ရခိုင်စစ်ရှောင်များအတွက် အထောက်အပံ့များ လိုအပ်နေ

ရခိုင်စစ်ရှောင်များအတွက် အထောက်အပံ့များ လိုအပ်နေ

ရန်ကုန် ၊ ဇန်နဝါရီ ၇ ။            ။ တပ်မတော်နှင့် ရက္ခိုင့်အဖွဲ့ (AA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ရှောင်နေရသည့် ဒုက္ခသည်များအတွက် အကူအညီအထောက်အပံ့များစွာ လိုအပ်နေသည်ဟု စစ်ရှောင်ဒုက္ခသည်များက ပြောဆိုခဲ့သည်။

စစ်ရှောင်ဒုက္ခသည်အများစုသည် ပုဏ္ဏားကျွန်း ၊ ကျောက်တော်မြို့နယ်တို့တွင် လာရောက်ခိုလှုံနေကြပြီး ကျောက်တော် မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများထဲမှ အကြီးဆုံးစခန်းစခန်းတစ်ခုဖြစ်သည့် ဝါးတောင် စခန်းတွင် လူဦးရေ ၁၃၀၀ ကျော် လာရောက်ခိုလှုံနေကြကြောင်း သိရသည်။

 

အဆိုပါ ဝါးတောင်စစ်ရှောင်စခန်းကို ဒီဇင်ဘာ ၃၀ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ငစရိုင်းကိုင်း၊ သိန်းချောင်း၊ တဲဝ၊ ပညာကြီး ၊ ခမောင်း ၊ လေကွိ၊ ကင်ဘိ စသည့် ကျေးရွာ ၇ ရွာမှ ဒုက္ခသည်များ လာရောက် ခိုလှုံ နေခြင်းလည်းဖြစ်သည်။

 

စစ်ရှောင်များအတွက် ဆန် ၊ ဆီ ၊ ဆား စားနပ်ရိက္ခာများအား လူမှုကူညီရေးအဖွဲ့များနှင့် ပြင်ပအလှူရှင်များ လာရောက် ကူညီလှူဒါန်းပေးနေသော်လည်း သောက်သုံးစရာရေအခက်အခဲနှင့် အိပ်သာအခက်အခဲများ ရှိနေသည်ကို တွေ့မြင်ခဲ့ရသည်ဟု  ဝါးတောင်စခန်းသို့ ရောက်ရှိခဲ့သည့် မဇ္စျိမသတင်းထောက်က သတင်း ပေးပို့ထားသည်။

 

“နေရတာတော့ တာလပတ်တွေနဲ့ ခင်းနေရတာပေါ့။ နေ့ခင်းကျရင်တအားပူတာပဲ၊ ညဘက်ကျရင် နှင်းတွေက မလုံဘူးလေ ယိုကျတယ်။ ကလေးတွေလည်း ရှိနေတော့လေ။ နေထိုင်စားသောက်ရတာတော့ လှူတာတွေ ရှိနေတယ်။ ရေသုံးရတာနဲ့ အိမ်သာသွားဖို့ မရှိတာပဲ” ဟု လေကွိကျေးရွာမှ စစ်ရှောင်လာသူ မခင်အေးသန့် က ဆိုသည်။

 

ဝါးတောင်စခန်းအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆေးပေးခန်းတစ်ခုကို လာရောက်ဖွင့်လှစ် ပေးထားပြီး လက်ရှိတွင် ဒုက္ခသည်စခန်း၌ ဖျားနာခြင်း၊ ဝမ်းပျက်ခြင်းများ အဖြစ်များနေကြောင်း သိရှိရသည်။

 

“အခြေခံစားနပ်ရိက္ခာ ၊ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေ တွေ့ရတယ်။ အဓိကက အလှမ်းဝေးပြီး ပိတ်မိနေတဲ့ ကျေးရွာအချို့ မသွားရဘူးဆိုပြီး တားဆီးပိတ်ပင်ခံရတဲ့ရွာအချို့ရှိတယ်။ အဲ့ရွာတွေကို ကယ်ဆယ် ရေး အမြန်ဆုံး ရောက်စေချင်တယ်” ဟု  ရခိုင်အမျိုးသားကွန်ရက်မှ ဥက္ကဋ္ဌ ကိုတင်ထူးအောင် က ဆိုသည်။

 

တပ်မတော် နှင့် ရက္ခိုင့်အဖွဲ့ AA တို့အကြား တိုက်ပွဲများသည် ဒီဇင်ဘာလအတွင်းမှ စတင်ပြီး ပြင်းပြင်းထန်ထန် ဖြစ်ပွားလာနေပြီး စစ်ဘေးရှောင် ဒုက္ခသည်များ၏ အရေအတွက်သည်လည်း ပိုမိုများပြားလာနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly