လယ်သမားသူပုန်ကြီးဆရာစံနဲ့ နောင်ချိုမြို့

လယ်သမားသူပုန်ကြီးဆရာစံနဲ့ နောင်ချိုမြို့

နောင်ချိုမြို့ကို ခရီးထွက်ဖို့ရှိလာတဲ့အခါ ကျနော့်စိတ်ကို ဆွဲဆောင်ထားတဲ့အချက် နှစ်ချက်က စိတ်ထဲ ပိုပြီးထင်ရှားလာခဲ့ပါတယ်။

ပထမအချက်က နောင်ချိုမြို့ဟာ လယ်သမားသူပုန်ကြီး သုပန္နကဂဠုန်ရာဇာဘွဲ့ခံ ဆရာစံ နောက်ဆုံးခိုအောင်းခဲ့ရာမြို့ဖြစ်တယ်ဆိုတဲ့အချက်နဲ့ ရောင်စုံစိုက်ခင်း ပန်းခင်းများပဲဖြစ်ပါတယ်။ အခုတော့ ရောင်စုံပန်းခင်းနဲ့ စိုက်ခင်းတွေဆီ ကျနော်ရောက်ခဲ့ပြီးပါပြီ။ တစ်ရက်တာခရီးဖြစ်ပေမယ့် နောင်ချိုမြို့ဘေးအရပ်လေးမျက်နှာ ရောက်ခဲ့ပြီးဖြစ်လို့ လှပလွန်းတဲ့ မြင်ကွင်းတွေကို မြင်ခွင့်ဓါတ်ပုံရိုက်ယူခွင့်ရခဲ့ပါပြီ။ ဆရာစံရဲ့သမိုင်းကြောင်းကိုတော့ ဘာမှ လေ့လာခွင့် အချိန်မရသေး ဖြစ်နေပါသေးတယ်။ နောင်ချိုမြို့မှာ ကိုယ်နေထိုင်ဖို့ စီစဉ်ထားတာကလည်း ၃ ညအိပ် ၄ ရက်ဖြစ်တော့ကာ လယ်သမားသူပုန်ကြီးဆရာစံအကြောင်း သိချင်တဲ့အချက်တွေကို ကျန်တဲ့ ၂ ရက်အတွင်း စုံစေ့အောင်သိနိုင်ပါ့မလားလို့လည်း စိတ်ထင့်နေမိပါတယ်။ ဒီကြားထဲ ဒီကနေ့လည်း ဂုတ်ထိပ်တံတားဆီသွားရဦးမှာဖြစ်လို့ ဆရာစံအကြောင်း လေ့လာဖို့ အချိန်မရှိနိုင်အောင်ဖြစ်နေပါသေးတယ်။

အကြမ်းပျဉ်းအားဖြင့်ဆိုရင်တော့ နောင်ချိုမြို့ကလေးကို နယ်ချဲ့အင်္ဂလိပ်အစိုးရကို တော်လှန်ပုန်ကန်ခဲ့တဲ့ လယ်သမားသူပုန်ခေါင်းဆောင်ကြီးဆရာစံ ဘယ်အချိန်က ရောက်လာခိုအောင်းခဲ့တာလဲ။ ဘယ်နေရာ ဘယ်ရပ်ကွက် ဘယ်အိမ်မှာလဲ။ အခုကော အဲဒီရပ်ကွက် အဲဒီအိမ်ဆိုတာ ရှိသေးရဲ့လား။ ဆရာစံအကြောင်း လက်ဆင့်ကမ်းမှတ်သားမိထားတဲ့သူကော ရှိရဲ့လား။ ကျနော့်မှာ နယ်ခံ ပန်းချိိီဆရာမ ရှားရိုဖေါနဲ့ သူ့ခင်ပွန်း၊ ယောင်းမလေးခင်ဂွမ်းဂွိနဲ့ ယုတ်စွအဆုံး ကျနော်တို့ကို နေရာအနှံ့လိုက်ပို့နေတဲ့ ကားဆရာလေးအဆုံး သတိရတိုင်း မေးမြန်းအကူအညီတောင်းနေခဲ့ရပါတယ်။ နောင်ချိုမြို့မှာ ဆရာစံအကြောင်း သိသူ သမိုင်းလေ့လာသူ ဘယ်သူရှိမလဲ။ နောက်ဆုံးတော့ လူချင်းမတွေ့ခဲ့ရသည့်တိုင် သမိုင်းဝါသနာရှိ နောင်ချိုမြို့က ပုဂ္ဂိုလ်တစ်ဦးရဲ့ဖေ့ဘုတ်စာမျက်နှာနဲ့ တူမလေး ရှင်ဂွမ်းဂွိ ရှာဖွေစုဆောင်းပေးတဲ့အချက်အလက်တချို့ကြောင့် ကျနော့်မှာ လယ်သမားသူပုန်ကြီး ဆရာစံအကြောင်း တစွန်းတစတော့ သိခွင့်ရလိုက်ပါတယ်။ ကိုယ်တိုင်ကိုယ်ကျ နေရာဒေသကအစ လိုက်လံရှာဖွေကြည့်ရှုဖို့ကိုတော့ အချိန်မရလို့ မဆောင်ရွက်နိုင်ခဲ့ပါဘူး။

သာယာဝတီနယ် လယ်သမားသူပုန်ခေါင်းဆောင် ဆရာစံဟာ အင်္ဂလိပ်အစိုးရတပ်တွေကို ယှဉ်ပြိုင်တိုက်ခိုက်ရင်း လက်နက်အင်အားမမျှလို့ နောက်ဆုတ်ရှောင်ပုန်းရတဲ့အခါ ပထမ မန္တလေးမြို့ကိုရောက်လာပါတယ်။ မန္တလေးမြို့ ဘုန်းတော်ကြီးကျောင်းမှာ ခဏရဟန်းဝတ်နဲ့ ရှောင်တိမ်းပုန်းအောင်းနေရာက မေမြို့ (ယခု ပြင်ဦးလွင်)ကိုဖြတ်ပြီး နောင်ချိုကိုရောက်ပါတယ်။ နောင်ချိုမြို့အနီး ၅ မိုင်ခန့်ဝေးတဲ့ မက်ချင်းနုရွာ မက်ချင်းနုကျောင်းတိုက်မှာ ဦးညာဏဘွဲ့အမည်နဲ့ ရဟန်းဝတ်ပြီးရှောင်တိမ်းပုန်းအောင်းရပါတယ်။ အဲဒီမက်ချင်းနုကျောင်းတိုက်ဆရာတောက ဆရာစံကိုလက်ခံကျွေးမွေးစောင့်ရှောက်ထားစဉ် ဆရာစံဟာ ပတ်ဝန်းကျင်ကျေးရွာတွေကို လှည့်လည်လိုက်လံစည်းရုံးပြီး ဂဠုန်တပ်ကို ပြန်ဖွဲ့ဖို့ကြိုးစားပြန်ပါတယ်။ ဂဠုပ်တပ်တချို့ ပြန်ဖွဲ့နိုင်တဲ့အထိ ရှိလာပါတယ်။ အင်္ဂလိပ်အစိုးရကလည်း ရှမ်းပြည်နယ်ထဲက လူစည်ကားရာနေရာတွေနဲ့ ရဲဂတ်စခန်းတွေမှာ ဆရာစံပုံနဲ့တကွ ဖမ်းဆီးမိအောင်ဆောင်ရွက်ပေးသူသတင်းပေးရင် ဆုတော်ငွေ ၅၀၀၀ ကျပ်ပေးမယ်ဆိုတဲ့ ကြော်ညာဆိုင်းပုတ်တွေကပ်ပြီး ဆရာစံကိုလက်ရဖမ်းမိနိုင်ဖို့ ကြိုးစားပါတယ်။

မက်ချင်းနုကျောင်းတိုက်ဟာ အခုထက်ထိ နောင်ချိုမြို့အနီးက မက်ချင်းနုရွာမှာ ရှိနေပါသေးတယ်။ နောက်တော့ အင်္ဂလိပ်အစိုးရက မက်ချင်နုကျောင်းတိုက်ကို စီးနင်းရှာဖွေတဲ့အထိဖြစ်လာပါတယ်။ ကံကောင်းထောက်မစွာ အဲဒီအချိန်က ဆရာစံဟာ အဖမ်းမခံရဘဲ လွတ်မြောက်ခဲ့ပါတယ်။ ဒီလိုနဲ့ မက်ချင်းနုရွာမှာ ဆက်လက်နေထိုင်လို့မဖြစ်တော့တဲ့အခါ နောက်ထပ် ၁၂ ခန့်ဝေးတဲ့ လွယ်ခေါ်ရွာကို ရွှေ့ရပြန်ပါတယ်။ လွယ်ခေါ်ရွာမှာ တစ်လကျော်နေထိုင်စဉ် နယ်ချဲ့အင်္ဂလိပ်အစိုးရကို ဆက်လက်ပုန်ကန်တိုက်ခိုက်ဖို့ ဂဠုန်တပ်ကို ဆက်လက်စုဆောင်းစည်းရုံးခဲ့ပြန်ပါတယ်။ ရှမ်းပြည်လူထုဆိုတာကလည်း မြေမြန့်က မြန်မာတွေလိုပဲ အင်္ဂလိပ်အစိုးရရဲ့ ဖိနှိပ်ရက်စက်မှုကို အပြင်းအထန်ခံစားနေကြရတာဖြစ်လို့ ဆရာစံခေါင်းဆောင်တဲ့ ဂဠုန်တပ်ဖွဲ့ထဲ တစတစ ဝင်လာကြပါတယ်။

လွယ်ခေါ်မှာနေထိုင်စဉ် အင်္ဂလပ်အစိုးရစစ်တပ်တွေ ပိုမိုများပြားလာတာရယ် လွယ်ခေါ်ရွာထဲအထိ လာရောက်ရှာဖွေတာတွေဖြစ်လာလို့ ရှမ်းပြည်တောင်ပိုင်း ရပ်စောက်နယ်ထဲက ပါဝမ်းစခန်းဆိုတဲ့နေရာကို ရွှေ့ရပြန်ပါတယ်။ ပါဝမ်းစခန်းဆိုတာက ကျောက်တောင် ကျောက်ဆောင်တွေအင်မတန်ပေါများတဲ့အပြင် သွားလာရခက်ခဲတဲ့နေရာပါပဲ။ အဲဒီစခန်းမှာနေထိုင်ရင်း ဂဠုန်တပ်အင်အားများသထက်များအောင် တချိန်လုံးအားထုတ်ကြိုးပမ်းနေခဲ့တာပါပဲ။ အင်အားအနည်းငယ် စုစည်းမိလာတဲ့အခါ အဲဒီ ပါဝမ်းစခန်းမှာပဲ ဗိုလ်ဝင်ခံပါတယ်။

ပါဝမ်းစခန်းမှာနေထိုင်စဉ် ဆရာစံဟာ စုဆောင်းမိလာတဲ့ ရှမ်းဓနု ဂဠုန်တပ်သားတွေကို သိုင်းပညာသင်ပေးခြင်း၊ စည်းရုံးဟောပြောခြင်းများ အင်တိုက်အားတိုက် လုပ်ပါတော့တယ်။ အင်္ဂလိပ်နယ်ချဲ့အစိုးရကလည်း ဒီနယ်တဝိုက်မှာ လယ်သမားသူပုန်ကြီးဆရာစံ ခိုအောင်းရောက်ရှိနေတယ်ဆိုတာ သတင်းရထားဟန်တူပါတယ်၊ စစ်တပ်အင်အားတွေ တိုးဖြည့်ချထားခြင်းနဲ့ နေရာအနှံ့လိုက်လံစစ်ဆေးခြင်းတွေ လုပ်လာပါတယ်။ ဆရာစံခိုအောင်းနေထိုင်ရာဘက်ကိုလည်း စစ်တပ်တွေပို့ပါတယ်။

နယ်ချဲ့အင်္ဂလိပ်စစ်တပ်တွေ အခုလို နယ်ဖြန့်ပြီး စစ်ဆင်ရေးတွေလုပ်လာတဲ့အခါ ဆရာစံကလည်း စုဆောင်းရမိထားတဲ့ဂဠုန်တပ်ဖွဲ့အသစ်နဲ့ ကြားဖြတ်တိုက်ခိုက်ဖို့့ စီစဉ်ပါတော့တယ်။ ချီတက်ဖြန့်ကျက်လာတဲ့အင်္ဂလိပ်စစ်တပ်တွေကို စစ်ကြောင်းသုံးကြောင်းခွဲပြီး ရင်ဆိုင်တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပါတယ်။

ပထမစစ်ကြောင်းက ဒုတ္ထဝတီမြစ်ကိုဖြတ်ပြီး နောင်ချိုသို့ချီတက်ရပါတယ်။ ဒုတိယစစ်ကြောင်းက အရှေ့ဘက် နောင်ပိန်သို့ ချီတက်ပါတယ်။ တတိယစစ်ကြောင်းကတော့ တောင်ဘက် ရပ်စောက်ကိုချီတက်ပါတယ်။ လမ်းမှာ တွေ့သမျှအင်္ဂလိပ်စစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်ဖို့နဲ့ မတွေ့ရင် ရှေ့ကိုဆက်လက်ချီတက်ပြီး နောင်ချို၊ နောင်ပိန်၊ ကျောက်မဲ၊ သီပေါ၊ ရပ်စောက်နယ်တစ်ခုလုံးကို သိမ်းသွင်းမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အင်္ဂလိပ်စစ်တပ်တွေကို စတင်တိုက်ခိုက်ဖို့စီစဉ်ခဲ့ပါတယ်။ တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ဒီအထဲမှာ နောင်ချိုကြီးတိုက်ပွဲဟာ နာမည်ကြီးခဲ့ပါတယ်။ အင်္ဂလိပ်စစ်တပ် ပန်ချာပီတပ်ကို ဂဠုန်တပ်ဖွဲ့တွေက အနိုင်တ်ိုက်နိုင်ခဲ့ပါတယ်။

နောင်ချိုကြီးတိုက်ပွဲဟာ မြန်မာသက္ကရာဇ် ၁၂၉၃ ခု ပထမဝါဆိုလပြည့်ကျော် ၆ ရက်နေ့ ညမှာ နောင်ချိုကြီးကျောင်းတိုက် ဥပုဒ််ဆောင်ဇရပ်မှာတပ်စွဲထားတဲ့ ပန်ချာပီတပ်ကို ဆရာစံရဲ့ဂဠုန်တပ်ဖွဲ့တွေ စစ်ကဲကြီးဦးထွန်းလှနဲ့ သိုင်းဆရာကြီးဦးအိုက်ပန်းတို့ခေါင်းဆောင်ပြီး ဝင်တိုက်ကြပါတယ်။ ပန်ချာပီစစ်သားအများအပြားကျဆုံးခဲ့ပါတယ်။ ဂဠုန်တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ပါတယ်။ နောင်ချိုကြီးတိုက်ပွဲဟာ ရှမ်းပြည်တခွင် နာမည်ကြီးခဲ့ပါတယ်။

နောက်ပိုင်းမှာ အင်္ဂလိပ်စစ်တပ်တွေ အဆမတန်အင်အားသာလွန်လို့ ဆရာစံရဲ့သူပုန်တပ်တွေ တပ်ပျက်ခဲ့ရပါတယ်။ ဆရာစံလည်းပဲ နောက်လိုက်နောက်ပါ ၁၆ ယောက်နဲ့အတူ မန္တလေးဘက်ကို ပြန်လည်ဆုတ်ခွါရပါတယ်။ ခြေထောက်မှာ ငုတ်စူးထားလို့ ဆရာစံရဲ့ညာဘက်ခြေထောက်ဟာ ထောက်လို့ကောင်းကောင်းမရနိုင်လောက်အောင် ယောင်ယမ်းနေခဲ့ပါတယ်။

၁၉၃၁ ခု ဇူလိုင်လ ၃၀ ရက်နေ့မှာတော့ ဆရာစံကို ဟိုခိုရွာအနီးက လယ်တဲတစ်ခုမှာ အင်္ဂလိပ်စစ်တပ်က လက်ရဖမ်းဆီးရမိလိုက်ပါတော့တယ်။

ဒါတွေကတော့ နောင်ချိုရွာမှာနေထိုင်စဉ် လယ်သမားသူပုန်ကြီး ဆရာစံအကြောင်း ကျနော် လေ့လာသိရိခဲ့ရတဲ့အချက်အလက်တချို့ပါပဲ။

ဆရာစံနေထိုင်ခိုအောင်းခဲ့ရာနေရာတွေနဲ့ သက်ရှိထင်ရှားရှိနေသေးတယ်ဆိုတဲ့ ဂဠုန်တပ်ဖွဲ့ဝင်ကြီးတွေကိုတော့ အချိန်မရလို့ ကိုယ်တိုင်လိုက်လံတွေ့ဆုံခွင့်မရခဲ့ပါဘူး။ နောင်တချိန် နောင်ချိုဘက်ခရီးထွက်ရင်တော့ နယ်ချဲ့အင်္ဂလိပ်အစိုးရကို လက်နက်နဲ့ ပြန်လည်တိုက်ခိုက်ခဲ့သူ လယ်သမားသူပုန်ကြီး ဆရာစံအကြောင်း သည့်ထက်စုံစေ့အောင်လေ့လာဖို့တော့ စဉ်းစားထားခဲ့ရပါတယ်။

( ဆက်လက်ဖတ်ရှုပါရန် )

Mizzima Weekly