စီးပွားရေးကပ်ဆိုက်နေတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ မာဒူရိုက သမ္မတတာဝန် ဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာဆို

စီးပွားရေးကပ်ဆိုက်နေတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ မာဒူရိုက သမ္မတတာဝန် ဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာဆို

ကာရာကတ်စ်၊ ဇန်နဝါရီ ၁၁ ။           ။ စီးပွားရေးကပ်ဆိုက်နေတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ သမ္မတ နီကိုလပ်စ်မာဒူရိုဟာ သူ့ရဲ့ ဒုတိယသမ္မတသက်တမ်းအတွက် ကြာသပတေးနေ့မှာ ကျမ်းသစ္စာဆိုပြီး စတင်တာဝန်ယူပါတယ်။

ဒေသတွင်း ခေါင်းဆောင်တွေက မာဒူရို ပြန်လည်ရွေးကောက်ခံရတာကို တရားမဝင်ဘူးလို့ ကြေညာပြီး ကျမ်းသစ္စာဆိုပွဲကိုလည်း အသိအမှတ်မပြုတာကြောင့် ဗင်နီဇွဲလားနိုင်ငံအနေနဲ့ မကြုံစဖူး ဘက်ပဲ့နေတဲ့ နိုင်ငံအဖြစ် အထီးကျန် ပိုဆန်လာခဲ့ပါတယ်။

အသက် ၅၆ နှစ်ရှိ ဆိုရှယ်လစ်ခေါင်းဆောင် မာဒူရိုဟာ တရားရုံးချုပ်အကြီးအကဲ မစ်ကေးမိုရီနို ခြံရံလျက် ကျမ်းသစ္စာဆိုရာမှာ တောင်အမေရိကမှ လက်ဝဲခေါင်းဆောင်တွေ၊ ဗင်နီဇွဲလား စစ်တပ်အရာရှိတွေ အပါအဝင် ပရိသတ်ရာပေါင်းများစွာက ကောင်းချီးပေး လက်ခုပ်လက်ဝါး တီးကြပါတယ်။

“ဗင်နီဇွဲလား ပြည်သူတွေရဲ့ ကိုယ်စား ကျွန်တော် ကျမ်းသစ္စာ ဆိုပါတယ်။ ကျွန်တော်ရဲ့ အသက်နဲ့ ထပ်တူပြုလို့ ကျမ်းဆိုပါတယ်။”လို့ ဒုတိယသက်တမ်း ခြောက်နှစ်တာအတွက် မာဒူရိုက ကျမ်းသစ္စာဆိုခဲ့ပါတယ်။

အတိုက်အခံ အများစုက သပိတ်မှောက်ပြီး အမေရိကန်နဲ့ အီးယူးတို့က လိမ်လည်လှည့်ဖျားမှုအဖြစ် ပယ်ချထားတဲ့ ပြီးခဲ့တဲ့ မေလက ရွေးကောက်ပွဲမှာ မာဒူရိုက ပြန်လည်အရွေးခံရတာ ဖြစ််ပါတယ်။

ခုလို သမ္မတသက်တမ်းသစ်အတွက် ကျမ်းဆိုပြီးတာတောင် အမေရိကန််နိုင်ငံက အာဏာရှင်ဖြစ်လာတဲ့ ၎င်းကို အသိအမှတ်မပြုကြောင်း၊ ၎င်းရဲ့ အစိုးရကိုလည်း ဆက်လက်ဖိအားပေးသွားမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly