အီဂျစ်မှာ ကြီးမားတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီးအား လုံခြုံရေးထူထပ်စွာဖြင့် ဖွင့်လှစ်

အီဂျစ်မှာ ကြီးမားတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီးအား လုံခြုံရေးထူထပ်စွာဖြင့် ဖွင့်လှစ်

ကိုင်ရို၊ ဇန်နဝါရီ ၇ ။        ။ အီဂျစ်နိုင်ငံမှာ ကော့တစ်ခရစ္စမတ်အကြို တနင်္ဂနွေနေ့မှာ ကြီးမားတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီးကို လုံခြုံရေးထူထပ်စွာနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။

အခု ဘုရားရှိခိုးကျောင်းကြီးရဲ့ အနီးက ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်းမှာ ဗုံးပေါက်ကွဲမှု လူသေဆုံးမှုတွေ ဖြစ်ပွားခဲ့ပြီးနောက်တစ်ရက်မှာပဲ ခုလို လုံခြုံရေးထူထပ်စွာနဲ့ ဖွင့်လှစ်ပြီး သမ္မတ စီစီကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

ခရစ်ယာန်တွေကို ပစ်မှတ်ထားပြီး ဂျီဟတ်ဝါဒီတွေ အကြိမ်ကြိမ် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ အီဂျစ်နိုင်ငံမှာ ပြီးခဲ့တဲ့ စနေနေ့က ခရစ်ယာန်ဘုရားကျောင်းကို ထောင်ထားတဲ့ ဗုံး ပေါက်ကွဲတာကြောင့် ရဲတစ်ဦး သေဆုံးပါတယ်။

အဆိုပါ ရဲတာဝန်ရှိသူဟာ ဗုံးကို စနက်ဖြုတ်ဖျက်ဆီးဖို့ ကြိုးစားနေချိန်မှာ ပေါက်ကွဲတာဖြစ်ပြီး ၎င်းက သေဆုံးခဲ့ကာ အခြားသူနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ကိုင်ရိုမြို့ဟောင်းရဲ့ အရှေ့ဖက် ၂၈ မိုင်အကွာမှာ ရှိတဲ့ အစိုးရရုံးစိုက်ရာ မြို့တော်သစ်မှာ ခရစ္စမတ် လူထုစုရုံးမှုမတိုင်ခင် Nativity of Christ ဘုရားရှိခိုးကျောင်းကြီးကို လုံခြုံရေးထူထပ်စွာ ချပြီး သမ္မတ စီစီကိုယ်တိုင် ဖွင့်လှစ်ပေးတာလည်း ဖြစ်ပါတယ်။

ဘုရားကျောင်းအနီးနားမှာ သံချပ်ကာယာဉ်တွေနဲ့ အရေးပေါ်ကာ ဒါဇင်များစွာ တပ်ချထားပြီး လာရောက်တဲ့ ဝတ်ပြုဆုတောင်းသူတွေကိုလည်း သတ္တုရှာဖွေရေးစက်သုံးခုကို ဖြတ်ပြီးမှ ဝင်စေပြီး ဘုရားကျောင်းသစ်ကြီး ဖွင့်ပွဲကို ကျင်းပခဲ့ရတာ ဖြစ်ပါတယ်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required