ရခိုင်ပြည်နယ်တွင် Rakhine State Investment Fair 2019ကို ကျင်းပမည်

ရခိုင်ပြည်နယ်တွင် Rakhine State Investment Fair 2019ကို ကျင်းပမည်

ဇန်နဝါရီ ၁၁ ။         ။ ရခိုင်ပြည်နယ်ရှိရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်ရန် Rakhine State Investment Fair 2019 ကို ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

 ရခိုင်ပြည်နယ်တွင် စီးပွားရေးဖွံ႕ဖြိုးတိုးတက်ရန်အတွက် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်မှုများလာရောက်လုပ် ဆောင်နိုင်အောင် ဖိတ်ခေါ်ကျင်းပခြင်းဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) အလုပ်အမှုဆောင် ဦးထွန်းထွန်းနိုင် ကပြောသည်။

"ရခိုင်မှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်တဲ့အခါမှာ ဘာတွေသွားတွေရလဲဆိုတာက ပြဿနာကရခိုင်အရေး ကြောင့် မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေမလာတာကို တွေ့ရပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့တွေ က ရင်းနှီးမြှုပ်နှံမှုပွဲကို မလုပ်ခင်မှာ ကျွန်တော်တို့က Beautiful Rakhine ဆိုတဲ့ Photo ကမ်ပိန်းကိုလုပ်ပြီး တော့ Image ကို အရင်မြှင့်တင်မှာဖြစ်ပါတယ်။ ပြီးတဲ့အခါကျမှ ရင်းနှီးမြှုပ်နှံမှုတွေလာအောင် လုပ်မှာဖြစ်ပါ တယ်။ အဓိကတော့ရေရှည်မှာ ရခိုင်ပြည်နယ်ဖွ့ံဖြိုးတိုးတက်ဖို့ တည်ငြိမ်အေးချမ်းဖို့ဆိုတာ အဓိကအကြောင်း အရင်းအချက်က စီးပွားရေးဖွ့ံဖြိုးတိုးတက်ဖို့ကအရေးပါပါတယ်" ဟု ဦးထွန်းထွန်းနိုင် ကပြောသည်။

 Rakhine State Investment Fair 2019ကို ဖေဖေါ်ဝါရီ ၂၁မှ ၂၃ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၁ဝမှ ၁၅ခုခန့် ဝင်ရောက်လာနိုင်ရန်မျှော်မှန်းထားကြောင်း သိရသည်။

 ရခိုင်ပြည်နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံသည့် လုပ်ငန်းများအပြင် စက်မှုဇုန်များလည်း အကောင်အ ထည်ဖော်ဆောင်ရွက်နိုင်အောင်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဒေသတွင်းရှိ လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ဦးထွန်းထွန်းနိုင် ကပြောသည်။

ထို့အပြင် ဒေသန္တရဖွံ႕ဖြိုးတိုးတက်ရေးအတွက် ခရီးသွားကဏ္ဍကိုလည်း ဖွံ႕ဖြိုးတိုးတက်အောင်လုပ်ဆောင်သွားရန် ရည်ရွယ်ကြောင်း သိရသည်။

"ကျွန်မတို့နိုင်ငံမှာ ပြည်ပက ရင်းနှီးမြှပ်နှံလိုသူတွေအပြင် ပြည်တွင်းကရင်းနှီးမြှုပ်နှံသူတွေပါ ရခိုင်မှာရင်းနှီးမြှုပ်နှံ လို့ရတဲ့အခွင့်အရေးတွေကို သိမြင်ပြီး သတင်းအချက်အလက်တွေ အပြည့်အဝရရှိပြီးတော့ သွားရောက်ရင်းနှီး မြှုပ်နှံစေချင်တဲ့အတွက်ကြောင့် မီဒီယာဘက်ကနေ ၀ိုင်းဝန်းကူညီခြင်းဖြစ်ပါတယ်" ဟု Mango Media Group စီအီအို ဒေါ်အေးနှင်းဆွေ ကပြောသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်တွင် ရင်နှီးမြှုပ်နှံမှုလာရောက်ရန်အတွက် တရုတ်၊ ဂျပန်၊ အိန္ဒိယနှင့် အာဆီယံဒေသ တွင်းနိုင်ငံများကို အဓိကထားဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly