ARSA နှင့် လုံးဝလက်တွဲမည်မဟုတ်ဟု AA ပြော

ARSA နှင့် လုံးဝလက်တွဲမည်မဟုတ်ဟု AA ပြော
ဓာတ်ပုံ-ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန

ရန်ကုန် ၊ ဇန်နဝါရီ ၈ ။            ။ ရခိုင်မြောက်ပိုင်းတွင် စစ်ရေးဖော်ဆောင်နေသော ARSA နှင့် AA တို့အကြား ဘုံအကျိုးစီးပွားရှိသည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းမီဒီယာများသို့ ပြောကြားထားမှုနှင့် ပတ်သက်၍ ARSA နှင့် လုံးဝလက်တွဲမည်မဟုတ်ဟု AA ဘက်မှ တုံ့ပြန်ဖြေကြားသည်။

“ ကျွန်တော်တို့ ရက္ခိုင့်တပ်ကို အဲ့ဒီ့ ARSA နဲ့ လိုက်ပြီးတော့ပြောနေတာရှိတယ်။ ဒီဟာတွေက လုံးဝအခြေအမြစ် မရှိတဲ့ ကိစ္စ တွေပါ။ ကျွန်တော်တို့နဲ့ အဲ့ဒီ့အဖွဲ့အစည်း တွေနဲ့လုံးဝကို အဆက်အဆံလည်းမရှိဘူး။ ဘာမှပက်သက်တာလည်းမရှိဘူးဗျ “ရက္ခိုင့်တပ် (AA) ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက မဇ္စျိမသို့ ပြောသည်။

ယင်းအပြင် AA အနေဖြင့် အကြမ်းဖက်အဖွဲ့များနှင့် မည်သည့်အချိန်တွင်မှ လက်တွဲလိမ့်မည်မဟုတ်ဟုလည်း ဇန်နဝါရီ ၇ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီ ၇ ရက်နေ့က နေပြည်တော် သမ္မတော်အိမ်တော်တွင်ပြုလုပ်သည့် သတင်းမီဒီယာများသို့ ရှင်းလင်းပွဲတွင် သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက “ AA ရော ARSA ရောဘုံအကျိုးစီးပွားရှိတယ်။ ဘုံအကျိုးစီးပွားသည်ဘယ်အရာလဲ မူးယစ်ဆေးဝါး “ ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် ဦးဇော်ဌေးက AA အဖွဲ့နှင့် ARSA တို့ ညှိနှိုင်း၍ ပူးပေါင်းလှုပ်ရှားခြင်းမျိုး ရှိလာနိုင်သည်ကို သတင်းပေးပို့ရရှိ ချက်များ လည်းရှိကြောင်း ပြောကြားခဲ့သည်။

သမ္မတရုံး၏ ထိုသို့ ပြောဆိုချက်များနှင့် ပတ်သက်၍လည်း အထောက်အထားမရှိဘဲ AA အပေါ် ရခိုင်လူထု၏ ထောက်ခံမှု ကျဆင်းစေရန် ရည်ရွယ်ပြောဆိုခြင်း ဖြစ်သည်ဟု ဦးခိုင်သုခက ပြန်လည် တုံ့ပြန်ခဲ့သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်း လေးခုကို AA အဖွဲ့က တစ်ပြိုင်နက် ဝင်တိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုများကြောင့် AA အဖွဲ့ကို ပြန်လည်တိုက်ခိုက်ရန် တပ်အင်အား တိုးမြှင့်သုံးစွဲရန်နှင့် လိုအပ်ပါက ရဟတ်ယာဉ် သုံးစွဲရန် သမ္မတရုံးက တပ်မတော်ကို ညွှန်ကြားထားပြီး ဖြစ်သည်ဟုလည်း ဦဇော်ဌေးက ဇန်နဝါရီ ၇ ရက်နေ့က သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

AA မှ တိုက်ခိုက်ခဲ့သော အဆိုပါတိုက်ပွဲကြောင့် ဘူးသီးတောင်မြို့နယ်ရှိ ခထိလှ၊ ဂုပ္ပိ၊ ကျောင်းတောင်နှင့် ငမြင်းမော် ရဲကင်းစခန်းလေးခုတို့မှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃ဦး သေဆုံးပြီး ၉ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။
   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required