မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ ဒီမိုကရေစီယဉ်ကျေးမှု (တတိယ - နိဂုံးပိုင်း)

By မျိုးသန့်(မဇ္စျိမ)
09 January 2019
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ ဒီမိုကရေစီယဉ်ကျေးမှု (တတိယ - နိဂုံးပိုင်း)

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ မဇ္စျိမကိုမျိုးသန့် တို့ ဆွေးနွေးမှု   Minister’s Question ကဏ္ဍ (တတိယ - နိဂုံးပိုင်း) အနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စ၊ မြေယာကိစ္စ ၊ မူးယစ်ဆေးဝါးကိစ္စ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကိစ္စ ၊ အုပ်ချုပ်ရေးကိစ္စ၊ မန္တလေးတိုင်းဖွံ့ဖြိုးရေး အခြေအနေတွေကို တင်ပြထားပါတယ်။

မေး။ ။   နောက်ထပ်ဖြစ်လာတဲ့ အခက်အခဲပေါ့နော်။ အခက်အခဲက ရခိုင်အခက်အခဲပေါ့၊ ဒါကလည်း နိုင်ငံတကာ မျက်နာစာမှာဆိုရင် ကျွန်တော်တို့ တော်တော်လေးကို မျက်နာပျက်ရတဲ့ ကိစ္စမျိုး ဖြစ်ခဲ့တယ်၊ ပြီးတဲ့အခါကျတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ပေါ့လေ၊ အဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရတစ်ရပ်အနေနဲ့ ပိုပြီးတော့မှ ထိရောက်တယ်ပေါ့နော်။ အခုဆိုလို့ရှိရင် ပြန်လာဖို့ရာတောင်မှ တော်တော်အခက်အခဲရှိနေတယ်ဆိုတော့ ကျွန်တော်တို့ ဒါထက်ပိုကောင်းမွန်တဲ့နည်းလမ်းနဲ့ ဘယ်လိုမျိုးဖြေရှင်းဖို့ရှိဦးမလဲ။

ဖြေ။ ။ အဲ့ဒါလည်း ကျွန်တော်ထင်တယ် ၊ ကျွန်တော်ပြောရရင် တစ်ခါတစ်လေကျ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတွေ  အများကြီး ပြောကြတာပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အနီးကပ်တွဲပြီး လုပ်လာလိုက်တဲ့အခါကျတော့ သူ့ရဲ့စေတာနာ ကျွန်တော်တို့တွေ အမြဲတမ်းသိနေရတယ်၊ သူ့ရဲ့ စိတ်အားထက်သန်မှု ကျွန်တော်တို့ တွေ့နေရတယ်။ သူ့ရဲ့ တိုင်းပြည်အပေါ် အနစ်နာခံတဲ့စိတ်တွေ အများကြီးတွေ့နေရတယ်။ ကျွန်တော်တို့က ထဲထဲဝင်ဝင်သိတယ်။ ကျွန်တော်တို့ဆို တစ်ချို့ဟာတွေ ကျွန်တော်တို့တောင် သူ့ကို လိုက်မမီပါဘူး ။ ရိုးရိုးသားသားဝန်ခံရရင်တော့ သူ့ရဲ့ သွန်သင်မှုအောက်ကနေပဲ ကျွန်တော်တို့ လုပ်တယ််။ တချိန်က ဟို ဖြစ်ပြီးသားတွေ ကုက္ကုစ္စဖြစ်တာတော့မဟုတ်ပါဘူး။ ၉၀ ခုနှစ်ကသာ ကျွန်တော်တို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုသာ အဲဒီတုံးကတင်ခဲ့မယ်ဆိုလို့ရှိရင် အခုချိန်မှာ ငြိမ်းချမ်းရေးကိစ္စရော၊ ဒီလိုပဲဖြစ်ရမှာပေါ့။  ဒါတွေက ဖြစ်ပြီးသားတွေ ကုက္ကုစ္စဖြစ်တာတော့မဟုတ်ပါဘူး။ အခုဖြစ်နေတဲ့ အတောအတွင်းမှာ   အဓိကလုပ်ငန်းတွေကို အတိုင်ပင်ခံပုဂ္ဂိုလ်က သူယူလိုက်တယ်၊ ငြိမ်းချမ်းရေးကို သူယူလိုက်တယ်။ ခုနပြောလိုက်တဲ့ ရခိုင်အရေး သူ့ပဲ ဦးဆောင် သူပဲလုပ်တာ၊ ကျွန်တော်တို့ NLD မှာ  တာဝန်ယူထားတာ တစ်ပိုင်းပဲရှိတယ်။ အရင်ကတည်းက လူငယ်ကို   ယူတယ်။ ဆိုတော့ နောက်မျိုးဆက်သစ်တွေကို သူကိုယ်တိုင်မွေးထုတ်မယ်ဆိုတဲ့သဘော သူကိုယ်တိုင်ထိန်းကျောင်းမယ် ဆိုတဲ့သဘော သူကိုယ်တိုင် capacity building လုပ်ပေးမယ် ဆိုတဲ့ သဘောပဲ။ ဆိုလိုချင်တာ အရေးကြီးတဲ့ key post တွေကို key player က ယူတာပေါ့နော်။ အခု အတိုင်ပင်ခံပုဂ္ဂိုလ်ယူထားတဲ့ လုပ်ငန်းနှစ်ခုကို ကြည့်လိုက်တဲ့အခါကျ ငြိမ်းချမ်းရေး၊ နိုင်ငံတကာဆက်ဆံရေးပေါ့နော်၊ နိုင်ငံခြားရေးဝန်ကြီး၊ ရခိုင်ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအားလုံးကို အတိုင်ပင်ခံပုဂ္ဂိုလ်က လုပ်တာပါ၊ နောက်ပြီးကျတော့ ကျွန်တော်တို့မှာလည်း ဒါက ကျွန်တော်တို့ရဲ့ အချုပ်အချာအာဏာ လေ၊ ရခိုင်က ကျွန်တော်တို့မြေ၊ ကျွန်တော်တို့ပြည်၊ ဟုတ်တယ်မှတ်လား၊ ဘင်္ဂါလီ ဆိုတာ ကျွန်တော်တို့ တိုင်းရင်းသားမျိုးနွယ်စုမှမဟုတ်တာ။ ကျွန်တော်တို့ တည်ဆဲဥပဒေနဲ့ အညီ ဆုံးဖြတ်တယ်လေ ပြန်ဖိတ်ခေါ်တာလည်း ကျွန်တော်တို့က မြန်မာ့အရေးကို ကျွန်တော်တို့ မြန်မာပဲ ဖြေရှင်းမှာပေါ့ဗျာ၊ ဒီလိုတွေကိုလည်း ကျွန်တော်တို့ လက်ကိုင်ထားသေးတာကိုး။ အဲဒီတော့ ဖိတ်ခေါ်တယ်ဆိုတာလည်း မြန်မာပြည်က ထွက်သွားတာမှန်ရင် ပြန်လက်သင့်ခံမှာပါပဲလို့ ပြောပြီးသားပဲ၊ ပြန်လည်ထူထောင်ရေးတို့ လုပ်ပေးမယ်၊ စုံစမ်းရေးကော်မရှင်လုပ်ပေးမယ် လိုအပ်တာ မှန်သမျှ အကုန်လုံးကို လုပ်သင့်လုပ်ထိုက်တဲ့ဟာ ကျွန်တော်တို့ ဖက်လည်း လုပ်နိုင်တယ် ။ ဒါပေမယ့် လုပ်ဖို့ တာဝန်ရှိတယ် ဆိုတဲ့ဟာတွေ အကုန်လုံး လုပ်ပေးမယ်။ ပြန်ခေါ်ပါ၊ ခေါ်မယ်၊ မြန်မာပြည်က ထွက်သွားတဲ့လူကတော့ ကျွန်တော်တို့ စိစစ်မှာပေါ့။ ဘယ်နှစ်ယောက်ဆိုပြီး အဲဒီလိုလုပ်လို့ မရဘူးလေ။ အလားတူ ပြန်လည် ထူထောင်ရေး။ အဖွဲ့ဖွဲ့ပြီးတော့ ကိုလုပ်။ ကျွန်တော့်တို့ ဝန်ကြီးချုပ်ထဲမှာ အလွန် စာနာဖို့ကောင်းတာက ဦးညီပု၊ အလွန်ခက်ခဲပါတယ် သူ့နေရာက။ အခက်အခဲမျိုးစုံရှိတယ်၊ ကားတောင်မှ လူတောင်မှ လုပ်ကြံခံရမယ့် ပုံစံမျိုးတွေထိ ဘာတွေထိ ဖြစ်ခဲ့ရတာကိုး၊ ဒါပေမယ့် သူကြံ့ကြံ့ခံပြီး ဖွံ့ဖြိုးရေးလုပ်နေတယ်၊ အဲဒီတော့ ကိုယ့်အရေးကိစ္စ ကိုယ်ဖြေရှင်းမယ်၊ ဒါပေမယ့် ကျွန်တော်တို့မှာ ဥပဒေရှိတယ်။ နိုင်ငံသားဥပဒေရှိတယ်၊ 1982 ဥပဒေရှိတယ်။ နောက်ပြီးကျတော့ ပြန်လည်လက်သင့်ခံတဲ့ဥပဒေ ကျွန်တော်တို့မှာ မူရှိပြီးသားပါ။   နောက် ဖွံဖြိုးရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းဆိုရင် ဝန်ကြီးချုပ်တွေ ကျွန်တော်တို့ရဲ့ တိုင်းရင်းသား ၊ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ ရန်ပုံငွေနဲ့ပဲ ဖွံ့ဖြိုးရေးလုပ်မယ်ဆိုရင် မန္တလေးက အဲ့ဒီမှာ အဆောင်တွေလည်း ဆောက်ပေးတယ်၊ နောက်ပြီးကျတော့ ရေကန်တွေ ကျောင်းတွေ အကုန်လုံး ကျွန်တော်တို့ လုပ်ပေးထားတာတွေရှိတယ်။ ဆိုလိုချင်တာ ဒီဖွံ့ဖြိုးရေးတွေ လုပ်ပေးနေတယ်၊ နောက်ပြီး စုံးစမ်းရေးကော်မရှင်လည်း လုပ်မယ် ဆိုတဲ့အတွက် ဒါ ကျွန်တော်ထင်ပါတယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွမ်းဆောင်မှုနဲ့ ဒီအခြေအနေရောက်အောင်လုပ်ပေးထားတာပါ။ အဲဒီတော့ ဒါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် တစ်ဦးအနေနဲ့ရော၊ ဒီရခိုင်အရေးက ကျွန်တော်တို့ အတွက်တော့ ဒါအရေးကြီးပါတယ် ၊ ကျွန်တော်တို့ အင်အား၊ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေ ကျွန်တော်တို့ဆီမှာ ရှိတဲ့ မြန်မာ့အရေးကို မြန်မာတွေပဲ ဖြေရှင်းချင်တာပေါ့။ ဒီအပေါ်မှာလည်း ကျွန်တော်ထင်ပါတယ် အားလုံးက အခုနိုင်ငံတကာ ဖိအားက ရှိတော့ရှိတာပေါ့နော်။ ဒါပေမယ့် တော်တော်များများတော့ နားလည်လာကြတယ်၊ ကျွန်တော့်ဆီကို လာတဲ့သံအမတ်တွေ ကျွန်တော်တွေ့ရပါတယ်၊ သူတို့လည်း သဘောပေါက်လာတယ်၊ မြန်မာရဲ့ behaviour နဲ့ နိုင်ငံတကာမှာ ဖြစ်နေတဲ့ပုံရိပ်၊ ဒီနှစ်ခု ကွဲပြားခြားနားတယ်ဆိုတာ တကယ်လည်းတွေ့လာတယ်။ twitter က CEO လာလိုက်တော့ သူတို့ပိုသိတယ်မလား၊ တကယ်တမ်းဝင်လာလိုက်တဲ့ခါကျတော့ လာပါ ဖိတ်ခေါ်တယ်၊ ကြည့်ပါ UN တွေလည်း သွားကြည့်ပြီးပြီ။ evidence base သက်သေမပြဘဲနဲ့တော့ စွပ်စွဲချက်တွေနဲ့တော့ မလုပ်နဲ့ပေါ့လေ ။ ရခိုင်အရေးလည်း ကျွန်တော် ဒီအခက်အခဲတွေတော့ ရင်ဆိုင်ဖြေရှင်းနိုင်မှာပါ။ ဘာလို့ဆိုတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အခက်အခဲဆိုတာ ထမင်းစားရေသောက်ဖြစ်သွားပါပြီ။ စလာကတည်းကိုက အခက်အခဲရှိတာ။ အခုလည်း အခက်အခဲရှိနေဦးမှာ။ ကျွန်တော်တို့ အစိုးရတာဝန်ယူတော့လည်း အစိုးရအနေနဲ့ အခက်အခဲရှိဦးမှာပါပဲ၊ စိန်ခေါ်မှုတွေ ရှိဦးမှာပါပဲ၊ ဒါပေမယ့် ကျွန်တော်တို့ ပြည်သူကသာ မားမားမတ်မတ်ရပ်ပေးမယ်ဆိုရင် ကျွန်တော်တို့ ဖြေရှင်းနိုင်ပါလိမ့်မယ် ။

မေး။ ။  သမ္မတကြီး ဦးဝင်းမြင့် တာဝန်ယူပြီးတဲ့နောက်မှာ လူထုထောက်ခံမှုများလာတာ ကျွန်တော်တို့ သတိထားမိပါတယ်။ ဘာလို့လဲဆိုတော့ မြေယာကိစ္စတွေ ၊ မူးယစ်ဆေးဝါးကိစ္စတွေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကိစ္စရောပေါ့နော်၊ နောက်ဆုံး  အထွေထွေအုပ်ချုပ်ရေးမူးရုံးကို သမ္မတလက်အောက်မှာ ထားတာပေါ့နော် ။

ဖြေ။ ။ အဲ့ဒါလေးက ကျွန်တော်တို့ တော်တော်လေး လုပ်သာကိုင်သာရှိမယ့် အုပ်ချုပ်ရေးကို၊ ကျွန်တော်တို့ ပြောရလို့ရှိရင် ပြည်ထဲရေးပေါ့နော်၊ နယ်စပ်ရေးရာ၊ ကာကွယ်ရေးရာတွေဟာ အခြေခံဥပဒေက ကာကွယ်ရေးဦးစီးချုပ်ကခန့်အပ်တဲ့ တပ်မတော်သားတွေဖြစ်တယ်။ ပြည်ထဲရေးမှာ ခုနပြောလိုက်တဲ့ SB တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နော်၊ ကျွန်တော်တို့ ဒီ စသုံးလုံးတို့ပေါ့နော်၊ အကျဉ်းဦးစီးတို့ အဲ့ဒါတွေကြား အထွေထွေအုပ်ချုပ်ရေးက ကျွန်တော်တို့ သမ္မတရုံးအောက်မှာ မရှိဘူး၊ ကျွန်တော်ခုနပြောသလို ဆောင်ရွက်ရတာလေး အခက်အခဲရှိတယ်။ သမ္မတရုံးအောက်ရောက်သွားပြီ ဆိုရင် ကျွန်တော်တို့မှာ  ပိုလုပ်သာကိုင်သာရှိတယ်၊ ပြောရလို့ရှိရင် ခုနပြောလိုက်တဲ့ frame work ကြီးတစ်ခု အုပ်ချုပ်ရေးပိုင်း frame work ကြီးတစ်ခုက၊ သူက နေရာတကာမှာ အကုန်ပါတာဗျ၊ မြို့နယ်စီ/ခန့် ဆိုလည်း အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လယ်ယာမြေပြန်စစ်ဆိုလို့ရှိရင်လည်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နေရာတကာတိုင်းမှာ အုပ်ချုပ်ရေးပိုင်းက လုပ်နေတယ်ဆိုတော့ ဒီအုပ်ချုပ်ရေးပိုင်းကောင်းမှ ဖြစ်မှာ။ အဲ့ဒီ အုပ်ချုပ်ရေးပိုင်းက သမ္မတရဲ့ လက်အောက်ရှိမှ၊ ဝန်ကြီးချုပ်လက်အောက်ရှိမှာ။ ဝန်ကြီးချုပ်တွေလက်အောက်ရှိမှ ကျွန်တော်တို့က  အလုပ် လုပ်လို့ရမှာပေါ့။ တကယ်တော့ ပြည်သူကို သူတို့လုပ်နေတာ။ ကျွန်တော်ကတော့ အခုကျွန်တော်ပြောတယ်လေ ခေတ်ပြောင်းသွားတာ သိကြပါ၊ ဒီမိုကရေစီ ခင်ဗျားတို့ ရပ်တန့်အောင်လို့ လုပ်လို့မရတော့ဘူး။ ပြည်သူက ရွေးမှာပဲ ပါတီကို ကင်းလို့မရဘူး၊ ကျွန်တော် အုပ်ချုပ်ရေးပိုင်းကို ပြောတာ၊ ပါတီကို ကင်းလို့မရဘူး။ ပါတီနဲ့ မဆက်ဆံချင်ဘူး။ ခင်ဗျားတို့ ပါတီဝင်မဖြစ်ဖို့ပဲ အရေးကြီးတယ်။ ဝန်ထမ်းက နိုင်ငံရေးပါတီ မဝင်ရဘူး။ ဒါပေမယ့် ဒီမိုကရေစီမှာ ပါတီကို ခင်ဗျားတို့ ကင်းကွာချင်ရင် ပြဿနာအမြဲတမ်းတက်မှာပဲ ၊ ပါတီနဲ့ ဆက်ဆံတဲ့အခါမှာ အပြန်အလှန် လေးစားမှုနဲ့ ဆက်ဆံ။ ပါတီတွေရှိမှပေါ့နော်။ အဲဒီတော့ ပါတီကလည်း အုပ်ချုပ်ရေးပိုင်းကို ဝင်မစွက်ဖက်နဲ့ အစိုးရက သူ့ဟာသူ လုပ်လိမ့်မယ်၊ ဒီမိုကရေစီကို ကျွန်တော်ချပြတယ်။ ပြောချင်တာက ဒီဟာ ကျွန်တော်တို့ သမ္မတရုံးလက်အောက်ရောက်လာတာ။ လုပ်ငန်းကိုင်ငန်း ပိုပြီးတော့ လျင်မြန်သွက်လက်ချောမွေ့လာမလားပေါ့၊ ကျွန်တော်တော့ အဲဒီလိုတော့ ထင်ထားတယ်။

မေး။ ။ အဲဒီတော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတယ်ပေါ့လေ။ ဒါထက်ပိုပြီးတော့မှ ဘာများ ထပ်ပြီးတော့ မြင်ရဦးမလဲခင်ဗျာ။

ဖြေ။ ။ ကျွန်တော် မန္တလေးတိုင်းအနေနဲ့ပဲ ကျွန်တော်ပြောချင်တယ်ဗျ။ တစ်နိုင်ငံလုံးတော့ မခြုံဘူးပေါ့နော်။ သမ္မတကြီး အဂတိ ပြောလိုက်တဲ့ဟာ ကျွန်တော်တို့ တိုင်းက အဂတိ တင်ထားတာတွေရှိတယ်၊ ဆက်လည်းဆက်နေကြတယ်ပေါ့နော်၊ နည်းနည်းပါးပါးတော့ အဂတိနဲ့ ပတ်သက်လို့ရှိရင် ဖမ်းမိတာလည်း များတယ်၊ လူတွေက လောဘဇောတိုက်ပြီး လုပ်နေတာလည်း ရှိတယ်။ သမ္မတရုံးရဲ့မူးယစ်၊ နေပြည်တော်ရဲ့မူယစ်အထူးတပ်ဖွဲ့ကနေ သတင်းပေးလိုက်တဲ့ ဟာတွေကို ကျွန်တော်တို့ ဝင်စီးတာ။ တွေ့တယ်၊ မိတယ် အရင်တုန်းကဆို ဖမ်းမှာမဟုတ်ဘူးဗျ။ အခု ကျွန်တော့်ဆီကိုကျတော့ မူးယစ်တပ်ဖွဲ့လည်း အသစ်ပြောင်းပေး၊ ကျွန်တော်ကိုယ်တိုင်လည်း request လုပ်တယ်၊ ပြောင်းတယ်၊ အရင်လူတွေက ပြောရရင် နှာစေးးနေတဲ့လူတွေလည်း ဖြစ်ကောင်းဖြစ်နိုင် တာပေါ့နော်။ ဒါပေမယ့် သတင်းပေးတွေ တိတိကျကျပေးတာတွေ တစ်ချို့ဟာတွေ သိနေတဲ့ဟာတွေပါ။ လူထုက သတင်းပေးယူရတဲ့အထိ ဖြစ်လာတယ် အဲဒီတော့ ခင်ဗျားတို့ ဒါလူထုပေးတဲ့သတင်း ဆိုတော့မှ သွားပြီးတော့ အရေးယူဆောင်ရွက်တဲ့အခါကျတော့ မိတာပဲဗျ။ အခုသမ္မတကြီးကလည်း မိန့်ခွန်းလည်းပြောလိုက်ရော မူးယစ်ကို ကျွန်တော်တို့က သမ္မတကြီးက အထူးစိတ်ဝင်စားတာ ဆက်လုပ်၊ ပိုပြီးကြိုးကြိုးစားစားလုပ်ကြဆိုတော့ အခုလုပ်လာလိုက်တဲ့အခါမှာ ခုနပြောသလို KTV တွေ Night Club တွေ ကျွန်တော်တို့ တော်တော်များများထိန်းချုပ်လို့ရတယ်။ နောက်ဆုံး ဝင်ဖမ်းလိုက်တဲ့ KTV တစ်ခုကနေ ဆယ့်ကိုးယောက် မိတယ် ၊ ပြောရရင်တော့ တတ်နိုင်တဲ့ အသိုင်းဝိုင်းတွေပါတယ်ပေါ့။ ဆိုတော့ ဒါတွေ အရေးယူဆောင်ရွက်လာတဲ့အခါကျတော့ မူးယစ်ကလည်း အမျိုးသား အရေးပဲဗျ။ ကျွန်တော်တို့က မူးယစ်ကို ကျွန်တော် တော်တော်လုပ်နေပြီ။ ဘာလို့လဲဆိုတော့ မန္တလေးက ကြားခံနယ်မြေဗျ။ ရှမ်းပြည်နယ်ဘက်က အလွယ်တကူ လာလို့ရတယ်၊ ပြီးရင် တစ်ပြည်လုံးကို သွားတယ်။ အဲဒီတော့ မူးယစ်ဆေးဝါး ရှမ်းပြည်နယ် ဖက်ကထုတ်သမျှ မန္တလေးဝင်မှာပဲ၊ မန္တလေးကနေ တစ်ခြား ဖြန့်မှာပဲ၊ အဲဒီတော့ မန္တလေးက target ဖြစ်နေတော့၊ ကျွန်တော် ဒါကြောင့်မို့ ပိုပြီးနှိမ်နှင်းတာပါ။ အဲဒီတော့ မူးယစ်၊ အဂတိ။ နောက်တစ်ခါဘာလဲဆိုရင် ကျွန်တော်ကတော့ မီးလင်းရေးနဲ့ ပတ်သက်ပြီး နည်းနည်းပြောချင်တယ်ဗျ၊ မန္တလေးတိုင်းမှာ ကျွန်တော်တို့ အခု ဆောင်ရွက်နေတာဆိုလို့ရှိရင် ဒေတာလေးတော့ ကျွန်တော်နည်းနည်း ပြောချင်တယ်၊ ကျွန်တော်တို့ အရင်တုန်းကလေ မိတ္ထီလာခရိုင်ဆိုပါစို့၊ မီးလင်းပေးတဲ့ရာခိုင်နှုန်းက ငါးဆယ်ရာခိုင်နှုန်းပဲရှိတယ်၊ အခု ကျွန်တော်တို့ ဆက်ပြီး ဆောင်ရွက်လိုက်တဲ့အခါ ဒီ ၂၀၁၈-၁၉ ပြီးလို့ရှိရင် ၈၃ ရာခိုင်နှုန်းလင်းမယ်။ အဲဒီတော့ မြင်းခြံဆိုပါစို့ အရင်တုန်းက ၇၀ ရာခိုင်နှုန်း လင်းပြီးသား အခု ၁၈-၁၉ ပြီးရင် ၁၀၀ ရာခိုင်နှုန်း အပြည့်အဝလင်းမယ်။ အလားတူ ကျန်တဲ့ နယ်တွေက ရာနှုန်းတော်တော်များတယ်။ ရမည်းသင်းခရိုင်ဆိုပါစို့ ရမည်းသင်းဆိုလို့ရှိရင် အရင်တုန်းက ၅၄ ပဲရှိတာ အခု ၇၈ ရာခိုင်နှုန်း ကျွန်တော်တို့ တိုးတက်ဖို့ရည်မှန်းထားတယ်။ နောက် ပျော်ဘွယ် ၃၈ ရာခိုင်နှုန်းကနေ ၈၀။ ဆိုလိုချင်တာက ကျွန်တော်တို့ ၂၀၂၂ ဆိုလို့ရှိရင် မန္တလေးတိုင်း တစ်တိုင်းလုံးမှာ ၄၈၀၇ ရွှာရှိတယ် ၊အဲဒီရွှာတွေ အကုန်လုံး မီးလင်းအောင် လုပ်မယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ထားတယ်။ ဆိုလိုက်တော့ ကျွန်တော်တို့ ၂၀၂၀ များ ထပ်ပြီးတော့ မဲဆွယ်စည်းရုံးမယ်၊ နိုင်မယ်ဆိုရင် ကျွန်တော်တို့ ၂၀၃၀ မှာ တစ်နိုင်ငံလုံး မီးလင်းရေးပေါ့ ။ ကျွန်တော်တို့က သုံးနှစ်စောပြီး မန္တလေးတိုင်းက မီးလင်းအောင် လုပ်မယ်ပေါ့။ အဲ့ဒါတစ်ခုလုပ်ထားတယ်။ ကျေးလက်လမ်းတွေကိုလည်း တတ်နိုင်သမျှ အခုလည်း ကျေးလက်လမ်းတွေ ကျွန်တော်တို့ တောက်လျှောက်ဖောက်တယ်။ ကျေးလက်လမ်း သောက်သုံးရေကန် ဆိုလိုချင်တာ ကျွန်တော်တို့ ရတဲ့ဘတ်ဂျက်ကို အတိုင်ပင်ခံပုဂ္ဂိုလ်က တိုင်းဒေသကြီးတွေမှာ ကျေးလက်နေပြည်သူတွေရဲ့ ဘဝမြင့်တင်ဖို့ အတွက် အရေးကြီးဆုံး အခြေခံအချက်ဖြစ်တဲ့ လမ်း၊ မီး၊ ရေ၊ ပညာရေး၊ ကျန်းမာရေးလုပ်ပေးပါဆိုတော့ ကျွန်တော်က အဲ့ဒီဟာကို လမ်းညွန်မှုခံပြီး ဘတ်ဂျက်တွေ အကုန်လုံးကို အဲ့ဒီမှာပဲ သုံးတယ်။ လွှတ်တော်နဲ့ ကော်မတီတွေနဲ့ သုံးတယ်။ ဆိုပါစို့ အခုကျွန်တော်တို့ လမ်းတွေ မြို့နယ်တွေမှာ လမ်းဖောက်ချင်ရင် တိုင်းဒေသကြီးလွှတ်တော်မှာဖွဲ့ထားတဲ့ လမ်းဟိုဟာတွေ စစ်ဆေးခိုင်းပြီးတော့ သူတို့ရွေးတဲ့လမ်းတွေပဲ ကျွန်တော်တို့က ဘတ်ဂျက်ချပေးတာပေါ့။ ဆိုလိုချင်တာ ညှိညှိနှိုင်းနှိုင်း လုပ်နေတဲ့ဟာ အရှိန်အဟုန်ပိုပြီးတော့ ဆက်ပြီးမြှင့်တင်ပြီး လုပ်ချင်တယ်ပေါ့၊ ကြီးတဲ့လမ်းတွေလည်း တတ်နိုင်ရင် ၂၀၂၂-၂၃ လောက်မှာ ကျေးလက်လမ်း တော်တော်များများပြီးဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ခရိုင်ချင်းဆက်လမ်းတွေ ကျွန်တော်တို့ လုပ်နေတာတွေ ရှိပါတယ်။ အဲဒီတော့ မြင်တဲ့အတိုင်းပါပဲ မန္တလေးမြို့ပေါ်မှာကတော့ စည်ပင်သာယာကနေ လုပ်နေတဲ့အတွက် ပြည်သူကိုယ်တိုင်က စိတ်ဝင်တစား လုပ်လာတဲ့အတွက် မန္တလေးမြို့ပေါ်ရဲ့ အခြေအနေက သူများတွေ ပြောစမတ် ဖြစ်တာပေါ့၊ ဆိုလိုချင်တာက အာဆီယံရဲ့ ဆယ်နိုင်ငံ ဆယ်မြို့ ရွေးလိုက်တဲ့အထဲမှာ မန္တလေးပါသွားတယ်၊ အလားအလာအကောင်းဆုံး စီးပွားရေးလုပ်ဖို့ investment  တွေအတွက်လည်း ရင်းနှီးမြုပ်နှံမှုတွေလာအောင် ကျွန်တော်တို့ အခြေအနေတွေ ဖန်တီးပေးနေတာပေါ့နော်။ အဲ့ဒါလေးကိုလည်း လုပ်ပေးဖို့ ထားပါတယ်။   ။

မေး။ ။ တစ်ဆက်ထဲမှာပဲ ကျွန်တော်မေးချင်တာကတော့ Smart City ပေါ့နော်။ ဝန်ကြီးချုပ်တာဝန် ယူထားတဲ့ မန္တလေးမြို့မှာ Smart City ဆိုပြီးတော့မှ တော်တော်လေးကို ရေပန်းစားတယ် ။ အဲဒီတော့ Smart City ဆိုတာ နားမလည်ဘူး၊သိပ်နားမလည်ဘူး။ ဘာလို့လဲဆိုတော့ ဝေးနေတာလည်း ပါမှာပေါ့၊ အဲဒီတော့ Smart City ဆိုတာ ဘာလဲ၊ ပြည်သူလူထုကလည်း ဘာတွေလုပ်ရမလဲ၊ အစိုးရကရော ဘာတွေလုပ်ပေးမလဲပေါ့။

ဖြေ။ ။ ကျွန်တော်ပြောပြောနေတာ Smart City၊ Smart City ဆိုပြီးတော့ ပြောကြတယ်ပေါ့နော်။ နောက်ဆုံး smart ဆိုတဲ့ definition သိပ်မဖွင့်တော့ဘူးဗျ။ ကျွန်တော်တို့ကတော့ မန္တလေးမှာ master plan ရှိတယ်။ အဲဒီတော့   Smart , Green and Clean တဲ့ ။ smart and clean  ဖြစ်နေပြီး၊green မဖြစ်ရင်လည်း အလကားပဲ။ နောက်ဆုံး ဒီ စမတ်တို့ပေါ့နော်၊ ပြည်သူတော်တော်များများ သိမှာမဟုတ်ဘူး။ ဒါလည်း ကျွန်တော် နားလည်ပါတယ်။ ပြည်သူတွေ awareness  ဖြစ်အောင် လုပ်ရမှာပေါ့နော်။ ပြည်သူတွေ ပါဝင်မှလည်း ဖြစ်မှာ၊ အခုက စမတ် ထက်စာရင် နောက်ဆုံး အဓိပ္ပါယ်ဖွင့်တာက living world တဲ့၊ ပြည်သူတွေ နေပျော်၊ ထိုင်ပျော် ရှိတဲ့ ပတ်ဝန်းကျင် တစ်ရပ်ကို ဖန်တီးရမှာ အဲ့ဒါက မြို့တွေရဲ့ တာဝန်၊ အုပ်ချုပ်တဲ့သူရဲ့ တာဝန်ပေါ့။ အဲဒီတော့ living world ဆိုလိုက်တဲ့အတွက် ဘာပဲပြောပြော ဆိုတော့ ခေတ်မီ ကမ္ဘာကြီးနဲ့ တစ်ပြိုင်နက်တည်း ချိတ်ဆက်နိုင်ရမယ်။ ဆိုလိုတာ အင်တာနက် နေရာတိုင်းမှာ အင်တာနက်က everything  ပေါ၊့ ရုံးတွေမှာလည်း အင်တာနက်တွေရှိရမယ်၊ Control Center ကြီးကနေ ဘယ်နေရာမှာ ဘာဖြစ်နေတယ် ဆိုတဲ့ဟာကို ချက်ချင်းသိရမယ်။ ဆိုပါစို့ ကျွန်တော် အစ္စရေးရောက်တုန်းက သူတို့ရဲ့ စမတ်စီးတီး သူတို့ လုပ်နေတဲ့ဟာကို control room မှာ သွားကြည့်တာ လူငယ်လေးတွေ ထိုင်နေတယ် ၊ ရပ်ကွက်တစ်ခုမှာ စကားပြောနေကြတယ်။ စားရင်းနဲ့ အမိုက်တွေလွှတ်ပစ်နေတာ၊ အဲဒီတော့ ချက်ချင်းလှမ်းအကြောင်းကြားလိုက်တယ်၊ မြူနီစပယ် ရဲကို၊ သူကသွားတယ်၊ မင်းတို့ ဒီနေရာမှာ မနေနဲ့တော့ ပြန်ကြတော့ အမှိုက်လေးတွေ သိမ်းတော့ ၊ လူငယ်တွေကလည်း အေးအေးဆေးဆေးပြန်။ ဆိုလိုချင်တာ စိတ်ကွယ်ရာမရှိတော့ဘူး၊ ကျွန်တော်တို့မှာ အခု ပြစ်မှုတစ်ခုခုဖြစ်လို့ရှိရင် cctv တွေ လိုက်ပြီးတော့ ပိုင်ရှင်တွေရဲ့ ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေရဲ့ cctv တွေ လိုုက်ကြည့်နေတယ်။ ဆိုလိုချင်တာ စမတ်ဆိုတာကတော့ဗျာ၊ ကမ္ဘာကြီးနဲ့ ချိတ်ဆက်မှု နည်းပညာမြင့်မားတဲ့ အခုသုံးနေတဲ့ အင်တာနက် အစရှိတာတွေ ပြည့်စုံတာပါ၊ နောက်ဆုံးတော့ အဲ့ဒါ living world ၊လူတွေ နေတာ ထိုင်တာ၊လူတွေနေချင်တာ ဘာဖြစ်လဲ၊ ကမ္ဘာကြီးနဲ့ ချိတ်ဆက် တစ်ပြိုင်နက်တည်း လုပ်လို့ရ တယ်။ facebook သုံးချင်တယ်၊ အင်တာနက်သုံးချင်တယ် တစ်ပြိုင်နက်တည်း ဖြစ်အောင် လုပ်ပေးနိုင်တာဟာ living world ၊ နောက်တစ်ခုက ဘာဖြစ်ရမလဲ clean ဖြစ်ရမယ်။ မြို့ကြီးမှာ မသပ်ရပ်ဘူးဆိုလို့ရှိရင် ဘယ်သာယာ နေပျော်ဖွယ်ရှိမလဲ၊ နောက်တစ်ခုက လူတွေ စိမ်းလန်းစိုပြေတာတွေ မမြင်ရဘူးဆိုလို့ရှိရင် လူတွေရဲ့ ကျန်းမာရေးက သိပ်မကောင်းနိုင်ဘူး။ အဲဒီတော့ နောက်ဆုံးတော့ သူတို့က လူတွေ၊ ကျွန်တော် နိုင်ငံသူနိုင်ငံသားတွေ ပြည်သူပြည်သားတွေ၊  သာယာ နေပျော် ထိုင်ပျော်ရှိတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေရာဒေသ၊ အဲ့ဒါကို living world လို့သုံးတာပေါ့။ အဲ့ဒီ living world ထဲမှာ စမတ်လည်း ပါပါတယ်တဲ့၊ green လည်းပါပါတယ်။ clean လည်းပါပါတယ်။ ဘာလဲဆိုတော့ မန္တလေး မြို့ကြီးကို အခု မန္တလေးဆို မန္တလေးသားတွေမဟုတ်ပါဘူး၊ တစ်ခြားလူတွေလည်း လာပြီးနေရင် သာယာနာပျော်ဖြစ်အောင် ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်။ အဲဒီတော့ ပြည်သူပြည်သားတော့ ပါမှာပေါ့ဗျာ။ ကျွန်တော် ကျုံးကြီးပြင်ပေးတယ်ဗျာ၊ ကွမ်းတံတွေးတွေ ထွေးထားတယ်၊ အမိုက်ပုံးတွေ ချထားတယ်၊ စားသောက်ပြီးတော့ ပုံးထဲကို မထည့်ဘူးဗျ။ ခြေလှမ်းနည်းနည်းလေးသွားပြီးထည့်ရမှာ မထည့်ဘူး။ အဲဒီတော့ ပြည်သူတွေလည်း ပါမှရမှာပါ။ အဓိကကတော့ ပြည်သူပါပဲ။ ကျွန်တော်တို့လည်း ပြည်သူမပါကောင်းလားလို့ ဒေါသဖြစ်နေလို့လည်း မရပါဘူး။ ပြည်သူနားလည်အောင်တော့ ရှင်းပြရမှာပေါ့၊ ရေရှည် သည်းညည်းခံပြီးတော့ ဒီစည်းရုံးရေး အသွင်နဲ့လုပ်ရမှာ ။ မြို့ကြီး တစ်မြို့ သန့်ရှင်း သပ်ရပ်လှပဖို့ အရေးကြီးပါတယ်၊ ဘာလို့လဲ စီးပွားရေးဖွံ့ဖြိုးလာရင် ဘေးပတ်ဝန်းကျင်က ဝင်လာမှာ၊ ဒီ migrant က ဖွံ့ဖြိုးလာရင် ပြဿနာ ဖြစ်လာမှာ၊ အဲ့ဒီ migrant တွေအတွက်ကို ကျွန်တော်တို့ ပြင်ဆင်ပြီးပြီလား။ အဲဒီလိုပြင်ဆင်မှလည်းပဲ living world ဖြစ်မှာပေါ့။ နို့မဟုတ်ဆို တစ်ချို့ကိစ္စကြီးတွေနဲ့ပဲ ကျွန်တော်တို့ ပြဿနာရှိနေမှာပေါ့နော်။ အဲဒီတော့ living world ဖြစ်အောင်ကတော့ ကြိုးစားချင်ပါတယ်။ ဆောင်လည်းဆောင်ရွက်နေပါတယ်၊ ဒါ ဘတ်ဂျက်လည်း ရှိမှ၊ ပြည်သူကလည်း ပါမှ၊ အားလုံးဝိုင်းလုပ်မှ ရမယ်လို့ ကျွန်တော်ထင်ပါတယ်။

မေး။ ။ ဒါ မန္တလေးမြို့နဲ့ပတ်သက်ပြီးတော့ပေါ့နော်၊ မန္တလေးတိုင်း တစ်တိုင်းလုံးနဲ့ ပတ်သက်ပြီးတော့ရော ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီးတော့မှ ခုနပြောတဲ့ လမ်း၊ လျှစ်စစ် နောက် တစ်ခြားဟာတွေပေါ့နော် ။

ဖြေ။ ။ potential ရှိတဲ့မြို့တွေရှိတယ်၊ မိတ္ထီလာ လမ်းဆုံ လမ်းခွမှာ၊ မိတ္ထီလာမှာလည်း အခြေခံကောင်းတွေ ရှိတယ်၊ အဲဒီအနားပတ်ဝန်းကျင်မှာ မြေတွေရှိသေးတယ်ဗျ။ အဲ့ဒီမြေတွေကို အကျိုးရှိရှိ အသုံးချဖို့ရာ ဆိုလိုချင်တာ တကယ်ရင်းနှီးမြုပ်နှံမယ့် လူတွေကို ကျွန်တော်တို့ ဘက်က အစိုးရ မြေတွေပေးပြီး တည်ထောင်ရေးလုပ်ငန်းတွေ လုပ်ဖို့တော့ လိုတာပေါ့နော်။ ဒါကလည်း ကျွန်တော်စည်းမျဉ်း  စည်းကမ်းတွေရှိပြီးသား၊ အရေးကြီးတာက ဘာလဲဆိုရင် တကယ့်တိုင်းပြည် ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ စီမံကိန်းတွေ ချဖို့ ၊ အခုဆိုရင်တော့ နိုင်ငံတော်က ဆရာတို့ ကြားဖူးလားမသိဘူး၊ ပရော့ဂျက်ဘဏ် ဆိုတာ စပြောပါမယ် ၊ SDP  ကို  ချထားတယ်။ ကျွန်တော်တို့ ပရော့ဂျက်တွေ စိတ်ကူးယဉ်ပြီး တင်ချင်တိုင်း တင်လို့မရပါဘူး။ တကယ်လက်တွေ့ကျတဲ့စိတ်၊ ပရော့ဂျက်ကိုတင် တင်ပြီးရင် ပြည်ထောင်စုက မှတ်ထားမယ်၊ ရံပုံငွေလိုသလား၊ အကူညီလိုသလား အဲ့ဒါတွေအားလုံး ချိတ်ဆက်ပေးမယ်၊ ဆိုလိုချင်တာကတော့ ကိုယ့်ဟာကိုယ် စိတ်ကူးရရာ ဖွံ့ဖြိုးတိုးတက်မှု လုပ်လို့မရ တော့ဘူး။ အဲ့ဒီ ပရော့ဂျက်ဘဏ်ထဲကို သွင်းပြီး လုပ်ရမယ်ဆိုတဲ့အတွက်လည်း ကျွန်တော့် မန္တလေးမှာ potential ရှိတဲ့မြို့တွေရှိတယ်၊ ဆိုပါစို့ မိတ္ထီလာ၊ မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ ဒီဘက်က မတ္တရာ သပိတ်ကျင်း၊ ဒီပတ်ဝန်းကျင်တစ်ခုကို ပေါင်းလိုက်မယ် ဆိုလို့ရှိရင် လူဦးရေ၊ ကျွန်တော် ထင်တယ် ၊ ကျွန်တော်တို့က population ကို သုံးလေးငါးသန်းလောက်ဖြစ်သွားမှာ။ အဲ့ဒါကြီးတစ်ခု ဒီနားက  ကျောက်ဆည်ဆို ရေမြေ ကောင်းတယ် ။ ဒါပေမယ့် လုပ်စရာတွေ ရှိသေးတယ်။ ပြင်ဦးလွင် tourism ရော ဘာရော အခု တအားနည်းနည်းများနေတယ်၊ အဲ့ဒီဟာတွေကို ရည်မှန်းချက်ရှိရှိနဲ့ လုပ်မယ်ဆိုလို့ရှိရင် တိုးတက်ဖွံ့ဖြိုးစရာပဲရှိတယ်၊ ကျွန်တော်တို့မှာ စိတ်ကူး ကောင်းကောင်းလိုမယ်၊ အတိုင်ပင်ခံ အဖွဲ့တွေလိုမယ် adviser တွေလိုမယ်၊ တကယ်ကောင်းတဲ့ ပရော့ဂျက်တွေနဲ့ ဆိုရင် ခုနပြောသလို မန္တလေးက အလားအလာကောင်းတဲ့အထဲမှာ ပါပါတယ်။ အဲဒီတော့ ကျွန်တော်မြင်တာ ကတော့ အဒီအတိုင်းမြင်ပါတယ်။

မေး။ ။ ကျွန်တော်မေးသွားတဲ့အထဲမှာ မပါတာတို့ သို့မဟုတ် ပြောချင်တာ ရှိရင် သတင်းစကားလေး ပါးပေးပါခင်ဗျား။

ဖြေ။ ။ ကျွန်တော်ပြောချင်တာကတော့ လယ်ယာမြေတွေပေါ့နော်။ ဒီဇင်ဘာမှာ ကျွန်တော်တို့ သွားတော့ မေးတယ်ဗျ။ မီဒီယာသမားလေးတွေက ဝန်ကြီးချုပ်ကြီးပဲပြောထားတာ ဒီဇင်ဘာမှာ သိမ်းဆည်းခံမြေယာတွေနဲ့ပတ်သက်ပြီးတော့ ပြန်ပြီးတော့ ပြန်ပေးနိုင်အောင် သမ္မတရုံးကနေပဲ ကြားထားတာ၊ ကျွန်တော်တို့လည်း ကြိုးစားပမ်းစားဆောင်ရွက်နေတယ်၊ ဒါပေမယ့် ပြဿနာလေးတွေ ကတော့ နည်းနည်းပါးပါးကြာမှာ၊ ကျွန်တော်တို့ ပြန်ပေးမယ် ဆိုတာ ကျွန်တော်တို့ ပြန်စစ်ပြီးသမျှ အမှုတွဲတွေထဲကဟာ ကျွန်တော်တို့ ပြတ်အောင်ဖြတ်မယ်။ ဒါပေမယ့် ခက်တာက မြေသိမ်းတာကို အခုမှ တိုင်ရကောင်းမှန်း သိတဲ့လူတွေရှိတယ်။ အဲဒီတော့ ၂၀၁၈ မှာ တိုင်တဲ့လူတွေရှိတယ်။ ဒီနှစ်ထဲ ရောက်မှ တိုင်တဲ့လူတွေရှိတယ်။ ဆိုလိုချင်တာက သူတို့လုပ်ငန်း သူတို့ ဒီသတင်းကို တော်တော်များများတော့ သိထားကြတယ်၊ သိမ်းထားတဲ့မြေတွေက လွတ်နေသေးတယ် ဆိုလို့ရှိရင် သမ္မတကြီးက ပြန်ပေးကို ပေးရမယ်ဆိုတဲ့မူ ချလိုက်တော့ ဒါကို သိသွားပြီးတော့ အခုဆိုပါစို့ ၂၀၁၈ မေ၊ဇွန် ကမှ ဒီမြေယာနဲ့ပတ်သက်တဲ့ တိုင်တဲ့ဟာတွေကို အဲ့ဒါတွေကို ကျွန်တော်တို့က အခုမှ စီစစ်တုန်း ရှိသေးတယ်ဆိုတော့ လုပ်ငန်းစဉ်တစ်ခုက ၊ကျွန်တော့်ဆီ တိုင်စာရောက်လာတယ်၊ တစ်ချို့ ဝန်ကြီးချုပ် တိုက်ရိုက်တိုင်တယ်၊ ဝန်ကြီးချုပ် တိုက်ရိုက်တိုင်ရင် ဝင်စာရဲ့ သဘောသဘာဝအရ ဘယ်သူကမှ မဖတ်တော့ဘူး၊ ဝန်ကြီးချုပ်ဆီပို့တယ်၊ အစိုးရအဖွဲ့ဆိုလို့ရှိရင် သက်ဆိုင်ရာဝန်ကြီးတွေ ကို ဖြတ်ပြီးမှ ရောက်တဲ့အခါကျတော့ ကျွန်တော်တို့က ဒီဟာကို ဖတ်ပြီးရင် ကျွန်တော်တို့က မြို့နယ် ပြန်စစ်ပေးပါ၊ ခရိုင်က ပြန်စစ်ပေးပါ၊ ပြန်တက်လာတယ်။ တက်လာတာကို ကျွန်တော်တို့ တိုင်းမြေပြန်စစ်က အစည်းအဝေးထိုင်ရတယ်၊ တိုင်းမြေပြန်စစ်ကလည်း တစ်လမှာ တစ်ခါထိုင်တယ် ၊ ပြီးလို့ရှိရင် ကျွန်တော်တို့က ဗဟိုကို တင်ရတယ်၊ ဗဟိုတင်လိုက်တဲ့ဟာလည်း ဗဟိုသက်ဆိုင်ရာ ဝန်ကြီးဌာနက စွန့်လွတ်မှာလား မစွန့်လွတ်ဘူးလား မေးရတယ်ဆိုတော့ ကေ့စ်တစ်ခုက Process ကကြာတယ် ၊ လျှော့ချလို့ရတယ်၊ ဒီလုပ်ငန်းစဉ် ဟိုဟာတောင်ဖြစ်မယ်။ ဘာလို့ဝန်ကြီးဌာနတွေ မေးမလဲ လွတ်တယ်ဆို ပိုမယ်ဆိုရင် မြေစစ်ဗဟိုကဖျက်ပစ်လိုက်ရင် ပြတ်ပြီလေ ။ အခုကျတော့ ဝန်ကြီးဌာန။

ဟိုတလောက မော်လမြိုင်မှာ သမ္မတကြီး အဲ့ကိစ္စတော်တော်ပြောသွားတယ်လေ ။

ဟုတ်တယ်။ အဲ့ဒါပြောတာပေါ့ ကျွန်တော်တို့ သိတာ မြေစစ်ဗဟို ဘာကြောင့် ဖွဲ့ပေးထားလဲ၊ တစ်နိုင်ငံလုံး အမျိုသားအဆင့်လေ၊ သူတို့ဖျက်လိုက်ရင် ပျက်တာပဲ။ ဘာလို့ ဝန်ကြီးဌာနက စွန့်လွတ်မယ်လို့ မေးနေသေးလဲ၊ ပိုနေတယ်။ အဲဒီတော့ ခက်တာက ဝန်ကြီးဌာန အနာဂတ်စီမံကိန်း ရှိလို့ ၊ အနာဂတ်စီမံကိန်း ရှိလို့ အကြောင်းပြတော့၊ သမ္မတကြီးက အဲ့ဒါကို ကျွန်တော်တို့ တက်တဲ့ အစည်းအဝေးမှာ သူပြောတယ်။ ကိုယ့်မြေမှ မဟုတ်ဘဲ ပြန်ပေးလိုက်ရင် ပြီးရောပေါ့တဲ့ ၊ ဒါ ရှင်းရှင်းလေးပဲ လွယ်လွယ်လေးပဲ ၊ အဲ့ဒါမျိုး ဆိုလို့ရှိရင်တော့ process မြန်သွားတာပေါ့။ step တစ်ခု လျှော့သွားတယ် ၊ နို့မဟုတ်ရင် အထက်အောက် ပြန်ဆင်းနေရတယ်။ ပြီးလို့ရှိရင် စွန့်လွတ် လိုက်ပြန်တော့လည်း ခရိုင်ကို အကြောင်းကြားရတယ်။ state land ဆိုတာ ဖြစ်သွားတယ်၊ နိုင်ငံပိုင်မြေ။ အဲဒီနိုင်ငံပိုင်မြေ ဖြစ်ပြီးမှ မူလတောင်သူကို ပေးရတယ်။ ဒါပေမယ့် သိမ်းထားတဲ့ အဖွဲ့အစည်းတွေက သီးစားချထားတော့ သီးစားချထားတာလည်း နှစ်ပေါင်းဆယ်ချီနေပြီ ဆိုတော့ ငါတို့နဲ့ သက်ဆိုင်တယ်ဆိုရင်၊ ကျွန်တော်အခုနောက်ဆုံး ကတက်ချဉ် စိုက်ကွင်း၊ ဧက လေးထောင်ကျော်။ ဒါပေမယ့် မြေပြန်တောင်းတာ ၇ ထောင်ဧကရှိတယ်။ သီးစားချထားတဲ့ လူတွေရော ကျူးနေတဲ့လူတွေရော ကိုယ်ပိုင်တယ်ဆိုပြီး၊ အမှန်တော့ တကယ်တမ်းတော့ မပိုင်ဘူးဗျ၊ ပြောရလို့ရှိရင် ကိုယ်မပိုင်တဲ့မြေကို ကိုယ်လိုချင်တာက အဒိန္နာဒါနာ ကျူးလွန်တာပဲပေါ့နော်။ အဲဒီတော့ ဒီပြဿနာလေးရှိတော့ ဒီအခက်အခဲလေးတော့ ရှိတယ်။ ကျွန်တော်တို့က တစ်လတစ်ခါလုပ်နေတယ်၊ မြေပြန်စစ် အစည်းအဝေး၊ တိုင်းလယ်ယာမြေ စီမံခန့်ခွဲမှု အစည်းအဝေး၊ မြေလွတ်မြေရိုင်းများ အစည်းအဝေး ဆိုတော့ ဝန်ကြီးချုပ်တွေလည်း ကျွန်တော်ထင်တယ်၊ ရုံးအုပ်အဆင့်လောက်ပဲ ရှိတာ၊ ဒီဟာတွေနဲ့ပဲ လုပ်ကြတာ ကျွန်တော့်ဘက်က သုံးသပ်ချက်ပေါ့နော်။ ဒီဟာ အခြားဝန်ကြီးတွေတော့ ဘယ်လို သဘောထားရှိလဲ မသိဘူး။ ကျွန်တော်တို့နဲ့ လုပ်ပိုင်ခွင့်ကလည်း ကန့်သတ်မှုရှိပါတယ်။ ကျွန်တော်တို့က တောင်းနေတာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု သွားမှာ ဖြစ်တဲ့အတွက် အခုကတည်းက တိုင်းဒေသကြီးတစ်ချို့ကို လုပ်ပိုင်ခွင့်ပေးပါ။ ဒါမှလည်း ကျွန်တော်တို့လည်း capacity ဖြစ်လာမှာ။ ဘယ်သူမှ capacity ပြည့်ပြီး ဝင်လာတာမရှိဘူးလေ။ ကျွန်တော်တို့လည်း ဇယား ၁ ကြည့်လိုက်၊ ဇယား ၂ ကြည့်လိုက်၊ အဲ့ဒါတွေ လုပ်ရင်းနဲ့ပဲ ကျွန်တော်တို့က ဆောင်ရွက် နေရတာပေါ့။ ကျွန်တော်တို့ကိုယ်တိုင်သည်ပင်လျင် ဒီနိုင်ငံရေး အုပ်ချုပ်ရေးပိုင်းတွေမှာ ကျွန်တော်တို့ က ကျွမ်းကျင်ခဲ့တာမှ မဟုတ်ပဲနဲ့။ သင်ယူရင်းနဲ့ ကြိုးစား ပမ်းစားဆောင်ရွက်နေတာပေါ့နော်။ အဲဒီတော့ လုပ်ရတာတော့ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ကျေနပ်အားရသလားလို့ မေးရင်တော့ ကျွန်တော် မကျေနပ်သေးဘူးဗျ၊ ဒီထက်လုပ်ပေးနိုင်အောင် ဒီထက်လည်း စွမ်းဆောင်ရည်ရှိနိုင်အောင်၊ ကိုယ့်ကိုယ်ကိုလည်း ကြိုးစားဖို့ လိုတယ်။ ခုနပြောလိုက်သလိုပေါ့ framework  ကြီး တစ်ခုလုံးမှာ ရှိနေတဲ့ ဌာနဆိုင်ရာအားလုံး ပြောင်းလဲဖို့ လိုတယ် ။ မဟုတ်လို့ရှိရင်ကတော့ အခုပြောင်းလဲသလား မေးရင်တော့ ဌာနဆိုင်ရာ တစ်ချို့မှာကတော့ အောက်ခြေမှာ ကြန့်ကြာတုန်းရှိသေးတယ် ။ ဆိုပါစို့ တစ်ခြားနည်းသုံးတာ မြေကိုတခြားနည်းသုံးတာ process လေးနည်းနည်းကြာတယ် ၊ဘာလုပ်ငန်း လျှောက်လျှောက် ကြာတုန်းရှိသေးတယ်။ ဒါတွေ နည်းနည်းပြင်မယ်ဆိုရင်တော့ ကျွန်တော်ထင်ပါ တယ် ၊ ကျွန်တော်တို့ ဖက်ကလည်း အရေးယူမှုတွေ လုပ်လာနိုင်မယ် ဆိုရင်တော့ ၂၀၂၀ နောက်ပိုင်း ကျွန်တော်တို့ အရှိန်အဟုန်နဲ့ ပြန်ပြီး တိုးတက်သွားမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့လည်း အဲဒီလို စွမ်းဆောင်ရည်ဖြစ်အောင်တော့ ကြိုးစားတယ်။ အရေးကြီးတာ နောက်ဆုံးပြောချင်တာကတော့ မဲ ပေး ပေးပါလို့။

မေး။ ။ ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့်လည်း ဆွေးနွေးခဲ့တယ် ဒါပေမယ့် ဆွေးနွေးခဲ့တဲ့အခါကျတော့ တစ်ချို့ဟာတွေလည်း ကျန်ကောင်းကျန်နေမယ်၊ ကျွန်တော်တို့ မဇ္ဈိမပရိသတ်တွေပဲဖြစ်ဖြစ်၊ အမျိုးသားဒီမိုကရေစီကို အားပေးထောက်ခံတဲ့ ပြည်သူလူထုကိုပဲဖြစ်ဖြစ် တစ်နိုင်ငံလုံး ပြည်သူလူထုကိုပဲ ဖြစ်ဖြစ် သတင်းစကားလေးကို ပါတီဒုဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ပြောပေး စေချင်ပါတယ် ခင်ဗျား ။

ဖြေ။ ။ ခုနပြောသလို သတင်းစကားကတော့ ၂၀၁၉ နှစ်သစ်မှာပေါ့နော်။ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားအားလုံး ကိုယ်စိတ်နှလုံး ရွှင်ပြုံးနိုင်စေချင်ပါတယ်။ အဲဒီလို ကိုယ်စိတ်နှလုံး ရွှင်ပြုံးနိုင်ဖို့ အိပ်တဲ့အချိန်မှာ ကြောင့်ကြမှုကင်းကင်းနဲ့ အိပ်ပြီး၊ နိုးထလာတဲ့အခါမှာလည်း ကြောင့်ကြမှုကင်းကင်းနဲ့ နိုးထလာဖို့ ။ဒါ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့စကားပါ၊ ဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်နေတာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးလည်း အရေးကြီးပါတယ်။ အဲဒီတော့ အလားတူ ငြိမ်းချမ်းရေးလည်း အရေးကြီးပါတယ်၊ ဒါကြောင့်မို့လို့ ဒီငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး တည်ငြိမ်အေးချမ်းရေးဟာ ပြည်သူလူထု မပါဝင်ဘဲနဲ့ ကျွန်တော်တို့ အစိုးရချည်းး ဆောင်ရွက်လို့ မရဘူးပေါ့၊ ဒါကြောင့် ပြည်သူတွေ ဒီဟာလေးကို ရင်ထဲမှာ ထည့်ထားပေးကြပါ။ ကျွန်တော်တို့ နိုင်ငံအတွက် ငြိမ်းချမ်းရေး ဘယ်လောက် အရေးကြီးတယ်၊ ကျွန်တော်တို့  နိုင်ငံအတွက် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ဘယ်လောက် အရေးကြီးတယ် ဆိုတာလေးကို ရင်ထဲထည့်ထားပြီးတော့ ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ ဦးဆောင်ပြီးတော့ လုပ်နေတဲ့ လုပ်ငန်းတွေမှာ အားပေးထောက်ခံပေးပါလို့ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။   ။

ဟုတ်ကဲ့ပါ ကျေးဇူး အများကြီးတင်ပါတယ်ခင်ဗျာ။ ကျွန်တော့် မေးခွန်းတွေကို ပြည့်ပြည့်စုံစုံ ဖြေကြားပေးခဲ့တဲ့ အတွက် ဝန်ကြီးချုပ်ကိုလည်း ကျေးဇူးတင်ပါတယ်။ မဇ္ဈိမကို ကြည့်ရူအားပေးနေကြတဲ့ မဇ္ဈိမပရိသတ်များကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျား။ ဒီအစီအစဉ်ကတော့ ဒါပထမဆုံးဖြစ်ပါတယ်။ အတိုကောက်က MQ (Minister’s Question ) ဖြစ်ပါတယ် ခင်ဗျား။ ကျေဇူးတင်ပါတယ် ခင်ဗျား။   ။(မဇ္စျိမ)

  မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ ဒီမိုကရေစီယဉ်ကျေးမှု (ပထမပိုင်း) အပြည့်အစုံ - http://www.mizzimaburmese.com/article/53712

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ ဒီမိုကရေစီယဉ်ကျေးမှု (ဒုတိယပိုင်း) အပြည့်အစုံ - http://www.mizzimaburmese.com/article/53740

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required