အုတ်ကျင်း ဂုန်နီအိတ်စက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်သမားဆန္ဒဖော်ထုတ်မှုကို သုံးပွင့်ဆိုင် ညှိနှိုင်းမည်

အုတ်ကျင်း ဂုန်နီအိတ်စက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်သမားဆန္ဒဖော်ထုတ်မှုကို သုံးပွင့်ဆိုင် ညှိနှိုင်းမည်

ဇန်နဝါရီ၊ ရန်ကုန် ။             ။ ကျော်ထက်ကျော် အုတ်ကျင်း ဂုန်နီအိတ်စက်ရုံပိတ်သိမ်းသဖြင့် အလုပ်သမား၃ဝဝကျော် စက်ရုံရှေ့၌ စုဝေး ဆန္ဒပြခဲ့မှုနှင့်ပတ်သတ်ပြီး လယ်ယာနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အလုပ်ရှင််၊ အလုပ်သမား သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီး သေချာပေါက်ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ကျော်ထက်ကျော်အုတ်ကျင်းဂုန်နီအိတ်စက်ရုံ၏ တာဝန်ရှိသူများက ပြောသည်။

“ဒါကတော့ အလုပ်သမားတွေပေါ့။ အလုပ်သမားတွေဆိုတာက ဒီစက်ရုံကြီးက ၁၉၅၅ထဲက စပြီး တည်လာတော့ အလုပ်သမားတွေက သူတို့စက်ရုံကြီးအပေါ် သံယောဇဉ်ရှိနေတာပေါ့။ဒါ သူတို့အပိုင်း။ နောက်တစ်ခုကလည်း လယ်ဆည်ကိုလည်း ဒီရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ညှိနှိုင်းပေးဖို့ စာပို့ ထားပါတယ်။အခုထိတော့ ကုမ္မဏီကို အကြောင်းပြန်လာတာမရှိသေးပါဘူး။ရှိလို့ရှိရင် ဆက်ပြီးတော့ ညှိနှိုင်းဆောင်ရွက်သွားမှာပါ” ဟု စက်ရုံမှူး ဦးမျိုးတင့်ကပြောသည်။

ဇန်နဝါရီလ ၁ဝရက်နေ့က ရန်ကုန်မြို့တော်ဝင်နှင်းဆီတွင် ကျော်ထက်ကျော်ကုမ္ပဏီ၏ အုတ်ကျင်း ဂုန်နီအိတ်စက်ရုံ ပိတ်သိမ်းရခြင်းနှင့် ပတ်သတ်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

“ညှိနှိုင်းမှာတော့ သေချာတယ်။အချိန်လေးနည်းနည်းစောင့်ပေးပါ” ဟု Finence director ဦးလှသိန်းက ထပ်မံ အတည်ပြုပြောကြားသည်။

ရန်ကုန်တိုင်းအစိုးရဘက်မှ ၄င်း အလုပ်ရှင်အလုပ်သမားကိစ္စနှင့် ပတ်သတ်ပြီး ၀ိုင်းဝန်းကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း ကုမ္ပဏီဘက်မှ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

“အခုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပထမ ဒီအလုပ်ရပ်စဲမှုကို လာရောက်ညှိနှိုင်း ပေးသွားတယ်။ နောက်တစ်ခါ ဒုတိယအကြိမ်ကျတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒီညှိနှိုင်းပေးမှုမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနကနေပြီးတော့ ဒါကိုဆက်ပြီးတော့ အကောင်အထည်ဖော်ပေးပါဆိုပြီးတော့ အန်ကယ်တို့ ဆီကို လည်း စာပို့ထားတယ်။ဌာနကိုလည်း ပေးထားတယ်။အဲ့တော့ ဌာနကနေပြီးတော့ ပြန်လာတဲ့ပေါ်မူတည်ပြီးတော့ အန်ကယ်တို့က အဲ့ဒါကို ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု စက်ရုံမှူး ဦးမျိုးတင့်က ပြောသည်။

၄င်းအုတ်ကျင်းဂုန်နီအိတ်စက်ရုံသည် ဆက်လက်ရပ်တည်ရန် ခက်ခဲသောကြောင့် ဇန်နဝါရီလ၉ရက်နေ့က ပိတ်သိမ်းလိုက်ပြီး စက်ရုံမှ အလုပ်သမား ၃၁၄ဦးသည် စက်ရုံရှေ့တွင် စုဝေးခဲ့ကြခြင်း ဖြစ်သည်။ အလုပ် သမားများသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ လွှဲပြောင်းငှားရမ်းထားသည့် အလုပ်သမားများဖြစ်သည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ညှိနှိုင်းမှုကို အလိုရှိနေခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly