အာဂျင်တီးနားနိုင်ငံမြို့တော် ဗျူနိုအေးရိစ်မှာရှိတဲ့ ကမ္ဘာ့အခမ်းနားဆုံး စာအုပ်ဆိုင်

အာဂျင်တီးနားနိုင်ငံမြို့တော် ဗျူနိုအေးရိစ်မှာရှိတဲ့ ကမ္ဘာ့အခမ်းနားဆုံး စာအုပ်ဆိုင်

ဇန်နဝါရီ ၁၀ ။              ။ အာဂျင်တီးနားနိုင်ငံမြို့တော် ဗျူနိုအေးရိစ်မှာ တည်ရှိတဲ့ Ateneo Grand Splendid စာအုပ်ဆိုင်ကြီးကို ကမ္ဘာ့အခမ်းနားဆုံးစာအုပ်ဆိုင်အဖြစ် National Geographic Travler မဂ္ဂဇင်းက သတ်မှတ်လိုက်ပြီလို့ သိရပါတယ်။

၁၉၁၉ ခုနှစ်မှာ ပြဇာတ်ရုံအဖြစ် အသုံးပြုခဲ့တဲ့ အဆောက်အဦကို ပြန်လည်ပြုပြင်မွမ်းမံပြီး Ateneo Grand Splendid စာအုပ်ဆိုင်အဖြစ် ၂၀၀၀ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါစာအုပ်ဆိုင်မှာ ထောင်နဲ့ချီတဲ့ စာအုပ်၊ စီဒီခွေ၊ ဒီဗွီဒီအခွေတွေကို ဝယ်ယူရရှိနိုင်သလို စာပေဝါသနာအိုးတွေ အေးအေးဆေးဆေး စာအုပ်ဖတ်လို့ရအောင် ကော်ဖီဆိုင်လေးပါ တွဲဖွင့်ပေးထားတယ်လို့ သိရပါတယ်။

အဆိုပါစာအုပ်ဆိုင်သို့ တစ်နှစ်အတွင်း လာရောက်လည်ပတ်သူ တစ်သန်းကျော်ရှိပြီး ကမ္ဘာလှည့်ခရီးသွားတွေပါ လာရောက်လည်ပတ်လျက်ရှိတဲ့ အထင်ကရ နေရာတစ်နေရာဖြစ်ကြောင်း သိရှိရပါတယ်။

Ateneo Grand Splendid စာအုပ်ဆိုင်မှာ စပိန်ဘာသာနဲ့ ရေးသားထားတဲ့ စာအုပ်တော်တော်များများကို ခင်းကျင်းပြသထားသလို အင်္ဂလိပ်သာသာနဲ့ ရေးသားထားတဲ့ အချစ်ဝတ္ထု၊ သည်းထိပ်ရင်ဖိုဝတ္ထု အနည်းစုကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

 “ဗျူနိုအေးရိစ်မြို့ရဲ့ ယဉ်ကျေးမှုထုံးတမ်းစဉ်လာကို ဒီစာအုပ်ဆိုင်ကနေတဆင့် ကမ္ဘာက သိမြင်နိုင်မှာဖြစ်ပါတယ်။”လို့ Ateneo Grand Splendid စာအုပ်ဆိုင် ပြောရေးဆိုခွင့်ရှိသူ ဂျူဝမ် ပါပလို မာစီယာနီက ပြောပါတယ်။

အာဂျင်တီးနားနိုင်ငံဟာ စာပေကို နှစ်သက်မြတ်နိုးတဲ့ နိုင်ငံဖြစ်သလို တစ်နှစ်မှာ စာအုပ်ပေါင်း မြောက်မြားစွာကို ပုံနှိပ်ထုတ်ဝေလျက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly