ဂါဘွန်မှာ စစ်တပ်က အာဏာသိမ်းကြောင်း ကြေညာ

ဂါဘွန်မှာ စစ်တပ်က အာဏာသိမ်းကြောင်း ကြေညာ

ဇန်နဝါရီ ၇ ။        ။ မတည်မငြိမ်မှုတွေ ရှိနေခဲ့တဲ့ အာဖရိကအလယ်ပိုင်းနိုင်ငံ ဂါဘွန်မှာတော့ စစ်တပ်က အာဏာကို ထိန်းသိမ်းလိုက်ကြောင်း ဇန်နဝါရီ ၇ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဂါဘွန် စစ်တပ်က ယင်းနေ့က နိုင်ငံပိုင် အသံလွှင့်ရုံကို စီးနင်းသိမ်းပိုက်ခဲ့ကာ သမ္မတ အလီ ဘွန်ဂိုအပေါ် ကျေနပ်ခြင်းမရှိတော့ကြောင်းနဲ့ အမျိုးသား ပြန်လည်စည်းလုံးရေး ကောင်စီဖွဲ့စည်းမည်ဖြစ်ကြောင်း ကြေညာသွားပါတယ်။

ဂါဘွန် သမ္မတ ဘွန်ဂိုကတော့ လက်ရှိမှာ ကျန်းမာရေး မကောင်းလို့ မော်ရိုကို နိုင်ငံမှာ သွားရောက်ဆေးကုသမှု ခံယူနေရလျက် ရှိပြီး နိုင်ငံကို ပြန်ရောက်မလာသေးပါဘူး။

ယင်းအတွက်ကြောင့် လက်ရှိအချိန်မှာ နိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် ထားရှိဖို့အတွက် အာဏာ သိမ်းထားလိုက်ပြီ ဖြစ်ကြောင်း ဂါဘွန် စစ်တပ်က ကြေညာလိုက်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်တုန်းက သမ္မတ ဘွန်ဂိုက ၎င်းအနေနဲ့ လက်ရှိ ကျန်းမာရေး အခြေအနေ ပြန်လည် ကောင်းမွန်လာနေပြီဖြစ်ကြောင်း မော်ရိုကိုကနေပြီး ကြေညာခဲ့မှုအပေါ်လည်း စိတ်ပျက်မိကြောင်း စစ်တပ်က ထုတ်ပြန်သွားပါတယ်။

သမ္မတ အလီ ဘွန်ဂိုကတော့ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်ကမှ ဖခင်ဖြစ်သူ အိုမာ ဘွန်ဂိုထံကနေ အာဏာလွှဲပြောင်းရယူထားခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာလည်း မဲရလဒ်ကျဉ်းမြောင်းစွာနဲ့ အနိုင်ရပြီး ဒုတိယသက်တမ်းအတွက် ကျမ်းကျိန်ထားခဲ့သူ ဖြစ်ပါတယ်။

 
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required