လေပြင်းတိုက်ခဲ့သော ကုလားဂုတ်ကျေးရွာတွင် အကူညီများ လိုအပ်နေ

လေပြင်းတိုက်ခဲ့သော ကုလားဂုတ်ကျေးရွာတွင် အကူညီများ လိုအပ်နေ

မော်လမြိုင် ၊ ဇန်နဝါရီ ၊ ၉ ။        ။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ကုလားဂုတ်ကျေးရွာအုပ်စုတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်နေ့ နံနက်ပိုင်း က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခဲ့မှုကြောင့် အိမ်ခြေ ၃၀၀ ကျော်ခန့် ခေါင်မိုးလှန်အပြင် အဆောက်အဦအချို့ ထိခိုက်ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ရာ အကူအညီများစွာ လိုအပ်နေသည်ဟု ကုလားဂုတ် အောက်ဆိပ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

မုန်တိုင်းဝင်တိုက်ခဲ့မှုကြောင့် လူနေအိမ်အဆောက်ဦများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ ပြိုကျပျက်စီးခြင်း၊ သစ်ပင်ကျိုးကျခြင်း၊ မီးတိုင်ကျိုးပဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ကုလားဂုတ်အောက်ဆိပ် အုပ်ချုပ်ရေးမှူး ဦးသောင်းစိန်ထံမှ သိရသည်။

“မနေ့ နံနက် ၇ နာရီ ၄၀ မိနစ်မှာ အရှေ့အနောက်အရပ်ကနေပြီးတော့ တစ်ကျွန်းလုံးမှောင်မဲသွားပြီးတော့မှ လေကစတိုက်တာပေါ့။ ၅ မိနစ်လောက်ကတဖြည်းဖြည်းနဲ့တိုက်ပြီးမှ ၁၅ မိနစ်လောက်ကြာပြီးတဲ့အချိန်မှာ တအားကြီးတိုက်ပြီးတော့ အိမ်တွေပြိုတာရော၊ သစ်ပင်တွေလဲတာရော၊ ဘုန်းကြီးကျောင်းတွေပြိုတာရော၊ သွပ်အမိုးတွေ လန်တာရော၊ ဘုရားစေတီတွေပြိုလဲတာတွေရော၊ ရွာတွေမှာဆိုရင်လည်း အိမ်တွေ အလုံးလိုက်ပြိုနေတာတွေလည်းရှိတယ်။ နည်းနည်းထိတာနဲ့ များများထိသွားတာနဲ့ပဲ ကွာကြတယ်။ ကျွန်တော် မှန်းကြည့်တာတော့ အနည်းဆုံး အိမ်ခြေ ၃၀၀ လောက်တော့ ရှိတယ်။” ဟု ၄င်းက ပြောသည်။

“ကျွန်တော်တို့ ကျွန်းသူ/ကျွန်းသားတွေက ပင်လယ်ကိုပဲ မီခိုပြီး လုပ်ကိုင်စားသောက်နေကြတာပါ။ ဒီနှစ်က လည်း လုပ်ကိုင်စားသောက်ရတာ အဆင်မပြေတော့၊ ခုလိုဖြစ်တော့ ပျက်စီးဆုံးရှုံးမှုရဲ့ ပမာဏက တော်တော်များတယ်။ အများပြည်သူ တွေကလည်း ဝိုင်းဝန်းကူညီပေးကြစေလိုပါတယ်။” ဟု ၄င်းက ထပ်မံပြောသည်။

ကုလားဂုတ်ကျွန်းပေါ်တွင် ၁၈၈၂ ခုနှစ်မှစတင်ကာ လူများ စတင်နေထိုင်ခဲ့ကြပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ခြေ ၁၀၈၈၊ အိမ်ထောင်စု ၁၁၁၃၊ လူဦးရေ ၅၂၃၈၊ ရွာ ၄ ရွာ ရှိကြောင်း၊ အဆိုပါဖြစ်စဉ်မျိုးကို လွန်ခဲ့သည့် ၇၃ နှစ်က တစ်ကြိမ်၊ အနှစ် ၇၀ မှာ တစ်ကြိမ်၊ ပထမအကြိမ်က လူ ၅ ဦးသေ၊ ဒုတိယအကြိမ် လူ ၂ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပြီး ယခု ၃ ကြိမ်မြောက်တွင် အသေအပျောက်မရှိကြောင်း သိရသည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့သော နေရာသို့ မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦး၊ ရေးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ ပြည်သူလူထုများတို့က ပျက်စီးအဆောက်အအုံများ ဝိုင်းသိမ်းခြင်း၊ ဓါတ်မီးတိုင်အကျိုးများ ရှင်းလင်းခြင်း၊ လမ်းသွားလမ်းလာ သစ်ပင်သစ်ကိုင်းများ ခုတ်လှဲရှင်းလင်းခြင်းနှင့် လိုအပ်သော အကူအညီများ ကို ဆောင်ရွက်ပေးလျှက်ရှိပြီး မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း သိန်း ၃၀၀ ကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly