ဆုကြေးမြင့်လာသော်လည်း ထီလက်မှတ်များ စျေးမြင့်မှုကြောင့် ထီထိုးသူများ အခက်တွေ့

ဆုကြေးမြင့်လာသော်လည်း ထီလက်မှတ်များ စျေးမြင့်မှုကြောင့် ထီထိုးသူများ အခက်တွေ့

မကွေး၊ ဇန်နဝါရီ ၇ ။          ။ အောင်ဘာလေ ထီဆုကြေးကို ကျပ်သိန်းတစ်သောင်းခွဲအထိပေးအပ်ရန် မြှင့်တင်လိုက်မှုနှင့်အတူ ထီလက်မှတ် စျေးနှုန်းများပါ စျေးမြင့်လာမှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ထီကံစမ်းလိုသူတချို့မှာ ထီကံစမ်းနိုင်ရန် အခက်အခဲများ ဖြစ်နေကြောင်း သိရသည်။

“ထီဆုကြီးတန်ဖိုးမြင့်သွားတော့ လူတိုင်းအတွက် စိတ်ကူးယဉ်မျှော်လင့်စရာ ထပ်တိုးလာတာပေါ့။ ထီစျေးက နှစ်ဆတက်တယ်။ ဆုကြေးက နှစ်ဆတော့မဟုတ်ဘူး။ နောက်ပြီး တစ်ဆင့်ရောင်းတဲ့သူတွေကလည်း တံဆိပ်ဖိုး နဲ့ အိတ်ဖိုးနဲ့ အမြတ်ကလေးကလည်းတင်ရဦးမှာဆိုတော့ သတ်မှတ်စျေးထက်တော့ မြင့်နေဦးမှာလို့ ထင်ပါ တယ်။ ထီစျေးနှုန်း တည်ငြိမ်အောင် အစိုးရကတော့ လုပ်မယ်ထင်တယ်။ ရောင်းစျေးပေါ်မူတည်ပြီး အခြေခံ လူတန်းစားတွေကတော့ တစ်စောင်၊နှစ်စောင် ကံစမ်းတဲ့သဘော အာသာပြေပဲ ထိုးနိုင်မှာပါ ” ဟု မင်းဘူးမြို့မှ ဒေါ်လှလှရွှေက ပြောသည်။

(၁) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေထီလက်မှတ်များကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက် နေ့မှ စတင်ရောင်းချသွားမည်ဖြစ်ပြီး (၂၄) ကြိမ်မြောက် ၅၀၀ ကျပ်တန် အောင်ဘာလေ ထီလက်မှတ် များကို လည်း ပူးတွဲရောင်းချသွားမည်ဖြစ်ကြောင်း ၊ ၁ဝဝဝကျပ်တန် အောင်ဘာလေထီအတွက် အမြင့်ဆုံးဆု ကျပ် သိန်း ၁၅၀၀၀(ကျပ်သိန်း တစ်သောင်း ငါးထောင်) ချီးမြှင့်မည်ဖြစ်ပြီး ၅၀၀ ကျပ်တန် အောင်ဘာလေထီအတွက် အမြင့်ဆုံးဆု ကျပ်သိန်း ၁၀၀၀၀ (ကျပ်သိန်းတစ်သောင်း) ချီးမြှင့်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ၊ပြည်တွင်းအခွန်များဦးစီးဌာန ၊အောင်ဘာလေသိန်းဆုဌာနခွဲ က ဇန်နဝါရီလ ၂ရက်နေ့တွင် ကြေငြာခဲ့သည်။

“ ထီထိုးတဲ့သူတွေကတော့ စိတ်ဆန္ဒအမျိုးမျိုးပေါ့။ ဆုလေးတွေအများကြီးခွဲပြီး ပေးစေချင်တဲ့သူတွေလည်း ရှိ တယ်။ ထီစျေးနှုန်းတင်တာတွေကို ထိန်းမရဘူးဆိုရင်တော့ ကိုယ်စားလှယ်ယူတဲ့သူတွေက အပိုဆုကြေး ပေး တာတွေကို ပြန်ခွင့်ပြုပေးစေချင်တယ်။ ပေါက်တဲ့လူ ပိုရတာပေါ့။ အဲလိုလည်း ခွင့်မပြုဘူး၊ ထီစျေးကလည်း ထိန်းမရဘူးဆိုရင် ပြည်သူပဲနစ်နာတာပေါ့” ဟု မင်းဘူးမြို့မှ ဦးကြည်ရွှေက ပြောသည်။

ထီစာအုပ်ရောင်းချရငွေအပေါ် ခွဲဝေချီးမြှင့်မည့်ဆုမဲစာရင်းများကို ထီဖွင့်ပွဲမတိုင်မီတွင် ထပ်မံကြေညာပေးသွား မည် ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲ၏ ကြေငြာချက်တွင်ပါဝင်ပြီး အလျား ၁၃.၈ စင်တီမီတာ၊ အနံ ၆.၄ စင်တီမီတာ ရှိသည့် ၁၀၀၀ ကျပ်တန် အောင်ဘာလေထီလက်မှတ် နမူနာပုံစံကို ဖော်ပြပေးခဲ့သည်။

လက်ရှိတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ထီဆိုင်တချို့တွင် ဖြစ်ပေါ်နေသော ထီလက်မှတ်စျေးနှုန်းများမှာ  တစ်စောင်လျှင် ၆၅၀ ကျပ် မှ ကျပ် ၇၀၀ အထိ ဖြစ်ပေါ်နေပြီး ၅ စောင်တွဲတစ်အုပ်လျှင်  ၃၅ဝဝကျပ် နှင့် ၁၀ စောင်တွဲတစ်အုပ်လျှင် ၆၅ဝဝကျပ်ဖြင့် ရောင်းချနေကြောင်း သိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required