ရန်ကုန်မြို့က နောက်ဖေးလမ်းကြား တော်လှန်ရေး

By အောင်ကိုကိုဦး၊ သူသူသန့်စင်၊ အဂ္ဂနွန်
04 January 2019
ရန်ကုန်မြို့က နောက်ဖေးလမ်းကြား တော်လှန်ရေး
Photo-Doh Eain

ရန်ကုန်၊ ဇန်နဝါရီ ၄ ။              ။ Pre Wedding ရိုက်နေသည့် ချစ်စရာစုံတွဲက လှလှပပနှင့် ရိုက်ကူးရာနေရာကတော့ နောက်ဖေးလမ်းကြား ဖြစ်သည်။

ပန်းခြံကဲ့သို့ အလှပြုပြင်ထားသော နောက်ဖေးလမ်းကြားတွေ ရန်ကုန်မြို့မှာ ပေါ်ပေါက်လာပြီးနောက်ပိုင်း ယခုလို စိတ်ကူးလှလှတွေ၊ အများပြည်သူအပန်းဖြေစရာနေရာ၊ ဓာတ်ပုံရှုတင်ဟု ခေါ်ခေါ် နေရာများ တိုးလာသည်ဟု ဆိုရမည်ပင်။

နေ့စဉ် ကလေး၊ လူကြီး နှင့် နိုင်ငံခြားသားများပါ လာရောက်နေတဲ့နေရာတစ်ခုကတော့ ရန်ကုန်မြို့ ၄၁ လမ်း နှင့် ၄၂ လမ်းကြားရှိ နောက်ဖေးလမ်းကြားနေရာဖြစ်ပြီး ပန်းခြံကဲ့သို့ အလှပြုပြင်ထားသော နောက်ဖေးလမ်း ကြားမှာ လူတွေ ဘယ်လိုလည်ပတ်လာရောက်ကြလဲ ဆိုသည်ကို လာရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

လာရောက်သူအများစုက အလှရေးဆွဲထားသည့် နံရံပန်းချီများတွင် ကြည့်ရှုအပန်းဖြေကာ အလှဓာတ်ပုံများ ရိုက်ကြသည်။ ထို့အနီးပတ်ဝန်းကျင်ရှိ ကလေးငယ်များလည်း ဒန်းစီးပြီး ပျော်ရွှင်စွာဆော့ကစားနေသလို လူငယ်၊ လူရွယ်အများစုသည် အဖွဲ့အလိုက်လာကြပြီး နံရံတွင် ရေးဆွဲထားသော ပန်းချီပုံများ၊ အလှဆင် ထားသည့် ပန်းပင်များကို ကြည့်ရှုလေ့လာအပန်းဖြေနေသူများကိုလည်း တွေ့မြင်ရသည်။

အမျိုးသားလူငယ်များဆိုရင်လည်း ဂိမ်းကစားသူ၊ လက်ဖက်ရည်သောက်သူ၊ စကားပြောသူများဖြင့် စည်ကားနေသည်။

လူဦးရေ ၇ သန်းကျော် နေထိုင်သည်ဟု ခန့်မှန်းထားသော ရန်ကုန်မြို့အနေဖြင့်  နောက်ဖေးလမ်းကြားတွေ သန့်ရှင်းရန်မှာ မြို့တော်စည်ပင်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများ အတော်ပင် ကြိုးစားအားစိုက်ရှင်းလင်းနေရသည်။

၄၁ လမ်း နှင့် ၄၂ လမ်းကြား၊ နောက်ဖေးလမ်းကြားတွင် ဒို့အိမ်အဖွဲ့မှ ဦးစီးကာ ပန်းခြံလိုကဲ့သို့ ပြင်ဆင် ထိန်းသိမ်းထားပြီး အမှိုက်သရိုက် ရှင်းလင်းထားကာ ပန်းချီပုံများ ရေးဆွဲကာ လှပသန့်ရှင်းသည့် နောက်ဖေး လမ်းကြားအဖြစ် ဆောင်ရွက်နေခြင်း ဖြစ်သည်။

“တခြား နောက်ဖေးလမ်းကြားနဲ့ မတူဘူး။ ဒီမှာက ပန်းချီတွေ ဆွဲထားတယ်၊ ပန်းပင်တွေ စိုက်တယ်။အေးလည်း  အေးတယ်။ အပန်းဖြေချင်စရာဖြစ်အောင် ပြင်ထားလို့ လာဖြစ်တာပေါ့နော်။ တစ်ခြားလမ်းတွေမှာ ဒီလိုမျိုး မလုပ်ထားတဲ့အခါကြတော့ နည်းနည်းသွားရတာ သိပ်မဖြစ်ဘူးပေါ့ ” ဟု မစန္ဒာက က ပြောသည်။

၂၀၁၇ ခုနှစ် အစောပိုင်းတွင် ပန်းဘဲတန်းမြို့နယ်တွင် နောက်ဖေးလမ်းကြားစီမံကိန်းတစ်ခုကို သရုပ်ပြ စတင် အကောင်အထည်ဖော်ခဲ့ပြီး လူစိတ်ဝင်စားမှု ရရှိခဲ့သောကြောင့် နောက်ဖေးလမ်းကြားစီမံကိန်းများကို စတင် ဖြစ်ခဲ့ကြောင်း ဒို့အိမ်အဖွဲ့မှ ကိုကျော်စည်သူ (Public Relations & Communication Officer, DohEain) က ပြောသည်။

ထိုသို့ လုပ်ငန်းများမစတင်မီ နောက်ဖေးလမ်းကြားများ၏ ပတ်ဝန်းကျင်တွင် နေထိုင်သူများနှင့်

အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ကာ ဆောင်ရွက်မည့်လုပ်ငန်း စိတ်ကူး၊ ဒီဇိုင်းအကြောင်းကို ဆွေးနွေးခဲ့ကာ အဆိုပါသူများ၏ သဘောထားအမြင်ကိုပါ ရယူ၍ ဒို့အိမ်အဖွဲ့က ဒီဇိုင်းရေးဆွဲခဲ့သည်ဟု သိရသည်။

 “အဓိက ကျွန်တော်တို့ နောက်ဖေးလမ်းကြားဒီဇိုင်း စဉ်းစားတဲ့အခါမှာလည်း ဒို့အိမ်ကနေပဲ ဒီဇိုင်းဆွဲပြီး ဒီလိုမျိုး လုပ်မယ်ဆိုပြီးတော့ ချပေးလိုက်တာမျိုး မဟုတ်ဘဲနဲ့ လမ်းသူလမ်းသားတွေ အကုန်လုံး သူတို့ရဲ့အမြင်တွေ ပါအောင် အတတ်နိုင်ဆုံး စဉ်းစားဆွဲပေးတယ်”  ဟု ကိုကျော်စည်သူ က ပြောသည်။

လက်ရှိတွင် ဒို့အိမ်အဖွဲ့မှ ဦးဆောင်ကာ နောက်ဖေးလမ်းကြား စုစုပေါင်း ၆ နေရာရှိပြီး ပန်းဘဲတန်းမြို့နယ်တွင် ၃၁ လမ်းနှင့် ၃၂ လမ်း(အလယ်ဘလောက်)၊ ၃၁ လမ်း နှင့် ဗိုလ်ဆွန်ပက်လမ်း(အလယ်ဘလောက်)၊ ၂၉ လမ်း နှင့် ရွှေဘုံသာလမ်း(အပေါ်ဘလောက်)၊ ကျောက်တံတားမြို့နယ်တွင် ၃၉ လမ်းနှင့် ဆိပ်ကမ်းသာလမ်း (အလယ်ဘလောက်)၊ ၃၅ လမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းကြား(အပေါ်ဘလောက်)၊ ဗိုလ်တစ်ထောင်မြို့နယ် တွင် ၄၁ လမ်း နှင့် ၄၂ လမ်း (အပေါ်ဘလောက်) နေရာတို့ ဖြစ်သည်။

နောက်ဖေးလမ်းကြားတွင် မြန်မာနိုင်ငံသမိုင်းဝင် အဖြူအမည်းဓာတ်ပုံများချိတ်ထားခြင်း၊ ကလေးကစားကွင်း ထားရှိခြင်း၊ ပန်းပင်စိုက်ခြင်း ပန်းချီဆွဲခြင်းနှင့် ထိုင်ခုံများ ထားရှိခြင်းစသည့် အလှဆင်ထားမှုဖြင့် ဖန်တီးထား သည်။ ထိုသို့ လုပ်ငန်းများလုပ်ဆောင်ရာတွင် လမ်းကြားတစ်ခုနှင့်တစ်ခု မတူညီဘဲ လမ်းသူ၊လမ်းသားများ၏ လိုလားချက်အပေါ် မူတည်ပြီး ဆောင်ရွက်ပေးကြောင်းသိရသည်။

ထိုသို့ နောက်ဖေးလမ်းကြား ရှင်းလင်းရေးလုပ်ငန်းစတင်စဉ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးနှင့် ရာအိမ်မှူးတို့က ဦးဆောင်က  မိုက်နှင့် လိုက်လံအော်ပေးပြီး နောက်ဖေးလမ်းကြားအပန်းဖြေနေရာလုပ်ရန် ရှင်းလင်းထားခြင်းကို အမှိုက်များမစွန့်ပစ်ကြရန် ရပ်ကွက်နေ လမ်းသူလမ်းသားများကို အသိပေးထားသည်။

ထို့နောက် ရှင်းလင်းထားသော နောက်ဖေးလမ်းကြားတိုင်းတွင် အမှိုက်စွန့်ပစ်ရန် အမှိုက်ပုံး ၆ ပုံး ထားရှိသည်။

“အရင်က အရမ်းအမှိုက်ပစ်တဲ့နေရာ ရောက်နေပြီး ဒီလိုပြင်ထားတဲ့အခါကြတော့ အမှိုက်ပစ်တာ တော်တော် လျော့ကျသွားတယ်။ တစ်ချို့ တစ်အိမ်စ၊ နှစ်အိမ်စ ပစ်ချတာမျိုး ရှိသော်လည်း အရင်လိုမျိုး အထုပ်လိုက်ကြီး ပစ်ချတာမျိုးမဟုတ်ဘဲ ပလပ်စတစ်အိတ်ခွံ၊ သစ်သီးတွေ ပစ်ချတာလောက်ပဲ ရှိတယ်။ အမှိုက်ပုံးတွေ မြင်သာတဲ့ နေရာ ထားပေးထားတယ်။ အမှိုက်ပစ်ချင်ရင် အမှိုက်ပုံးထဲကို အလွယ်တကူ ပစ်လို့ရပါတယ်။ ” ဟု ကိုကျော်စည်သူက ပြောသည်။

ထိုသို့ ပြုပြင်ထားပြီးသောနေရာများ ရေရှည်တည်တံ့ရေးအတွက် နောက်ဖေးလမ်းကြားဖြစ်မြောက်ရေး ကော်မတီမှ အဆင့်မြှင့်တင်သော အပိုင်းနှင့် ရေရှည်ဆက်လက်ထိန်းသိမ်းနိုင်သောအပိုင်းတို့ကို အဓိက တာဝန်ယူလုပ်ဆောင်နေသည်။

ရန်ကုန်မြို့တွင် အမှိုက်များကင်းစင်းကာ သန့်ရှင်းသပ်ရပ်မှုရှိစေရန် ဒို့အိမ်တစ်ဖွဲ့တည်းအနေဖြင့်  ၁၀၀ ရာခိုင်နှုန်းပပျောက်ရန် လုပ်ဆောင်ရန်မှာ အခက်အခဲများ ရှိနေကြာင်း၊ ထို့သို့ ဖွဲ့ထားသည့် ဖြစ်မြောက်ရေး ကော်မတီမှ ဦးဆောင်ပြီး တစ်ပတ်တစ်ခါ စုပေါင်းသန့်ရှင်းရေး လုပ်နိုင်သော်လည်း ကျန်အချိန်များတွင် ပစ်ထားသောအမှိုက်များ ရှိနိုင်ကြောင်း ကိုကျော်စည်သူ က ဆိုသည်။

ရန်ကုန်မြို့လယ်ခေါင်ရှိ လက်ရှိ  ၆ နေရာတွင် နောက်ဖေးလမ်းကြားကို အသုံးပြုသူတိုင်းလိုက်နားရမည့် ဆောင်ရန်၊ ရှောင်ရန် စည်းကမ်းချက်များကို အဝင်ပေါက်တွင် ကပ်ထားသည်ကို တွေ့ရသည်။

မြို့လယ်ခေါင်တွင် ကလေးသူငယ်များလမ်းပေါ်ထွက်ကစားရန် အန္တရာယ်များသောကြောင့် အပန်းဖြေနေရာ နောက်ဖေးလမ်းကြားကို မြို့လယ်ခေါင်တွင် ဦးစားပေးပြုလုပ်ရခြင်းဖြစ်ကြောင်း ကိုကျော်စည်သူကပြောသည်။

“မြို့လယ်ခေါင်မှာ ဦးပေးလုပ်ဖြစ်တယ်။ မြို့လယ်ခေါင်မှာ ကြည့်လိုက်ရင် လမ်းတွေက ပါကင်ကိစ္စတွေ ပြသနာ ရှိတယ်။ လမ်းကျဉ်းတယ်။ ကလေးတွေ လမ်းပေါ်ထွက်ကစားဖို့ အဆင်မပြေဘူး။ လူကြီးတွေဆိုရင်လည်း ထွက်ပြီးအနားယူတာတို့ လုပ်ဖို့အဆင်မပြေဘူးလေ။ အဲ့အတွက်ကြောင့် လောလောဆယ်မှာ မြို့လယ်ခေါင်မှာ ဦးစားပေး လုပ်ဖြစ်တယ်။” ဟု ကိုကျော်စည်သူကပြောသည်။

 လက်ရှိတွင် နောက်ဖေးလမ်းကြား နေရာ သစ် ၄ နေရာ ပြုလုပ်သွားရန်ရှိနေပြီး ပန်းဘဲတန်းမြို့နယ်၊ လမ်းမတော်မြို့နယ်နှင့် မင်္ဂလာ တောင်ညွန့်မြို့နယ်တို့တွင်ဖြစ်ကာ ဒို့အိမ်အဖွဲ့က ဦးဆောင်၍ ၂၀၁၉ ခုနှစ် မိုးရာသီမတိုင်ခင် လုပ်ငန်းစတင် သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly