တိုင်းရင်းသားခေါင်းဆောင်များ၏ တတိယနေ့အစည်းအဝေး နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ဆွေးနွေးမည်

တိုင်းရင်းသားခေါင်းဆောင်များ၏ တတိယနေ့အစည်းအဝေး နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ဆွေးနွေးမည်

ချင်းမိုင်၊ စက်တင်ဘာ ၃၀။ ။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေး တတိယနေ့ကို စက်တင်ဘာလ ၃၀ ရက် နံနက် ၉ နာရီတွင် စတင်ကျင်းပနေပြီ ဖြစ်သည်။

မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်က သဘောပတိ မိန့်ခွန်းပြောကြားခဲ့ပြီး အရံသဘာပတိအဖြစ် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)မှ ခွန်အေဘယ်လ်တွိဒ် နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့(PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းတို့ တာဝန်ယူခဲ့သည်။

မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ ဒုဥက္ကဋ္ဌ မျိုးဝင်းနှင့် နည်းပညာ အထောက်အကူပြုအဖွဲ့ဝင် ငြိမ်းဖော်ဒေးရှင်းမှ ဒါရိုက်တာ ဒေါ်လုနန်တို့က အကျိုးဆောင်များအဖြစ် တာဝန်ယူခဲ့သည်။ တတိယနေ့ အစည်းအဝေးတွင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု မူဘောင်ဆိုင်ရာများ ဆွေးနွေးသွားမည် ဖြစ်သည်။

ယင်းအပြင် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ဆိုင်ရာ ဆွေးနွေး၊ မေးမြန်း၊ အတည်ပြုခြင်း၊ အန်စီအေ လက်မှတ်ရေးထိုးမည့် အဆင်သင့်ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်မှတ် မထိုးသေးသည့် အဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းများ ရှာဖွေခြင်းများ ဖြစ်သည်။

ထို့ပြင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)နှင့် အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) တို့၏ အခန်းကဏ္ဍကို ဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်မည်ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့ လက်မှတ်ရေးထိုးရန် စက်တင်ဘာလ ၂၉ ရက်က ဆုံးဖြတ်ခဲ့သည်။

 

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required