ဦးဆောင်မှုပေးတဲ့လူများသည် ကိုယ်လုပ်ပေးမယ်လို့ပြောတဲ့ ကိစ္စတွေကို ဖြစ်မြောက်အောင် လုပ်ပေးရမယ်လို့ ဒေါ်စုဆို

By မျိုးထွန်းနိုင်
11 January 2019
ဦးဆောင်မှုပေးတဲ့လူများသည် ကိုယ်လုပ်ပေးမယ်လို့ပြောတဲ့ ကိစ္စတွေကို ဖြစ်မြောက်အောင် လုပ်ပေးရမယ်လို့ ဒေါ်စုဆို
ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ။         ။ ဦးဆောင်မှုပေးတဲ့လူတွေသည် ကိုယ့်ရဲ့သစ္စာတရားအပေါ်မှာ ယုံကြည်အောင် လုပ်နိုင်ရမည်ဖြစ်ပြီး စကားတည်ရမည်ဖြစ်ကာ ကိုယ် လုပ်ပေးမယ်လို့ပြောတဲ့ ကိစ္စတွေကို ဖြစ်မြောက်အောင် လုပ်ပေးရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ဇန်နဝါရီလ ၁ဝရက် မနက်ပိုင်းက  မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောဝင်းအတွင်း ကျင်းပသည့် (၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်စဉ် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆို ခဲ့ခြင်းဖြစ်သည်။

မနောပွဲများ၏ ဇာစ်မြစ်ကို ပြန်လည်စဉ်စားပါက နတ်ကိုးကွယ်မှုနှင့် ပတ်သက်နေကြောင်း ကိုးကွယ်ခြင်း ဆိုသည်မှာ အားကိုးခြင်းဖြစ်ပြီး နတ်၊ဘုရားသခင်တို့ကို အားကိုးလေ့ရှိကြကြောင်း လူသားများအနေဖြင့် မိမိကိုယ် မိမိအားကိုးစေချင်ကြောင်း မိမိကိုယ် မိမိ အားကိုးစေနိုင်သော အစွမ်းသတ္တိများကို မွေးမြူရန်မှာ ပြည်ထောင်စုတိုင်းရင်းသားအားလုံး၏ တာဝန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနား၏ အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံအစိုးရဖြစ်စေ၊ ပြည်နယ်အစိုးရဖြစ်စေ အစုအဖွဲ့များမှ ခေါင်းဆောင်များဖြစ်စေ ဦးဆောင်မှု ပေးသည့် ပုဂ္ဂိုလ်တိုင်းသည် နေ၊ လကဲ့သို့ ကျင့်သုံးရမည်ဟူသည့်  အဆိုရှိကြောင်း နေဆိုသည်မှာ နေ့ဘက် တွင် လူသားများအတွက် အလင်းရောင်နှင့် ရာသီဥတု ချမ်းအေးချိန်တွင် အနွေးဓာတ်ကို ပေးစွမ်းနိုင်ကြောင်း သို့သော်လည်း နေရောင်မှ တိုက်ရိုက်ထိုးပါက မသက်သာသောကြောင့် ဦးဆောင်မှုပေးသောသူများအနေဖြင့် နေလိုလလို ကျင့်သုံးရမည်ဟု ဆိုလိုသည်မှာ အလင်းရောင်နှင့် နွေးထွေးမှု ပေးရန်သာဖြစ်ပြီး နေရောင် တိုက်ရိုက်ထိုးပြီး မျက်စိမသက်မသာ ဖြစ်အောင် လုပ်ဖို့ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

လဆိုသည်မှာ နေမရှိသည့်အခါ နေဝင်သွားသည့် အခါများတွင် ရှေးလူသားများက လကိုအားကိုးရပြီး လဆို သည်မှာ နေ့တိုင်းမထွက်ဘဲ လကွယ်ရက်၊ လပြည့်ရက်တို့ ရှိကြောင်း သို့သော်လည်း လူသားတို့သည်  လ ပြန်ထွက်လာမည့် အချိန်ကို မှန်းဆနိုင်ကြောင်း လဆိုသည်မှာ သစ္စာရှိတတ်ကြောင်း  လူသားတို့သည် လ၏ သစ္စာကို ယုံကြည်ကြကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

“လူသားတွေ က ခန့်မှန်းနိုင်တဲ့အခါ လကသစ္စာရှိတယ်လို့ ဆိုလို့ရတယ်။ လရဲ့သစ္စာကို ယုံကြည်ကြ တယ်။ ဒီအတိုင်းပဲ ဦးဆောင်မှုပေးတဲ့လူတွေဟာ ကိုယ်ဦးဆောင်မှုပေးတဲ့သူတွေက ကိုယ့်ရဲ့သစ္စာတရားအပေါ်မှာ ယုံကြည်အောင် လုပ်နိုင်ရမယ်။ စကားတည်ရမယ်။ ကိုယ် လုပ်ပေးမယ်လို့ပြောတဲ့ ကိစ္စတွေကို ဖြစ်မြောက်အောင် လုပ်ပေးရမယ်။ သူ့အချိန်နဲ့ သူမျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးရမယ်။ ဒါကြောင့် ကျွန်မတို့ ပြည်ထောင်စုသား အားလုံးဟာ တစ်နည်းအားဖြင့် လူတိုင်းဟာ ခေါင်းဆောင်ပဲဖြစ်တယ်။ လူတိုင်းဟာ နောက်လိုက်လည်းဖြစ်တယ်။ နောက်လိုက်လုပ်ရမယ့်အချိန်မှာ နောက်လိုက်လုပ်ရ တယ်။ ခေါင်းဆောင်လုပ်ရတဲ့အချိန်မှာ ခေါင်းဆောင်လုပ်ရတယ်။ အဲဒီလိုလုပ်မယ် ဆိုရင် ကျွန်မတို့ဟာ တစ်ယောက် နဲ့တစ်ယောက်အပေါ် အားကိုးနိုင်ခြင်းဟာ နတ်တွေ၊ ဘုရားတွေရဲ့ သဘောကျလည်း ဖြစ်ပါတယ်။”ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ထို့အပြင် ကချင်ပြည်နယ်နေ့တွင် မနောကွင်း၌ စုစည်းကာ ကချင်ပြည်နယ်နေ့ကို ကျင်းပနိုင်ခြင်းသည် တစ်ဦးကို တစ်ဦးအား ကိုးပြီး တစ်ဦး၏ အင်အားကို တစ်ဦးကယူကာ တစ်ဦး၏ အင်အားကို တစ်ဦးက ဖြည့်ဆည်းပေးပြီး ပြည်ထောင်စုကြီး၏ လမ်းကိုဆက်ပြီးလျှောက်သွားမည် ဟူသည့် သင်္ကေတ အဖြစ် မှတ်ယူကြောင်း ဆိုခဲ့သည်။

 “ဒီလိုစုစည်းမှုရှိလို့သာ ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုကြီးဖြစ်နေတယ်။ ဒီ ပြည်ထောင်စုဟာ ကျွန်မတို့ လိုလားတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု အစစ်အမှန် မဖြစ်သေးဘူး။ ဒါကို ဖြစ်အောင်လို့ ကျွန်မတို့ နိုင်ငံတော် အစိုးရသာမက ပြည်သူလူထု တွေအားလုံး ဝိုင်းဝန်းပြီးတော့ကြိုးစားဖို့လိုတယ်။ အစိုးရ တစ်ခုတည်းကိုပဲ အားကိုးတယ် ဆိုတာ ဒီမိုကရေစီမဆန်ပါဘူး။ တကယ်တော့ ဒီမိုကရေစီဆိုတာ ပြည်သူလူထုပေါ်မှာ အခြေခံတဲ့စနစ်မို့ ပြည်သူလူထုရဲ့ အားကိုအစိုးရတွေကပြန်ပြီးအားကိုးရပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ကချင်ပြည်နယ်နေ့သည် လွတ်လပ်ရေးနှင့် တစ်နှစ်တည်းပေါ်ပေါက်လာခြင်းဖြစ်သောကြောင့် ကချင်ပြည်နယ် နေ့သည် နိုင်ငံလွတ်လပ်ရေး၏  သင်္ကေတလည်းဖြစ်ကြောင်း ပထမဆုံးကချင်ပြည်နယ်နေ့ကို တက်ရောက် ခဲ့သည့် သမ္မတသည် ရှမ်းတိုင်းရင်းသားဖြစ်သော သမ္မတကြီးစပ်ရွှေသိုက်ဖြစ်ခြင်းကြောင့် ကချင်ပြည်နယ် နေ့သည် ပြည်ထောင်စုဖွားတို်င်းရင်းသားအားလုံးနှင့်  သက်ဆိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly