ခမောက်ချုပ်လုပ်ငန်းသုံး ဒေသထွက်ဝါးဖက်များ ရှားပါးလာသဖြင့် ရပ်ဝေးမှ မှာယူနေရ

ခမောက်ချုပ်လုပ်ငန်းသုံး ဒေသထွက်ဝါးဖက်များ ရှားပါးလာသဖြင့် ရပ်ဝေးမှ မှာယူနေရ

သထုံ၊ ဇန်နဝါရီ ၄ ။             ။ မွန်ပြည်နယ်၊ သထုံမြို့နယ် ၊ နောင်ဘိုကျေးရွာ၌ ဝါးဖက်ခမောက်ချုပ်လုပ်ငန်းဖြင့် အသက်မွေးလုပ်ကိုင် နေသော အမျိုးသမီးများ၊ အိမ်ရှင်မများအတွက် ဒေသထွက်ဝါးပိုးဝါးဖက်များ ရှားပါးလာသဖြင့် မြင်းခြံကဲ့သို့သော ရပ်ဝေးများမှ မှာယူနေကြရကြောင်း ဝါးဖက်ခမောက်လုပ်ငန်းရှင်များထံမှ သိရသည်။

"ဟိုတုန်းကတော့ ဒီ နောင်ဘိုရွာနဲ့ ဓနု ကြာပန်းရွာတွေမှာ ဝယ်လို့ရတယ်။ အခု ဝါးတွေရှားလာတော့ ဖက်ကောင်းဖက်သန့်တွေက လိုသလောက်မရတော့ဘူး။ ဒါကြောင့် မြင်းခြံဘက်တွေမှာ မှာလိုက်ရတယ်"ဟု ဝါးဖက်ခမောက် ချုပ်လုပ်ရောင်းဝယ်ဖြန့်ချိသူ နောင်ဘိုဘုရားဖြူပိုင်းနေ ဒေါ်အုန်းမေက ပြောသည်။

ဝါးများကို အိမ်သုံး၊ ခြံသုံး၊ လယ်ယာသုံးတို့တွင် အသုံးပြုသူက များပြားနေသည့်အတွက် ဝါများ ရှားပါးလာကာ ဝါးဖက်လည်း အထွက်နည်းရသည်။ ထွက်သည့်ဖက်များမှာလည်း မိုးများခြင်းကြောင့် ပုပ်သွားသဖြင့် ဖက်ကောင်းဖက်သန့်များလည်း ရှားပါးသွားရကြောင်း ဒေါ်အုန်းမေက ရှင်းပြသည်။

ဝါးဖက်များကို ကြံခင်းနယ်ဘက်မှ မှာယူရာတွင် ၁၂ဘီးကားတစ်စီးလျှင် ကားခ ၆သိန်းပေးရသည်ဟု သိရသည်။ ကားတစ်စီးတွင် ဝါးဖက်အချပ်ရေ ၅၀၀ ချပ်ပါ အစည်းလိပ်ပေါင်း ၃၀၀ ခန့် ပါရှိပြီး ဝါးဖက်အချပ်ရေ ၅၀၀ ချပ်ပါ စည်းလိပ်တစ်လိပ်ကို ၁၀၀၀၀ ကျပ် ပေးရကြောင်း သိရသည်။

အဆိုပါဝါးဖက်များကို သယ်ယူပို့ဆောင်ခနှင့် ဈေးနှုန်းများ ကြီးမြင့်စွာပေးဝယ်ရသော်လည်း ထွက်ရှိသည့် ခမောက်များကို ဘီးလင်း၊ ကျိုက်ထို၊ ပဲခူး၊ ညောင်လေးပင်၊ ဒိုက်ဦး၊ မော်လမြိုင်၊ ဘားအံ၊ မြဝတီတို့သို့ တင်ပို့ရန် စျေးကွက်ရှိနေသဖြင့် အမျိုးသမီးများ အိမ်ရှင်မများအွက် ကိုယ်ပိုင် အိမ်တွင်းလက်မှုလုပ်ငန်းဖြင့် ရပ်တည်နေနိုင်ကြောင်း သိရသည်။

ရေချိုးဆောင်းခမောက်ဆိုလျှင် ပင်ရင်းဒေသစျေး တစ်ချပ်လျှင် ကျပ် ၃၅၀၊ ကျပ် ၄ဝဝရှိသည်ဟု ဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly