မြိတ်တွင် မီတာ ၁ ယူနှစ်လျှင် ၃၉၀ ကျပ်ဖြင့် ဖြန့်ဖြူးရန် အဆင်သင့် မဖြစ်သေးဟုဆို

မြိတ်တွင် မီတာ ၁ ယူနှစ်လျှင် ၃၉၀ ကျပ်ဖြင့် ဖြန့်ဖြူးရန် အဆင်သင့် မဖြစ်သေးဟုဆို

မြိတ်၊ ဇန်နဝါရီလ (၈) ။          ။ မြိတ်မြို့တွင် ယခုလအတွင်း လျှပ်စစ်မီတာတစ်ယူနှစ်လျှင် ၃၉၀ ကျပ်ဖြင့် မြိတ်အများပိုင်မှ တာဝန်ယူ ဖြန့်ဖြူးရန် စီစဉ်ထားသော်လည်း နိုင်ငံခြားမှ တင်သွင်းလာမည့် မီးစက်ကြီး၏သယ်မယူမှု အခက်အခဲ တချို့ကြောင့် အဆင်သင့်မဖြစ်သေးဟု ဇန်နဝါရီလ ၈ ရက်နေ့၌ ပြုလုပ်သော မီးလင်းရေးအဖွဲ့  ၉ ဖွဲ့နှင့် မြိတ်အများပိုင် ကုမ္ပဏီတို့၏ အစည်းအဝေးမှ သိရသည်။

 ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ မြိတ်မြို့ပေါ်တွင် လက်ရှိခုတ်မောင်းနေသော မီးလင်းရေးအဖွဲ့ ၉ ဖွဲ့အား အားလုံးရပ်နားရမည်ဖြစ်ကာ စျေးနှုန်းလျှော့ချ၍ မြိတ်အများပိုင် ကုမ္ပဏီမှ တာဝန်ယူဖြန့်ဖြူး ပေးသွားမည်ဟု သိရသည်။

 ပြီးခဲ့သည့်လပိုင်းက ဒီဇယ်ဆီများ စျေးနှုန်းမြင့်တက်မှုကြောင့်  မြိတ်မြို့ပေါ်ရှိ ပုဂ္ဂလိက မီးလင်းရေးများက မီတာ တစ်ယူနှစ်လျှင် ၅၀၀ ကျပ်နီးပါးအထိ စျေးမြင့်ရောင်းချခဲ့သည်။ထို့နောက် ပြည်သူများမီးသုံးစွဲမှုတွင် စျေးနှုန်း သက်သာစေရေးအတွက် ရည်ရွယ်၍ မြိတ်အများပိုင်ကုမ္ပဏီမှ တာဝန်ယူကာ ဇန်နဝါရီလ ၁ ရက်နေ့တွင် မီတာ တစ်ယူနှစ်လျှင် ၃၉၀ ကျပ်ဖြင့် ဖြန့်ဖြူးပေးမည်ဟု ပြောဆိုထားကြောင်း သိရသည်။

  “ကနဦးကတော့ ဒီ ဇန်နဝါရီလမှာပဲ ကျွန်တော်တို့ မြိတ်အများပိုင်က နေပြီးတော့ ပုဂ္ဂလိက မီးလင်းရေး ၉ ဖွဲ့နဲ့ ညှိနှိုင်းပြီး တစ်ယူနှစ်ကို ၃၉၀ ကျပ်နဲ့ ဖြန့်ဖြူးဖို့ ပြင်ဆင်ထားခဲ့ပေမယ့် ခုတ်မောင်းမယ့် မီးစက်ကြီးကို နိုင်ငံခြားမှ တင်သွင်းရတာ ဖြစ်လို့စာရွက်စာတမ်းအခက်အခဲတွေကြောင့် အခုချိန်မှာ ကြန့်ကြာမှုတွေ ဖြစ်သွားတယ်”ဟု မြိတ်အများပိုင်ကော်ပရေးရှင်းကုမ္ပဏီလီမိတက်မှ အတွင်းရေးမှူး ဦးမျိုးအောင်က ပြောကြားသည်။

 အဆိုပါ နိုင်ငံခြား ကုမ္ပဏီမှတင်သွင်းလာမည့် မီးစက်ကြီးကို မြိတ်အများပိုင်ကော်ပရေးရှင်းကုမ္ပဏီလီမိတက်မှ  ငှားရမ်းအသုံးပြုခြင်းဖြစ်ပြီး ပြည်ထောင်စုအဆင့်ရှိသည့် သွင်းကုန်ထုတ်ကုန်ဌာန၌ အဆင့်ဆင့်ငှားရမ်းမှုနှင့် သုံးစွဲမှုဆိုင်ရာ  စာရွက်စာတမ်းများကို ပြုလုပ်ရန် အခက်အခဲနှင့် အခြားလုပ်ဆောင်ရမည့် ကိစ္စများကြောင့် ကြန့်ကြာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယခုလတွင်း မြိတ်မြို့၌ လျှပ်စစ်မီး တစ်ယူနစ်လျှင် ၄၈၅ နှုန်း အထိ ပေးဆောင်သုံးစွဲနေရသေးကြောင်း မြို့ခံများထံမှ သိရ သည်။

 “ဒီလမှာ ပုဂ္ဂလိက မီးလင်းရေး ၉ ဖွဲ့က အားလုံး ရပ်နားပြီးအများပိုင်က ပေးမယ်လို့ တာဝန်ယူထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခု သူတို့ဘက်မှာ အဆင်အသင့် မဖြစ်သေးဘူးလို့ ကျွန်တော်တို့ အရေးပေါ် ခေါ်ယူတဲ့ အစည်းအဝေးမှ သိရပါတယ်။ ဘာပဲ ဖြစ်ဖြစ်ပါ ကျွန်တော်တို့ ၉ ဖွဲ့ကလည်း စက်အဟောင်းတွေနဲ့ လည်ပတ်နေရလို့ အမြတ်အစွန်းနည်းလို့  အားလုံးနားချင်နေပါပြီ။ စက်အသစ်ကြီးတွေနဲ့ ပေးမယ့် အများပိုင်ကို ကျေကျေနပ်နပ်ကြီး လွှဲပေးထားပြီး သားပါ။ အခုက ရပ်နားသင့် မနားသင့် တိတိကျကျ ဘာမှ မသိရတော့ သက်ဆိုင်ရာ မီးလင်းရေးမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကို ဘယ်လိုမျိုး ပြင်ဆင်ပေးရမယ်ကို ခက်ခဲနေတယ်”လို့ ထားဝယ်စု မီးလင်းရေးရုံးမှ တာဝန်ခံ ဦးစိုးသန့်က ပြောသည်။

 မြိတ်မြို့တွင် လျှပ်စစ်ဖြန့်ဖြူးပေးနေသော မီးလင်းရေး ၉ ဖွဲ့အားလုံး ရပ်နားမည်ဆိုပါက ၄င်းတို့ထံတွင် တာဝန်ယူ လုပ်ကိုင်နေကြသည့် အလုပ်သမား တချို့မှာ စားဝတ်နေရေးနှင့် အလုပ်အကိုင်အခက်အခဲများ ဖြစ်လာ နိုင်ကြောင်း သိရ သည်။

 “အခု လက်ရှိတော့ မီးစက်ကြီး တင်သွင်းမှုအပိုင်းနဲ့ ပတ်သက်ပြီး၊ စာရွက် စာတမ်းတွေ အများစုက ပြီးသလောက် ရှိနေပါပြီ။ သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး ကုမ္ပဏီတစ်ခုကို တာဝန်ယူထားတာ ဖြစ်လို့ နောက်လ ဖေဖော်ဝါရီမှာ ရောက်ဖို့ များပါတယ်။ အများပိုင်အနေနဲ့ဖေဖော်ဝါရီလလယ်ပိုင်းလောက်မှ လျှပ်စစ်မီးကို စတင်ဖြန့်ဖြူး ပေးနိုင်လိမ့်မည်”ဟု အတွင်းရေးမှူး ဦးမျိုးအောင်က မှတ်ချက်ပြု ပြောဆို ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly