ဘင်္ဂလားဒေ့ရှ်မှာ လစာတိုးပေးရေး အထည်ချုပ်အလုပ်သမားတွေ ဆန္ဒပြမှုအတွင်း တစ်ဦး သေဆုံးပြီး လူ ၅၀ ဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်မှာ လစာတိုးပေးရေး အထည်ချုပ်အလုပ်သမားတွေ ဆန္ဒပြမှုအတွင်း တစ်ဦး သေဆုံးပြီး လူ ၅၀ ဒဏ်ရာရ

ဒါကာ၊ ဇန်နဝါရီ ၉ ။          ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လုပ်ခလစာ တိုးပေးရေးအတွက် အဓိကလမ်းမကြီးတစ်လမ်းကို ပိတ်ဆို့ပြီး လေးရက်မြောက်အဖြစ် ဆန္ဒပြနေတဲ့ အထည်ချုပ်အလုပ်သမား တစ်သောင်းနီးပါးကို ရဲက ရေအမြောက်တွေ သုံးပြီး လူစုခွဲခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ပြီးခဲ့တဲ့ အင်္ဂါနေ့က မြို့တော် ဒါကာနဲ့ ဆင်ခြေဖုံးအရပ်တွေမှာ ဆန္ဒပြကြသူ အင်အား ၅၀၀၀ ခန့်ကို ရဲတပ်ဖွဲ့က ရာဘာကျည်တွေ၊ မျက်ရည်ယိုဓာတ်ငွေ့တွေ သုံးပြီး ဖြိုခွင်းခဲ့ရာမှာ လူတစ်ဦး သေဆုံးခဲ့ပြီး ၅၀ အထိ ဒဏ်ရာရကြောင်း အာဏာပိုင်တွေက အတည်ပြုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ်စက်ရုံပေါင်း ၄၅၀၀ ရှိပြီး ပြီးခဲ့တဲ့နှစ်ကဆို အဝတ်အထည် တင်ပို့မှုဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ကျော်မက ရှိခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းမှာ အလုပ်သမား ၅၀၀၀၀ နီးပါးဟာ လုပ်ခလစာ တိုးမြှင့်ပေးရေး တောင်ဆိုလျက် စက်ရုံတွေကနေ စုရုံးချီတက်ကြပြီး နာရီအနည်းငယ်အကြာမှာပဲ ဆာဗားစက်မှုမြို့ အပြင်ဖက် နေရာအချို့မှာ အဝေးပြေးလမ်းကို အလုပ်သမား ၁၀၀၀၀ ခန့်က ပိတ်ဆို့ထားခဲ့ကြောင်း ရဲက ပြောပါတယ်။

“ဒီအဝေးပြေးလမ်းပေါ်က သူတို့ကို လူစုခွဲဖို့ ရေအမြောက်တွေ အသုံးပြုခဲ့တာဖြစ်ပါတယ်။”လို့ ရဲတာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောပါတယ်။

ဒါကာမှာ ရှိတဲ့ စက်ရုံကြီးတစ်ရုံကနေ အလုပ်သမား ၂၀၀၀ ခန့်ကလည်း ကယ်ရှီဆင်ခြေဖုံးရပ်မှာ လမ်းတစ််လမ်းကို ပိတ်ဆို့ပြီး ဆန္ဒပြနေတာကို မြင်တွေ့ခဲ့ရပါတယ်။

ခု အလုပ်သမားတွေရဲ့ ဆန္ဒပြမှုဟာ အကြမ်းဖက်မှုတွေ၊ မသမာမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရုပ်ပျက်ခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်က ရွေးကောက်ပွဲမှာ ပြန်လည်အနိုင်ရတဲ့ ဝန်ကြီးချုပ် ရှိတ်ဟာစီနာအတွက် သက်တမ်းသစ်မှာ ပထမဆုံး အဓိကစိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly