အနေအထားမှာ ရှိတယ်ပေါ့နော်။ copy ကလည်း တစ်ပုဒ်ပါသွားတယ်ဆိုတော့ ၊ကျွန်တော်က အဲဒီလိုမျိုး စိတ်တစ်ခုခု ခုနေပြီဆိုရင် ကျွန်တော် ဆက်မလုပ်ချင်တော့ဘူးဆိုတော့ ဒီအခွေ ကျွန်တော်တို့ နှစ်ထောင်လားမသိဘူး အဲဒီလောက်ပဲ ဖြန့်တယ် ပရိသတ်လက်ထဲကိုပေါ့၊ ပြီးတော့ အဲဒီလောက်ထိလည်း ပရိသတ်လက်ထဲ မရောက်ဘူး ဆိုတော့ ဒီအခွေကို အကောင်းဆုံး ပြန်လုပ်ချင်တယ် ဆိုတော့ သေသေချာချာ အချိန်ယူတယ် ။ ကြားမှာတော့ ပရိသတ်နဲ့ တော်တော်ဟသွားတယ်ပေါ့နော်၊ ပြီးတော့ ကိုယ့်ရဲ့ စိုးရိမ်စိတ်နဲ့ပေါ့ ပရိသတ်တွေဆီ ပြန်ပြီး Come back အနေနဲ့ ပြန်လာမယ်ဆိုလို့ရှိရင် ပရိသတ်လက်ခံပါ့မလား၊ ဒါမှမဟုတ် ပရိသတ်များ ကိုယ့်ကိုဘယ်လိုမျိုး မြင်သွားပြီလဲ ဆိုတော့ စိုးရိမ်စိတ်မြောက်များစွာနဲ့ ပရိသတ်တွေဆီ လာတယ်၊ ဒါပေမယ့် ခုနပြောသလိုပဲ အကောင်းဆုံးပရိသတ်အတွက် ကြိုးစားထားတယ်ဆိုတော့ ပရိသတ်ကလည်း အကောင်းဆုံးပြန်တုံ့ပြန်တဲ့အတွက် အရမ်းဝမ်းသာပါတယ်။

မေး။ ။ ဒီ အဆိုးထဲက အကောင်းဆိုတဲ့ အခွေမှာ အဓိက ထူးခြားမှုတွေက အများကြီးပါနေတယ်လို့ ကျွန်တော်ထင်တယ်ဗျ၊ ဘာကြောင့်လဲဆိုတော့ အစ်ကိုတို့လို music line က လူနဲ့ပေါ့နော်၊ ကို J ကြီးတို့လို ကို J Me လည်းပါတယ်၊ ပြီးလို့ရှိရင် ကိုစိုင်းစည်တွမ်ခမ်းတို့ပါတယ် ပြီးရင် နောက်ဆုံးက တော့ နီနီခင်ဇော်ပေါ့၊ နီနီပါတဲ့အတွက်ကြောင့်မို့လို့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကလည်း အစ်ကို့ပေါ် မြင့်တက်နေတယ်လို့လည်း ကျွန်တော်ထင်တယ်ဗျ၊ ဆိုတော့ အဲ့ဒီအကြောင်းလည်း သိပါရစေ။

ဖြေ။ ။ ဒါက ကျွန်တော်ကျတော့ Music တိုင်း ကျွန်တော်ကြိုက်တယ်၊ mono လည်း ကျွန်တော်နားထောင်တယ်၊ ကျွန်တော့်ဖုန်းထဲမှာဆိုရင် တွံတေးသိန်းတန်လည်း ရှိတယ်၊ အရမ်းကြိုက်တယ်ဆိုတော့ ကျွန်တော် Music တိုင်းကို ချစ်တယ်၊ တကယ့် Music ချစ်တဲ့လူက ကျွန်တော်အစစ်၊ သီချင်းနားထောင်လို့ရှိရင်လည်း ကျွန်တော်သီချင်းတွေ အကုန်နားထောင်ပစ်လိုက်တယ်။ rock ၊ reggae ၊ pop ၊ R n B အကုန်နားထောင်တဲ့အခါမှာ တော်ရုံတန်ရုံ Music လာရင်တော့ 100% ကျွန်တော် မဆိုနိုင်သည့်တိုင်အောင်တော့ ကျွန်တော် လိုက်ခံစားပေးလို့ရတာပေါ့နော်၊ ဆိုတော့ ဒီထဲမှာ ဆိုလို့ရှိရင်လည်း rapper ပေါ့နော်၊ ကို ဂျေမီ နဲ့ဆိုတော့ တွဲတဲ့အခါမှာ ကျွန်တော် ဆိုလို့ရှိရင် reggae ဆိုတာ ဝါသနာအရမ်းပါတယ်၊ ဒါပေမယ့် reggae ဆိုတာ reggae အစစ်တော့ ကျွန်တော်မဆိုနိုင်ဘူး pop reggae ပေါ့နော်၊ ဆိုတော့ pop reggae နဲ့ အခု rock နဲ့ ကျွန်တော် တွဲလိုက်တဲ့အခါမှာ ဘယ်လိုပုံစံမျိုး ဖြစ်မလဲပေါ့နော်၊ အဲဒီလိုမျိုး ကျွန်တော် အရမ်းထူးထူးဆန်းဆန်းထွင်ချင်တယ်၊ ဆိုတော့ ကျွန်တော့သူငယ်ချင်းရေးထားပေးတာနဲ့ အဲဒီမှာကျတော့ rap ကျတော့ ကိုဂျေမီပဲ သူရေးပေးတာ၊ ပြီးတော့ နောက်တစ်ခုက ဘာလဲဆိုတော့ စိုင်းစည်တွမ်ခမ်း နဲ့ ကျွန်တော်လည်း သီချင်းဆိုရတာ အရမ်းဝါသနာပါတယ်၊ အဲဒီလိုဆိုတော့ ကိုယ့်မှာလည်း အဲဒီလို မိတ်ဆွေတွေရှိတယ် ဆိုတော့ ၊ bro ဒီသီချင်းလေးက Bro နဲ့ လိုက်မယ်ပေါ့နော်၊ ပုံစံတစ်မျိုးလေး ဖြစ်သွားမယ်ဆိုတော့ ဒါနဲ့ သူလည်း ဆိုဖြစ်တာ၊ ပြီးတော့ နီနီခင်ဇော် ပါလာတဲ့ အပုဒ်က ကျွန်တော်တို့ rock အပုဒ်လို့ ပြောလို့ရတယ်၊ သူလည်း Rap မဆိုဘူး၊ စိုင်းစည်လည်း မဆိုဘူး၊ ကျွန်တော်လည်းမဆိုဘူး ဒါပေမယ့် ကျွန်တော်တို့ သုံးယောက် ဖန်တီးလိုက်ရင် တစ်မျိုး တစ်မည်များ ဖြစ်သွားမလား၊ ဒါပေမယ့် အဲဒီသီချင်းကို ကျွန်တော်က သာဒီးလူ နဲ့ ဆိုဖို့၊ သာဒီးလူ က သိတဲ့အတိုင်း ပွဲတွေအရမ်းများတယ်ဆိုတော့ သူနဲ့ ကျွန်တော်နဲ့က မိတ်ဆွေတွေဆိုတော့ ဒိတ်ချိတ်လို့ မလွယ်ဘူးလေ၊ မလွယ်တော့  ရတယ်ကွာလို့၊ ခွေကလည်းထွက်ဖို့ နည်းနည်းနီးပြီဆိုတော့မှ ဒါကလည်း နီနီကလည်း ကျွန်တော်တို့နဲ့ အရမ်းခင်ကြတယ်ဆိုတော့ နီနီလို့ Rock လေးဖြစ်တယ် အစ်ကို့ကို ဆိုပေးလို့ရလားပေါ့နော်၊ အစ်ကို ရေးထားတဲ့သီချင်းလေးပေါ့ ၊ လေးလုံးရောဂါ ဆိုတဲ့ဟာ သူကလည်း မငြီးမငြူဘဲနဲ့ ကျွန်တော်တို့ မောင်နှမသုံးယောက်ပေါ့နော်၊ တကယ်ကြိုးစားပြီး သီဆိုတဲ့အခါမှာလည်း အကောင်းဆုံး ပုံစံလေးထွက်လာတာ၊ ဒီထဲမှာ ဆိုလို့ရှိရင် ဟာမိုနီ တော်တော်ပညာပြထားတဲ့ နောက်ပိုင်းဆို ပိုပြီးတော့မှ သိသာတယ်ပေါ့နော်၊ ဆိုတော့ ပရိသတ်နားထောင်လိုက်ရင် အရသာတစ်မျိုး ရမယ်လို့ ကျွန်တော်ထင်တယ် ဆိုတော့ ဒီထဲမှာ ဆိုလို့ရှိရင် ထူးထူးခြားခြား အချစ်နဲ့ငါးပိဆိုတာ ယိုးဒယား Char Cher ပုံစံလေးပေါ့နော်၊ ဒါ တစ်ချို့ပရိသတ်တွေမေးတာ အစ်ကိုတို့က Copy လားပေါ့၊ ကျွန်တော်တို့ ယိုးဒယားပါဆိုတော့ ဒီလိုမျိုးဆို Copy မဟုတ်ပါဘူး၊ မြန်မာပြည်မှာ ဆိုလို့ရှိရင် ကုန်းက ကုန်းက ဆိုတဲ့  အဲ့လိုမျိုးလေးပေါ့၊ traditional song  ပုံစံဆိုတော့ ကျွန်တော်တို့ မြန်မာပြည် အရမ်း ငါးပိကြိုက်တယ်၊ ဆိုတော့ ကျွန်တော်ကိုယ်တိုင် ကလည်း ငါးပိကြိုက်တယ်။  ငါးပိကို ဒီလိုမျိုး ယိုးဒယား Char Char လေးနဲ့ Char Char ပုံစံလေးပေါ့နော် ရေးလိုက်မယ်ဆိုလို့ရှိရင် လိုက်နားထောင်တဲ့ ပရိသတ်ရော အောက်မှာ က ချင်တဲ့ ပရိသတ်တွေရော အဆင်ပြေတယ် ဆိုပြီးတော့မှ ကျွန်တော် ဒီထဲမှာဆို ထူးခြားမှုပေါင်းမြောက်များစွာ ထည့်ထားတယ်၊ ဝေဖန်မှုလည်း ကြုံရပါတယ်၊ ဒါပေမယ့် ပြဿနာမရှိပါဘူး။ ကျွန်တော်ယုံကြည်တာဆို ကျွန်တော်လုပ်တယ်။ ပရိသတ်တွေအတွက် တကယ်ပဲ စေတနာထားပြီး လုပ်တဲ့အခါမှာတော့ အကောင်းဆုံး Feed Back လည်းပြန်လာပါတယ်။

မေး။ ။ ဒီအခွေထဲမှာ ဆိုလို့ရှိရင်လည်း အကောင်းဆုံးလို့လည်း ပြောလို့ရတယ်၊ ပရိသတ်တွေ လောလောဆယ်အထိ တော်တော်များများ လက်ခံထားတဲ့ သီချင်းတစ်ပုဒ်လို့လည်း ပြောလို့ရတယ် ၊ ပျော်နေပါ ၊ ဒီသီချင်းဟာ ဆိုရင် အွန်လိုင်းမှာလည်း တော်တော်လေး ပေါက်ခဲ့ပြီးသား ဆိုတော့ ဒီသီချင်း ဖန်တီးတဲ့ အချိန်မှာ ဆိုရင်လည်း အစ်ကို့အနေနဲ့ပေါ့နော် ဒီ Music Video ရိုက်တဲ့အချိန်မှာ ကိုစိုင်းစည်တွမ်ခမ်းနဲ့ ရိုက်ထားတယ်ပေါ့နော်၊ တော်တော်များများ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရိုက်လို့ရှိရင် ကားတို့၊ စက်ဘီးတို့၊ ဆိုင်ကယ်တို့ပဲ သုံးထားတယ်၊ ဒီမှာကျတော့ ထူးဆန်းစွာနဲ့ ဆိုက်ကားကို သုံးထားတယ်ဆိုတော့ ဒီ Music Video ဖန်တီးတဲ့ အချိန်တုန်းကလည်း အစ်ကို့အနေနဲ့ အမှတ်တရတွေရှိရင် သိပါရစေဗျ။  

ဖြေ။ ။ ဒီထဲမှာ ဒါရိုက်တာ စနိုးပေါ့နော် သူကဘာတွေလျှောက်တွေးလည်းမသိဘူး ထူးခြားလွန်းတယ် ။ ဆိုက်ကားစီးတဲ့အခန်း အစ်ကိုတို့ ဆိုက်ကားစီးနေတဲ့အခန်းလေ သိတယ်မလား၊ ဒါပေမယ့် ကိုစိုင်းစည်ကလည်း တော်တယ်ဗျ သရုပ်ဆောင်တော်တယ်ဆိုတော့ သူနဲ့ ဒါရိုက်တာ ပြောတဲ့အရာကို သူကမငြင်းဘူး ရိုက်မယ်ဆိုတော့ ဒီအခွေထဲမှာဆိုရင် ဒါကတော့ အခက်အခဲရယ်လို့တော့ မရှိပါဘူး၊ ဘာလို့လဲဆိုတော့ ခက်ခဲတာ တစ်ခုပဲရှိတယ် ငွေပဲ၊ ဘာလို့ဆိုတော့ ကျွန်တော်က အခု ဒီလောကထဲ အခုမှ ပြန်လာတာဆိုတော့ ကျွန်တော်က နည်းနည်း အဆက်အသွယ်ပြတ်တယ်ဆိုတော့  ဘယ်လိုလုပ်ရမလဲဆိုတာ ဒီအခွေထဲမှာ ဆိုလို့ရှိရင် ကျွန်တော့်ကို နီနီခင်ဇော်က အများကြီး ပံ့ပိုးပေးတယ်လို့ ပြောလို့ရတယ်ပေါ့နော်၊ ဘယ်လိုမျိုး ကိုကောင်းရေ ဘယ်အချိန်မှာ ဘယ်လိုလေးထွက် ဘယ်လိုတွေဆို ဆိုတော့ ဒီထဲမှာလည်း ဒီသီချင်းဆိုလို့ရှိရင် အန်တီမာနဲ့ နီနီခင်ဇော်က ကိုယ်တိုင် စပွန်ဆာပေးထားတာ စပွန်ဆာဆိုတာ ဆူခိုရိုက် ပေါ့နော်၊ Lashio Night Market တစ်ခါတည်း ကြော်ငြာပေးတာ ဝေဇယန္တာလမ်းမှာရှိတဲ့ စားလို့သောက်လို့ အရမ်းကောင်းတဲ့ ကိုစိုင်းစည်ဖွင့်ထားတဲ့ဆိုင် သူတို့က ဝိုင်းပြီးတော့မှ ကျွန်တော့ကို စပွန်ဆာပေးထားတဲ့ သီချင်းလေးဖြစ်တဲ့အခါမှာ ပြီးတော့ ဥပမာ ဒီလိုမျိုး Audio CD ပဲပေးလိုက်တာထက် Music Video ပေးလိုက်မယ်ဆို တစ်ချို့ဆိုလည်း Music Video ခံစားချင်တယ်နော့်၊ ဆိုတဲ့အခါမှာ ဒီသီချင်းက အဆင်တော်တော်ပြေသွားတယ်လို့ ပြောလို့ရတယ်၊ အခုထက်ထိလည်း ကျွန်တော်တင် မဟုတ်ဘူး Cover ပြန်ဆိုတဲ့ လူတိုင်းလည်း ပေါက်တယ်၊ အဲဒီလိုပြောလို့ရတယ်။   ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly