ဖေဖော်ဝါရီတွင် ဖွင့်မည့် ထီစာအုပ် ၁၀၀၀ ကျော် ပျောက်ဆုံး

ဖေဖော်ဝါရီတွင် ဖွင့်မည့် ထီစာအုပ် ၁၀၀၀ ကျော် ပျောက်ဆုံး
၂၂ ကြိမ်မြောက် အောင်ဘာလေ ထီလက်မှတ်များအား တွေ့မြင်ရစဉ်။

မင်းဘူး၊ ဇန်နဝါရီ ၁၀ ။             ။ အောင်ဘာလေသိန်းဆုဌာနခွဲ (မန္တလေးရုံးခွဲ) မှ မကွေးတိုင်းဒေသကြီးသို့ ဖြန့်ချိသောထီစာအုပ်များ အနက် ထီစာအုပ် ၁ ထောင်ကျော် ပျောက်ဆုံးနေကြောင်း သိရသည်။

လာမည့် ဖေဖော်ဝါရီလ ၁ ရက်တွင် ထွက်ရှိမည့် ၂၃ ကြိမ်မြောက် အောင်ဘာလေထီ၏ ထီအုပ် ၁၂၈၅ အုပ် ( စောင်ရေ ၁၄၁၃၅ စောင်)မှာ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့သို့ စာတိုက် ချောပို့ဖြင့် ပို့ဆောင် ခဲ့ရာမှ လမ်းခရီးတွင် ပျောက်ဆုံးခဲ့ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးရုံးခွဲမှ ဖြန့်ချိသောထီစာအုပ်များအား မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းကျေးရွာစာတိုက်မှ ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းက မကွေး-ဆင်ဖြူကျွန်း ပြေးဆွဲသည့်ယာဉ်ပေါ်တင်ဆောင်ပြီး ပွင့်ဖြူမြို့သို့ သယ်ဆောင်ရာမှ လမ်းတွင် ပြုတ်ကျခဲ့ခြင်း ဖြစ်နိင်ကြောင်း မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“ ကားက မကွေး-ဆင်ဖြူကျွန်းပြေးဆွဲနေတဲ့ကားပါ၊ ဒီနေ့ မနက် မကွေးကအပြန် လယ်ကိုင်းစာတိုက် ကနေ ထီစာအုပ်အိတ် တင်လာခဲ့ကြတယ်၊ လယ်ကိုင်းနားက ချမ်းသာကြီးကျေးရွာမှာ ခရီးသည် တစ်ယောက် တင်တယ်၊ ထီအိတ်က ရှိသေးတယ်လို့ သိရတယ်၊ ဆက်မောင်းတယ်။ ပွင့်ဖြူ-ကန်သာကြီးစံပြကျေးရွာရောက်တော့ ခရီးသည်တစ်ယောက် ဆင်းတယ်၊ အဲ့ဒီအချိန်ကြမှ အထုပ် မရှိတော့မှန်းသိတယ်လို့ လောလောဆယ် သိရပါတယ်၊ ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့က လိုက်လံ စုံစမ်း ရှာဖွေနေဆဲပါ။ ဒီလောက်ဘဲ အကြမ်းဖျဉ်း ပြောနိင်ပါသေးတယ်” ဟု မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်တစ်ဦးက ပြောသည်။

လက်ရှိတွင် ကနဦးသတင်းဖြစ်ပြီး အသေးစိတ်ထပ်မံသိရှိပါက မဇ္ဈိမမှ စုံစမ်းတင်ပြသွားမည် ဖြစ်ပါ သည်။

 

Mizzima Weekly