စပါးအသင်းကို အရေးနိမ့်ပြီးတဲ့နောက် VAR စနစ်ကို ဝေဖန်လိုက်တဲ့ ချယ်လ်ဆီးနည်းပြ ဆာရီ

By မျိုးထွန်းနိုင်
09 January 2019
စပါးအသင်းကို အရေးနိမ့်ပြီးတဲ့နောက် VAR စနစ်ကို ဝေဖန်လိုက်တဲ့ ချယ်လ်ဆီးနည်းပြ ဆာရီ

ဇန်နဝါရီ ၉ ။                ။ အင်္ဂလန် ကာရာဘောင်းဖလားဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ဖြစ်တဲ့ စပါးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ အိမ်ရှင်စပါးအသင်းက ၁-၀ ရလဒ်နဲ့ ချယ်လ်ဆီးကို အနိုင်ရရှိခဲ့ပါတယ်။

ဝင်ဘယ်လေကွင်းမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ပွဲချိန် ၂၄ မိနစ်အတွင်း စပါးတိုက်စစ်မှူး ဟာရီကိန်း နဲ့ ချဲလ်ဆီးဂိုးသမား ကီပါတို့ ရင််ဆိုင်တွေ့ချိန်မှာ ကီပါ ရဲ့တားဆီးမှုကြောင့် ဟာရီကိန်းဟာ လဲကျသွားခဲ့ပါတယ်။ ဟာရီကိန်းဟာ ကီပါနဲ့ ရင်ဆိုင်မတွေ့ခင်ကတည်းက လူကျွံအနေအထားမှာ ရှိနေခဲ့ပြီး စည်းကြပ်ဒိုင်ကလည်း အလံထောင်၍ လူကျွံဘောအဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်လူကြီး မိုက်ကယ်အိုလီဗာ က VAR ရုပ်သံကိုပြန်လည်ကြည့်ရှုခဲ့ပြီး ကီပါကို အဝါကတ် ပြခဲ့သလို စပါးအသင်းကိုလည်း ပင်နယ်တီကန်ခွင့် ပေးခဲ့ပါတယ်။

ဇန်နဝါရီလ ၈ ရက်နေ့မှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ စပါးတိုက်စစ်မှူး ဟာရီကိန်းဟာ VAR စနစ်(Video Assistance Referee) ကြောင့် ရလာတဲ့ ပင်နယ်တီကို ဂိုးအဖြစ်ပြောင်းလဲခဲ့ပြီး ယင်းဂိုးဖြင့်သာ စပါးအသင်းအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

“ဗီဒီယိုကို ကျွန်တော်ပြန်ကြည့်တဲ့အခါ ဒါဟာ လူကျွံအနေအထားဖြစ်ပါတယ်။ဟာရီကိန်း လူကျွံနေပါ တယ်။ ဒီဖြစ်စဉ်မှာ စည်းကြပ်ဒိုင်က အရေးကြီးတဲ့အနေအထားမှာ ရှိနေပါတယ်။အင်္ဂလန်က ဒိုင်တွေအနေနဲ့ VAR စနစ်ကို ဘယ်လိုအသုံးပြုသလဲဆိုတာ ကျွန်တော် မတွေးတတ်တော့ဘူး။”လို့ ချယ်လ်ဆီးနည်းပြ ဆာရီက ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့ စပါးအသင်းကို ကာရာဘောင်းဖလားပွဲစဉ်ဒုတိယအကျော့အဖြစ် အိမ်ကွင်း စတမ်းဖို့ဘရိုက်မှာ ထပ်မံရင်ဆိုင်ရဦးမှာ ဖြစ်ပြီး အဆိုပါပွဲစဉ်ကို အနိုင်ကစားနိုင်မှာသာ ဗိုလ်လုပွဲကို တက်လှမ်း နိုင်မှာ ဖြစ်ပါတယ်။ စပါးအသင်းရဲ့ အိမ်ကွင်းအဖြစ် လက်ခံကစားခဲ့တဲ့ဝင်ဘယ်လေက ပွဲစဉ်မှာ VAR စနစ် ကြောင့် ပင်နယ်တီပေးခဲ့ရမှုအပေါ် ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။

“ ကျွန်တော် VAR စနစ်ကို မကြိုက်ပါဘူး။ ဒီစနစ်ကြောင့် အကျိုးကျေးဇူးတချို့တော့ ရနေပါတယ်။ ကမ္ဘာ့ဖလား အပါအဝင် လာလီဂါနဲ့ တခြားသော လိဂ်ပြိုင်ပွဲတွေမှာ VAR စနစ်ကို သုံးစွဲနေကြပါပြီ။ ကျွန်တော်မြင်တာ ကတော့ ဒီစနစ်ကြောင့် ဘယ်သူမှ မပျော်ကြပါဘူး။အင်္ဂလန်မှာ ဒီစနစ်ကို အကောင် အထည်ဖော်ဖို့ အချိန် ၆လလောက်တော့ လိုပါသေးတယ်”လို့ စပါးအသင်းရဲ့နည်းပြ ပိုချက်တီနိုက ဆိုပါတယ်။

အဆိုပါစနစ်ကို အင်္ဂလန်ဘောလုံးလောကမှာ အကောင်အထည်ဖော်ဖို့အတွက် စပါးအသင်းနဲ့ ချယ်လ်ဆီး အသင်းတို့ရဲ့ ပွဲစဉ်က အခြေ အနေတွေကို သင်ခန်းစာယူပြီး ပြင်ဆင်မှုတွေ လုပ်ဆောင်သင့်တယ်လို့လည်း ပိုချက်တီနိုက ထပ်လောင်းပြောဆိုသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required