AA ၏ ထိုးစစ်အတွက် အကောင်းဆုံး ခံစစ်ပြင်ဆင်ထားဟု ရဲမှူးချုပ်မြင့်တိုး ပြော

AA ၏ ထိုးစစ်အတွက် အကောင်းဆုံး ခံစစ်ပြင်ဆင်ထားဟု ရဲမှူးချုပ်မြင့်တိုး ပြော

ဘူးသီးတောင်၊ ဇန်နဝါရီ ၆ ။            ။ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်း(၄)ခုကို ရက္ခိုင့်အဖွဲ့(AA) မှ ဝင်ရောက်တိုက်ခိုက်ပြီးနောက် AA ဘက်မှ ထပ်မံ ထိုးစစ်ဆင်လာနိုင် သည့်အတွက် ခံစစ်ကို အကောင်းဆုံး ပြင်ဆင်ထားသည်ဟု အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူးရုံး၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ်မြင့်တိုးက မဇ္စျိမသို့ ပြောသည်။

“ သတင်းထောက်လှမ်းရမယ်။ နယ်မြေရှင်းလင်းရမယ်။ လိုအပ်လို့ရှိရင် ခံစစ်ကတော့ အကောင်းဆုံးပြန်ပြီး ပြင်ဆင်ထားပါတယ် “ ဟု ၄င်းက ဆိုသည်။

ဇန်နဝါရီ ၄ ရက်နေ့က AA ၏ တိုက်ခိုက်မှုကြောင့် ငမြင်းဘော်ရဲကင်း စခန်းမှ တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ကျောင် းတောင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး၊ ၁ ဦး ဒဏ်ရာ ရရှိပြီး ဂုပ္ပိရဲကင်းစခန်း မှ ၃ ဦး ဒဏ်ရာရ ရှိကာ ခထီးလှ ရဲကင်း စခန်းမှ ၂ ဦးကျဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး လက်နက်ငယ်မျိုးစုံ အလက် ၄၀၊ ခဲယမ်းမျိုးစုံ ၁၆၁၁၁ တောင့်၊ လက်ကိုင်စကားပြောစက် ၁ လုံးဆုံးရှုံးခဲ့ ကြောင်း အစိုးရဘက်က ထုတ်ပြန်ကြေညာထားသည်။

တိုက်ပွဲဖြစ်ပွားသည့် ရဲကင်းစခန်း ၄ ခုတွင် တပ်မတော်စစ်ကြောင်းများက ပူးပေါင်းနေထိုင်ကြပြီး တပ်မတော်နှင့် AA တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများတွင်လည်း အဆိုပါ ရဲစခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ကူပေး သည့်အတွက် မလွဲမရှောင်သာ၍ တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း AA ဘက်က ပြောဆိုထားသည်။

အဆိုပါပြောဆိုချက်နှင့် ပက်သက်၍ ရဲမှူးချုပ်မြင့် တိုးက “ ဒါအကွက်ချစီစဉ်ပြီးလာရောက်တိုက်ခိုက်တဲ့အနေအထား ဖြစ်ပါတယ်။ တပ်မတော်က လက်နက်ကြီးနဲ့ပစ်တာတွေလည်း ငမြင်းဘော်တို့ဘက်မှာမရှိခဲ့ပါဘူး “  ဟု ဆိုသည်။

ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျောင်းတောင်ရဲစခန်း ၊ ငမြင်းဘော် ရဲကင်းစခန်း ၊ ဂုပ္ပီ ရဲကင်းစခန်း ၊ ခထိလှ ရဲကင်းစခန်း တို့ကို ရက္ခိုင့်အဖွဲ့(AA) မှ လူအင်အား ၅၀ ခန့်စီတို့ဖြင့် ဇန်နဝါရီ ၄ ရက်နေ့ နံနက်ပိုင်းတွင် တစ်ချိန် တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ ခြင်းလည်းဖြစ်သည်။

“ သတင်းကတော့ရှိပါတယ်။ တစ်ကြိမ်တော့ နောက်တစ်ကြိမ်လည်း ထပ်တိုက်ချင်တယ်ဆိုတဲ့ သဘောထားတွေ ရှိပါတယ်။ နောက်ထပ်တိုက်ဖို့လည်း ပြင်ဆင်နေတယ်လို့ ကျွန်တော်တို့ သဘောရရှိပါတယ် “ ဟု ရဲမှူးချုပ်မြင့် တိုးကပြောသည်။

အဆိုပါ ၄ ရက်နေ့တိုက်ပွဲများကြောင့် အနီးအနားရွာများမှ အိမ်ထောင်စု ၅၀ ကျော်၊ လူဦးရေအားဖြင့် ၂၀၀ ကျော်ခန့် စစ်ဘေးရှောင်ခဲ့ရကြောင်းလည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးညီညီမင်း ကပြောသည်။

ရက္ခိုင့်(AA) မှ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများအား ဝင်ရောက်တိုက်ခိုက်မှုအပေါ် ဘူးသီးတောင်မြို့နယ် တောင်ပူဇာနယ်မြေ ရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မအပြင် လက်နက်မှုတို့ဖြင့်ပါ အမှုဖွင့်ထားကြောင်းသိရသည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး  ရခိုင်ပြည်နယ်၏ အခြေအနေများကို ပိုမိုရှုပ်ထွေးစေပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေကာ မတည်ငြိမ်မှုများ မြင့်တက်လာစေနိုင်ရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လာခြင်း ဟုဆိုကာ ထိရောက်စွာတုန့်ပြန်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly