ဒေါက်တာအေးမောင်အပေါ် စွဲချက်အမိန့်ပယ်ဖျက်ပေးရန် လျှောက်ထားချက်ကို ပြည်နယ်တရားလွှတ်တော် ပယ်ချ

ဒေါက်တာအေးမောင်အပေါ် စွဲချက်အမိန့်ပယ်ဖျက်ပေးရန် လျှောက်ထားချက်ကို ပြည်နယ်တရားလွှတ်တော် ပယ်ချ
Photo-AFP

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ။             ။ လာမည့် ဇန်နဝါရီလ ၁၄ ရက်တွင်  စစ်တွေတရားရုံးတွင် ရုံးထုတ်စစ်ဆေးမည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို စွဲချက်အမိန့်ပယ်ဖျက်ပေးရန် လျှောက်ထားချက်အား ရခိုင်ပြည်နယ် တရားလွှတ်တော်မှ လက်မခံဘဲ ပလပ်လိုက်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

“ စစ်တွေခရိုင်တရားရုံးက စွဲချက်တင်တဲ့အမိန့်တွေနဲ့ပက်သက်လို့ ပယ်ဖျက်ပေးဖို့ ရာဇဝတ်မှု ပြင်ဆင်မှု တင်သွင်းခြင်းကို ပလပ်လိုက်ပြီ။ မှုလရုံးက စွဲချက်တင်တဲ့အမိန့်ကို အတည်ပြုလိုက်တယ်” ဟု ရခိုင်အမျိုးသားပါတီဒုဥက္ကဋ္ဌ  တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က အတည်ပြုပြောသည်။

ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် စွဲချက်အမိန့်ပယ်ဖျက်ပေးရန် လျှောက်ထားချက်အား ပြည်နယ် တရားလွှတ်တော် ပလပ်ခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့ည ဇန်နဝါရီလ ၉ ရက်နေ့ညပိုင်းက စစ်တွေခရိုင် တရားရုံးအတွင်း မီးလောင်မှုအပေါ် ဒေါက်တာ အေးမောင်ရုံးထုတ်အား ကြန့်ကြာအောင်ပြုလုပ်သည်ဟု လူမှုကွန်ရက်များပေါ်၌ စွပ်စွဲပြောဆိုနေသည် များလည်း ရှိခဲ့သော်လည်း အဓိကအဆောင်မှာ မီးလောင်ကျွမ်းခြင်းမရှိသောကြောင့် စစ်တွေတရားရုံးမှာ ဆက်လက်လုပ်ငန်း လုပ်ဆောင်နေမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ ပလပ်လိုက်သည့် တရားရုံးအမိန့်ကို မကျေနပ်ပါက နိုင်ငံတော်တရားလွှတ်တော်ချုပ်သို့ တက်ကာ ဆက်လက်ပြီး ပြင်ဆင်မှုတင်သွင်း၍ ရကြောင်းလည်း ရခိုင်အမျိုးသားပါတီဒုဥက္ကဋ္ဌ  တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ဆိုသည်။

တရားလွှတ်တော်ချုပ်သို့ ပြင်ဆင်မှု ထပ်မံမတင်သွင်းလိုပါက မူလတရားရုံးမှ စွဲချက်တင်ထားသောအမိန့်ကို ဆက်လက်တရားရင်ဆိုင်၍လည်း ရသည်ဟု သိရပြီး အယူခံပြင်ဆင်မှုများတွင် တရားစွဲဆိုခံထားရသူများကို ရုံးထုတ်လေ့မရှိကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့ဖြင့် တရားရင်ဆိုင်နေရသည့် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို လာမည့် ဇန်နဝါရီ ၁၄ ရက်တွင်သာ စစ်တွေခရိုင်တရားရုံးတွင် ထပ်မံရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်းလည်းသိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့ ၌ကျင်းပသော ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်းဝမ်းနည်းမှု အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင် အောင်တို့၏ ဟောပြောချက်များသည် ဥပဒေနှင့်မလွတ်ကင်းဟုဆိုကာ အစိုးရက ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်း လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly