ရွှေစျေးအတက်အကျမြန်ဆန်မှု မရှိစေရေး လုပ်ငန်းရှင်များ စည်းလုံးစွာ ဆောင်ရွက်သင့်ဟု ဆို

ရွှေစျေးအတက်အကျမြန်ဆန်မှု မရှိစေရေး လုပ်ငန်းရှင်များ စည်းလုံးစွာ ဆောင်ရွက်သင့်ဟု ဆို

ရန်ကုန်၊ ဇန်နဝါရီ ၆ ။              ။ ၂၀၁၈ ခုနှစ် အကုန်ပိုင်းတုန်းက ရွှေစျေးအတက်အကျမြန်ဆန်မှုများကြောင့် ရွှေလုပ်ငန်းရှင်များအတွက် အခက်အခဲများတွေ့ကြုံခဲ့ရပြီး ဝေဖန်မှုများစွာ ရှိခဲ့သည်။

ထိုသို့မဖြစ်ပေါ်စေရေး၊ သုံးစွဲသူတွေအတွက်ပါ အဆင်ပြေစေရေးအတွက် ရွှေလုပ်ငန်းရှင်များအသင်း၊ ဌာနဆိုင်ရာ၊ တိုင်းနှင့် ပြည်နယ်ရှိ ရွှေလုပ်ငန်းရှင်များအသင်းတို့ စည်းစည်းလုံးလုံးဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဦးက ပြောသည်။

''ရွှေလုပ်ငန်းဆိုတာ အားလုံးသိတဲ့အတိုင်း ကမ္ဘာ့နိုင်ငံများရဲ့ တည်ငြိမ်အေးချမ်းမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ကမ္ဘာ့ ရွှေထုတ်လုပ်မှု၊ရောင်းဝယ်မှု၊ အမေရိကန်ဒေါ်လာအတက်အကျရှိမှု စတာတွေပေါ် မူတည်ပြီးတော့ ရွှေစျေးနှုန်းနဲ့တကွ ပြည်တွင်းရောင်းလိုအား၊ ဝယ်လိုအားတွေက တစ်ခါတစ်ရံရိုက်ခတ်မှုရှိပါတယ်။ အခုလည်း သိတဲ့အတိုင်းပဲ ပြီးခဲ့တဲ့၂လ၊ ၃လဆို တော်တော်လေး ရွှေက အတက်အကျတွေ မြန်ဆန်လွန်းတော့ ခုနကလို ရွှေလုပ်ငန်းရှင်တွေအတွက် အခက်အခဲတွေ ကြုံခဲ့ရတာလည်း အများကြီးကြားသိနေရပါတယ်။ ဒါတွေကို ဒီလိုမဖြစ်ပေါ်ရေးအတွက် ကျွန်တော်တို့ စည်းစည်း လုံးလုံးနဲ့ အားလုံးသုံးစွဲသူတွေအတွက်ရော အဆင်ပြေစေရေးအတွက်ကို ကြိုးပမ်းဖို့လိုအပ်ကြောင်း အကြံပြုချင်ပါတယ်" ဟု  ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဦးက ပြောသည်။

ထိုပြောဆိုမှုအား ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ Panda Hotel တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း ၁၆ ကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင် ရွှေရောင်းဝယ်မှုနှင့် ပတ်သတ်ပြီး နိုင်ငံတကာအဆင့်မီစေရန် လက်ရှိလုပ်နေသည့် လေပတ်ကားဆွဲ စျေးကွက်မျိုးမှတဆင့် online system ဖြင့် လုပ်ဆောင်နိုင်အောင်ဆောင်ရွက်လျှက်ရှိကြောင်းလည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦးက ဆိုသည်။

"အခုတစ်ခါ ကျွန်တော်တို့ ရောင်းဝယ်မှုတွေနဲ့ ပတ်သတ်ပြီးတော့လည်း ကျွန်တော်တို့ ဥပဒေတွေ၊ နည်းဥပဒေတွေ ပြဌာန်းနိုင်ဖို့ ကြိုးစားပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ အခုလက်ရှိအနေနဲ့ ကျွန်တော်တို့က နိုင်ငံတကာမှာ စျေးကွက်ကို မမှီခင်မှာ ကျွန်တော်တို့က ပြည်တွင်းစျေးကွက်ကို အရင်ခိုင်မာအောင် လုပ်ဖို့လိုပါတယ်။ ပြည်တွင်းစျေးကွက်အနေနဲ့ ကျွန်တော်တို့က စံချိန်စံညွှန်းတွေနဲ့ ကျွန်တော်တို့က ရန်ကုန်မှာက တစ်မျိုး၊ မန္တလေးမှာက တစ်မျိုးဖြစ်နေတာတွေကို အရင်ဆုံး ပြန်လည်ညှိနှိုင်းပြီးတော့ ဆောင်ရွက်လျှက်ရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ နိုင်ငံတကာစျေးကွက်ကို ရောက်ရှိဖို့ အတွက် ရန်ကုန်နဲ့ မန္တလေးကို ကျွန်တော်တို့က စံချိန်၊ စံညွှန်းပြန်ညှိဖို့ ကော်မတီဖွဲ့ပြီး ဆောင်ရွက်နေတာ ရှိပါတယ်။ ဒီစျေးကွက်နဲ့ အရည်အသွေးတွေကို သတ်မှတ်ပြီးတဲ့ အချိန်ကျရင် ရန်ကုန်၊ မန္တလေး အခုလက်ရှိကျွန်တော်တို့ လုပ်နေတဲ့ လေပတ်ကားဆွဲစျေးကွက်မျိုးကနေတစ်ဆင့် ကျွန်တော်တို့နိုင်ငံတကာအဆင့်မှီအောင် Online System နဲ့လုပ်ဆောင်နိင်အောင် ဆောင်ရွက်လျှက်ရှိနေပါတယ်'' ဟု ဦးမင်းမင်းဦးက ပြောသည်။

 ရွှေတုံးရွှေခဲများနဲ့ ပတ်သက်ပြီး export ၊ import ပေးနိုင်အောင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အဖွဲ့များနှင့် ညှိနှိုင်းပြီး ဥပဒေ တစ်ရပ်ကို ဆောင်ရွက်ဖို့ရှိကြောင်း ယခု ကျင်းပခဲ့သော မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းအစည်းအဝေးမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly