ရခိုင် မှနေရပ်စွန့်ခွာသူများအား လက်ခံရေး ပြန်လည်စတင်ရန် ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအားခေါ်တွေ့

By မျိုးထွန်းနိုင်
08 January 2019
ရခိုင် မှနေရပ်စွန့်ခွာသူများအား လက်ခံရေး ပြန်လည်စတင်ရန် ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအားခေါ်တွေ့
ဓာတ်ပုံ-နိုင်ငံခြားရေးဝန်ကြီးဌာန

ရန်ကုန်၊ ဇန်နဝါရီ ၈ ။        ။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများကို ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား ပြန်လည်စတင်ရန် နိုင်ငံခြား ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Mr. Manjurul Karim Khan Chowdhury ကို ခေါ်ယူတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Mr. Manjurul Karim Khan Chowdhury အား ဇန်နဝါရီလ ၈ ရက် နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာနရုံး နေပြည်တော်၌ ခေါ်ယူတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ရခိုင်ပြည်နယ်၌ နေထိုင်ခဲ့သူများ ဖြစ်ကြောင်းစိစစ်ပြီးသည့် နေရပ်စွန့်ခွာသူ (၆၀၃) ဦး၏ စာရင်းကို ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား ပေးအပ် ခဲ့ကြောင်း သိရသည်။ အဆိုပါစာရင်းမှာ ဒါကာမြို့တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်က ပြုလုပ် ခဲ့သည့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးဆိုင်ရာ တတိယအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲ လုပ်ငန်း အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးအပ်ခဲ့သည့် နေရပ်စွန့်ခွာသွားသူ ၂၂,၄၃၂ ဦးပါ စာရင်းမှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်အထိ စစ်ဆေးအတည်ပြုပြီးသူများ၏ ပထမအသုတ်စာရင်း ဖြစ်ကြောင်း သိရသည်။

 

“စိစစ်ပြီးသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် နှစ်နိုင်ငံအကြား သဘောတူညီထားသည့် သဘောတူညီချက် နှင့်အညီ သတ်မှတ်ပုံစံများတွင် ဓါတ်ပုံ၊ လက်မှတ်နှင့် သက်ဆိုင်ရာ အချက်အလက်များ ပြည့်စုံစွာ ဖြည့်စွက်ပြီး မြန်မာဘက်သို့ ပြန်လည်ပေးပို့သွားရန် လိုအပ်ကြောင်း” အမြဲတမ်း အတွင်းဝန်က ဆိုခဲ့ပြီး  “နှစ်နိုင်ငံ အကြား သဘောတူညီထားသည့် ပုံစံများတွင် ပါရှိထားသည့်အတိုင်း ၄င်းတို့၏ ဆန္ဒအလျောက် ပြန်လည် ဝင်ရောက် ခြင်း ဖြစ်ကြောင်းနှင့် ပြန်လည် ဝင်ရောက်လာသူများအနေဖြင့် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို လေးစား လိုက်နာမည် ဖြစ်ကြောင်း ကြေညာချက်ပါရှိရမည်” ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင်၊ မြန်မာနိုင်ငံအနေဖြင့် တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသော ဟိန္ဒူဘာသာဝင်များ အပါအဝင် စိစစ်ထားသည့် နေရပ်စွန့်ခွာသွားသူများအား ဆောလျင်စွာ ပြန်လည်လက်ခံနိုင်ရေးအတွက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရသစ်အနေဖြင့် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် Arrangement အပါအဝင် သဘောတူညီချက်များနှင့်အညီ လက်ခံရေးလုပ်ငန်း ပြန်လည်စတင်ရန် ဆက်လက် အကောင် အထည်ဖော်သွားမည်ဟု ယုံကြည်ကြောင်း၊ နှစ်နိုင်ငံအကြား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း” မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ဆိုထားသည်။

 

ယင်းသို့ တွေ့ဆုံရာတွင် နိုင်ငံရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုနှင့် နိုင်ငံရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly