ပျောက်ဆုံးနေခဲ့တဲ့ ပထမကမ္ဘာစစ် ဂျာမန်ရေငုပ်သင်္ဘော ပြင်သစ်ကမ်းခြေ သဲသောင်ပြင်မှာ ပြန်ပေါ်လာ

ပျောက်ဆုံးနေခဲ့တဲ့ ပထမကမ္ဘာစစ် ဂျာမန်ရေငုပ်သင်္ဘော ပြင်သစ်ကမ်းခြေ သဲသောင်ပြင်မှာ ပြန်ပေါ်လာ

ဇန်နဝါရီ ၁၁ ။         ။ ပထမကမ္ဘာစစ်အတွင်း ၁၉၁၇ ဇူလိုင်လတုန်းက ပြင်သစ်ကမ်းရိုးတန်းတစ်နေရာမှာ ကမ်းတင်ပြီး နုန်းမြေတွေအောက် နစ်မြုပ်ပျောက်ကွယ်နေခဲ့တဲ့ ဂျာမနီ ရေငုပ်သင်္ဘောတစ်စင်းဟာ ယခုအခါ  ပြင်သစ်ကမ်းခြေတစ်ခုက သဲသောင်ခုံအောက်ကနေ မြေပေါ် ပြန်ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ မြောက်ပိုင်း Wissant ဒေသ ကမ်းခြေတစ်ခုက သဲသောင်ပြင်မှာ မြေပေါ် ထွက်ပေါ်လာခဲဲ့တဲ့ သတ္ထု ကိုယ်ထည်ကြီးတွေကတော့ အဆိုပါ ပထမကမ္ဘာစစ် ရေငုပ်သင်္ဘောရဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာနောက်ပိုင်း ဒီနေပြန်ကျသွားတော့ အဆိုပါ ဂျာမန်ရေငုပ်သင်္ဘော UC61  ကိုယ်ထည်ရဲ့ ရှစ်မီတာနဲ့ သုံးမီတာရှိ အစိတ်အပိုင်းနှစ်ခု မြေပေါ် ထွက်ပေါ်လာတာကို တွေ့မြင်ရတာဖြစ်ပါတယ်။

" ၁၉၁၇ ဇူလိုင် ၂၆ တုန်းကပေါ့၊ ဒီ သင်္ဘောက ဘယ်လ်ဂျီယံကနေ ဒီကို ရောက်လာတယ်၊ သူ့တာဝန်ကတော့ ပင်လယ်တွင်း သွားလာတဲ့ သင်္ဘောတွေကို နစ်မြုပ်ပစ်ဖို့ပါ၊ စစ်သင်္ဘောတစ်စင်းကိုတော့ ဒီ ရေငုပ်သင်္ဘောက ရေအောက်နစ်မြှုပ် ပစ်ခဲ့ပါသေးတယ်၊ ရန်သူတွေကို အားနည်းသွားစေတဲ့ မဟာဗျူဟာပေါ့" ဆိုပြီး ပင်လယ်ရေကြောင်း သမိုင်း ပညာရှင်တစ်ဦးဖြစ်တဲ့ အစ္စဘယ်လ် ဒီလူမီက ပြောပါတယ်။

ယင်းနောက် စစ်သည်တစ်စုက ယင်းရေငုပ်သင်္ဘောကို သုံးလို့မရတော့အောင် ဖောက်ခွဲရေးပစ္စည်းတွေ သုံးပြီး ဖောက်ခွဲဖျက်စီးပစ်ခဲ့ကြတယ်လို့ သိရပါတယ်။

Wissant က ဒေသခံအားလုံးကတော့ ဒီနေရာမှာ ရေငုပ်သင်္ဘော ရှိတယ်ဆိုတာ သိကြပေမယ့် ဒီ သင်္ဘော အပျက်အစီးတွေက အရင်က နုန်းမြေအောက် ရောက်နေတာကြောင့် ဘယ်သူမှ မတွေ့ခဲ့ကြပါဘူးလို့လည်း သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly