ခြံအမှတ် ၅၄ အတွက် လမ်းဆုံးအထိ ဆက်လျှောက်မယ်လို့ ဦးအောင်ဆန်းဦး ဆို

ခြံအမှတ် ၅၄ အတွက် လမ်းဆုံးအထိ ဆက်လျှောက်မယ်လို့ ဦးအောင်ဆန်းဦး ဆို

နေပြည်တော်(ဇန်နဝါရီ ၁၁ရက်၊ ၂၀၁၉ခုနှစ်)။ ။ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄ အမွေကိစ္စ နှင့်ပတ်သက်ပြီး ဥပဒေကြောင်းအရ ခွင့်ပြုထားသည့် နောက်ဆုံးကြိုးပမ်းမှုအဖြစ် အမှုကို ပြန်လည်စစ်ဆေး ပေးရန် ဦးအောင်ဆန်းဦးက ပြည်ထောင်စုတရားသူကြီးချုပ်ထံ တိုက်ရိုက်တင်ပြလိုက်သည်။

ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၂ဝအရ အထူးအယူခံဝင်ခွင့်ပြုရန် ကာယကံရှင် ဦးအောင်ဆန်းဦးနှင့် သူ၏ ရှေ့နေဖြစ်သူတို့က နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ ဇန်နဝါရီ ၁၁ရက်၊ နေ့လယ်ပိုင်းတွင် လာရောက်ကာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးထံ တိုက်ရိုက် တင်ပြ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

 “ဒီအဆင့်က ပြည်ထောင်စုတရားသူကြီးချုပ်က ခွင့်ပြုဖို့ပဲ လျှောက်တာ။ ခွင့်မပြုရင်တော့ ဒါပြီးပြီ။ သူ့ အပေါ်မှာပဲ အခရာ မူတည်တယ်” ဟု ဦးအောင်ဆန်းဦး၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးအေးလွင်(မိုးဟိန်းကျော်)က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အရှေ့တွင် မီဒီယာများကို ပြောသည်။

 ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၂၀ တွင် “အထူးအယူခံခုံရုံး သို့မဟုတ် စုံညီခုံရုံးဖြင့် စစ်ဆေး စီရင်ထားသည့် အမှုမှအပ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အပြီးသတ် စစ်ဆေးစီရင်ထားသည့် မည်သည့်အမှုကို မဆို အများပြည်သူအကျိုးငှာ အရေးယူလောက်သော ပြဿနာတစ်ရပ်ရပ် ပေါ်ပေါက် သည်ဟု ပြည်ထောင်စုတရားသူကြီးချုပ်က မိမိသဘောအရ ထင်မြင်ယူဆလျှင် ထိုပြဿနာကို အထူး အယူခံခုံရုံး သို့မဟုတ် စုံညီခုံရုံးဖြင့် ပြည်လည်စစ်ဆေး စီရင်စေနိုင်သည်” ဟူ၍ ပြဋ္ဌာန်းထားသည်။

 ဥပဒေကြောင်းအရ ပြည်ထောင်စုတရားသူကြီးချုပ်အနေဖြင့် ၎င်း၏ ဆင်ခြင်တုံတရားအရ ဦးအောင်ဆန်းဦး၏ တင်ပြချက်အပေါ် ခွင့်မပြုဘဲ ပယ်ချနိုင်သည့် အခွင့်အာဏာ ရှိသည်။

 ထိုသို့ ပယ်ချခံရပါက “(ဒီတစ်ကြိမ်ပြီးရင်) ဥပဒေအတိုင်း လမ်းဆုံးသွားပြီ။ ဥပဒေဆိုတာ တရားဥပဒေကို ပြောနေတာ မဟုတ်ဘူး။ မတရားဥပဒေလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် လမ်းကတော့ ဆုံးသွားပြီ” ဟု ကာကယံရှင်ဖြစ်သူ ဦးအောင်ဆန်းဦးက ဆိုသည်။

မြေအကျယ်အဝန်းအားဖြင့် နှစ်ဧကနီးပါး ရှိသည့် ခြုံအမှတ် ၅၄အတွင်းရှိ ခြံနှင့်နေအိမ် အမွေပိုင်ဆိုင်ခွင့်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုအရင်းဖြစ်သူ အမေရိကန်နိုင်ငံသား ခံယူထားသော ဦးအောင်ဆန်းဦးက လွန်ခဲ့သည့် ၁၉နှစ်ကတည်းက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

 ထို့နောက် ၂၀၁၂ခုနှစ်တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ခြံအမှတ်(၅၄)အတွင်းမှ ပေ(၁၀၀×၇၀) အကျယ်ရှိ မြေကို ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်က ၎င်း မသေဆုံးခင် မွေးစားသား ဦးခင်မောင်အေးကို မေတ္တာဖြင့် ပေးအပ်ခဲ့သည့်အတွက် ယင်းဧရိယာကို ချန်လှပ်၍ ခွဲယူရန် အမိန့်ချမှတ်ခဲ့သည်။

 သို့သော် ယင်းအမိန့်အရ ဦးအောင်ဆန်းဦးအနေဖြင့် ၎င်းရသည့် မြေပေါ်တွင် အိမ်မပါသလို ဒေါ်ခင်ကြည်က မွေးစားသား ဦးခင်မောင်အေးကို မြေပေးခဲ့၍ အမွေခွဲရာတွင် ယင်းမြေ မပါခြင်းအပေါ် ကျေနပ်မှုမရှိဘဲ သက်ဆိုင်ရာသို့ ဥပဒေကြောင်းအရ အဆင့်ဆင့် တင်ပြလျှောက်ထားလာခြင်းဖြစ်သည်။

 "အခုဟာက နှစ်ယောက်ထဲ ရှိတယ်။ ဒါထက် လွယ်ဦးမလား။ အဲ့ဒါကိုတောင်မှ ၁၉နှစ်ရှိပြီ။ ညီတူညီမျှ မခွဲနိုင်ဘူးဆိုတာ တစ်ခုခုတော့ အများကြီး မှားနေပြီဆိုတာ ဥပဒေအရကော ဟိုဘက်က မခွဲချင်၊ ခွဲလို့မရအောင် လုပ်တဲ့ဘက်ကကော မှားနေပြီဆိုတာ သိဖို့ကောင်းပြီ။ အဲ့ဒါမှ မစဉ်းစားတတ်လို့ရှိရင်တော့ ငတုံးလို့ပဲ ပြောရတော့မှာပဲ" ဟု ဦးအောင်ဆန်းဦးက သတင်းထောက်များကို ပြောသည်။

 ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းကလည်း အဆိုပါ အမွေခွဲဝေမှုနှင့်ပတ်သက်၍ ဦးအောင်ဆန်းဦးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးထံ အထူးအယူခံ တင်သွင်းခဲ့သေးသည်။ သို့ရာတွင် ဒီဇင်ဘာ ၁၂ရက်တွင် ၎င်း၏ အထူးအယူခံတင်သွင်းမှုကို ပ လပ်ခဲ့သည်။

 “ပ လပ်လိုက်တဲ့ တရားသူကြီးတွေကလည်း စုကြည် ခန့်ထားတဲ့ တရားသူကြီးတွေ။ ဒါကြောင့် ကျွန်တော် တို့က နောက်ဆုံး ဥပဒေဘောင်အတွင်းက လုပ်နေတုန်းပဲ။ ထွန်းထွန်းဦးတို့ ဘာတို့က သူတို့ ယူထားတဲ့ တာဝန်ဝတ္တရားအရ ကျွန်တော့ကို မှန်မှန်ကန်ကန် လုပ်ပေးဖို့ မီဒီယာကနေတစ်ဆင့် ပြောချင်တယ်” ဟု အသက် (၇၅)နှစ်အရွယ် ဦးအောင်ဆန်းဦးက ပြောသည်။

 ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၂ဝအရ ဦးအောင်ဆန်းဦးအနေဖြင့် ယခုကဲ့သို့ တိုက်ရိုက် တင်ပြခွင့် ရှိသော်လည်း အောင်မြင်နိုင်ခြေ နည်းပါးကြောင်း ဝါရင့်ရှေ့နေကြီးတစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က သုံးသပ်သည်။

 “အခုဟာက တရားသူကြီးရဲ့မူလဘူတအာဏာ လျှောက်တယ်ဆိုတာက ဥပဒေအရ ကြည့်လိုက်တာနဲ့ အထင်အရှားကြီးကို ဒါအမှားကြီးလို့ ဖြစ်ရလောက်ရင် အဲ့ဒါမှ တရားသူကြီးရဲ့မူလဘူတအာဏာ သုံးရတယ်ဗျ။ အဲ့တော့ အခုဟာက တင်တယ်။ ရုံးက ကြည့်လိုက်မှာပဲ။ ကြည့်ပြီးတော့မှ ဒီဟာကတော့ မူလဘူတအာဏာ သုံးရလောက်အောင် ဖြစ်တဲ့ကိစ္စ မဟုတ်ဘူးဆိုပြီးတော့ ပယ်လောက်နိုင်တယ်လို့ ကျွန်တော် ထင်တယ်။ မအောင်မြင်နိုင်ဘူးပေါ့ဗျာ” ဟု ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောသည်။

အဆိုပါ ခြံအမှတ်(၅၄) ခြံဝင်းနှင့် နေအိမ်ကို လေလံပစ်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်ဝက်စီ ခွဲယူရန် ဦးအောင်ဆန်းဦးက ဆန္ဒရှိနေခြင်း ဖြစ်သည်။

 ခြံအမှတ် (၅၄)သည် ဒီမိုကရေစီရေးအတွက် ဒေါ်အောင်ဆန်းစုကြည် နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ် ကျခံရသည့် နေအိမ်ဖြစ်ပြီး အကျယ်ချုပ်မှလွတ်လာချိန်တွင်လည်း အမေရိကန်သမ္မတ အိုဘားမား အပါအဝင် နိုင်ငံတကာခေါင်းဆောင်များ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံသည့် အထင်ကရ နေရာတစ်ခု လည်း ဖြစ်သည်။

 
အဆိုပါ နေအိမ်နှင့် ခြံဝင်းကို ပြတိုက် လုပ်သင့်သည်ဟု ယူဆချက်များအပေါ်ကိုလည်း ဦးအောင်ဆန်းဦးက အောက်ပါအတိုင်း တုံ့ပြန်ခဲ့သည်။

 “ရှင်းရှင်းပြောရရင် စုကြည်က သူ့အတွက် အထိမ်းအမှတ် အနေနဲ့ လုပ်ချင်ရင်တော့ ဒါ အဓိပ္ပာယ် အဲ့တစ်ခုပဲ ရှိမယ်။ အဲ့ဒါကော ဥပဒေအရ လုပ်ခွင့်ရှိလားဆိုတော့ ဘာမှ မရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်က တစ်ဝက်ပိုင်ထားလို့ပဲ။ ကျွန်တော့ကို ကျေနပ်အောင် ကျွန်တော် ပိုင်ဆိုင်မှုကို ဝယ်ပြီးတော့ အထိမ်းအမှတ် လုပ်ချင်ရင်တော့ ဒါက ရပါတယ်။ ဒါပေမယ့် ကျွန်တော့ကို တန်ရာတန်ဖိုး မပေးဘဲနဲ့ အမျိုးမျိုး အကြောင်းတွေ ပြပြီးတော့ လျှော့ချပြီးတော့ အကုန်လုံး အပိုင်စီးတယ်ဆိုတာ အဓိပ္ပာယ် မရှိဘူး” ဟု ဦးအောင်ဆန်းဦးက ပြောကြားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly