ဦးကိုနီအသတ်ခံရမှုတွင် NLD ဝင်ရောက်စွက်ဖက်ခြင်းမရှိဟု တရားလိုရှေ့နေပြော

ဦးကိုနီအသတ်ခံရမှုတွင် NLD ဝင်ရောက်စွက်ဖက်ခြင်းမရှိဟု တရားလိုရှေ့နေပြော
ရန်ကုန်လေဆိပ်တွင်  ကြည်လင်းမှ ဦးကိုနီအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံနေစဉ်အခြေအနေကို လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံမှ တဆင့်မြင်တွေ့ရစဉ်။ ဓာတ်ပုံ - အင်တာနက်

ရန်ကုန်၊ ဇန်နဝါရီလ ၁ဝ ။         ။ ညနေ ၅ နာရီအချိန်ခန့်၊ ရန်ကုန်လေဆိပ်ရှိ လူမြင်ကွင်းနေရာ၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ဥပဒေအကြံပေးဖြစ်သူ ဦးကိုနီသေဆုံးမှု၏ တရားစီရင်ရေးတွင် NLD ပါတီအနေဖြင့် ဝင်ရောက်စွက်ဖက်ခြင်းလုံးဝမရှိသောကြောင့် ယင်းပါတီအနေဖြင့် နေထိုင်မှုမှန်ကန် ကြောင်း တရားလိုရှေ့နေဖြစ်သူက ပြောဆိုလိုက်သည်။

ဇန်နဝါရီလ ၁ဝ ရက်က အင်းစိန်မြို့နယ်၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် သေနတ်သမားကြည်လင်း အပါ အဝင် ၃ ဦးကို ၉၉ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီးနောက် တရားလိုရှေ့နေက မီဒီယာများမေးမြန်းမှုကို ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဦးကိုနီလုပ်ကြံမှုအား ယေဘုယျအားဖြင့် နိုင်ငံရေးလုပ်ကြံမှုဟု ပြောဆိုနိုင်သော်လည်း မြန်မာနိုင်ငံရှိ တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များအားလုံးတွင် ပုဂ္ဂလိကအဖွဲ့အစည်းများမှ မည်သည့်ပုဂ္ဂိုလ်မဆို ဝင်ရောက်စွက်ဖက်၍မရကြောင်း ဦးကိုနီမိသားစုဘက်မှ လိုက်ပါဆောင်ရွက်သူ တရား လွှတ်တော်ရှေ့နေ ဦးနေလက ပြောသည်။

“NLD ပါတီကနေပြီးတော့ တရားစီရင်ဆိုင်ရာကို ဝင်ရောက်စွက်ဖက်မှုမပြုလုပ်ခဲ့ဘူး။ ဒါဟာဆိုရင် NLD ပါတီရဲ့ နေထိုင်ပုံမှန်ကန်တယ်လို့ပဲ ဆရာပြောရမှာပဲ။ ဒါဟာ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးပေါ်ပေါက်ချက်တွေအရ တရားဥပဒေနဲ့အညီ စီရင်ဆုံးဖြတ်လိမ့်မယ်လို့ NLD ပါတီကနေပြီးတော့ ယုံကြည်တဲ့အတွက်မို့လို့ ဝင်ရောက်စွက်ဖက်ခြင်းမပြုဘူးလို့ပဲ ဆရာပြောလိုပါတယ်”ဟု တရားလွှတ်တော် ရှေ့နေ ဦးနေလက ပြောသည်။

အမှုအား စစ်ဆေးနေသည်မှာ ကြန့်ကြာနေသည်ဟု အများပြည်သူ ဝေဖန်မှုများ မြင့်တက်နေသည့် ဦးကိုနီ အသတ်ခံရမှုအား စစ်ဆေးနေသည်မှာ ၂ နှစ်ပြည့်တော့မည်ဖြစ်သည့်အပြင် ဇန်နဝါရီလ ၁၁ ရက်နေ့ ရုံးချိန်းတွင် ရုံးချိန်းပေါင်း ၁ဝဝ ပြည့်ပြီလည်းဖြစ်သည်။

ဇန်နဝါရီလ ၁ဝ ရက်နေ့၊ ၉၉ ကြိမ်မြောက်ရုံးချိန်းတွင်လည်း စစ်ဆေးရန် ချိန်းဆိုထားသည့် တရားခံပြသက်သေ များ တရားရုံးသို့ လာရောက်ခြင်းမရှိသည့်အတွက် စွပ်စွဲခံရသူဘက်မှပင် တရားခံပြသက်သေ ၃ ဦးကို ထပ်မံ ပယ်လိုက်သည်။

ထို့ကြောင့် အထူးခုံရုံးတွင် စစ်ဆေးရန် တင်ပြထားသည့် တရားခံပြသက်သေ ၇၂ ဦးအနက် လက်ရှိတွင် စစ်ဆေးရန်အတွက် တရားခံပြသက်သေ ၆ ဦးသာ ကျန်ရှိတော့သည်။

ဦးကိုနီလုပ်ကြံခံရမှုမှာ ပြီးခဲ့သည့့် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်၊ ညနေ ၅ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ခရီးသည်များရှိနေသည့်နေရာတွင်ပင် ဦးကိုနီအား ကြည်လင်းက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက် ပေးခဲ့သော အငှားယာဉ်မောင်း ကိုနေဝင်းပါ သေနတ်ထိမှန် သေဆုံးခဲ့သည့် အမှု ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly