ရေနံချောင်းတွင် အိမ်မွေးခွေးတစ်ကောင်လျှင် ကျပ်တစ်သောင်းဝန်းကျင်ဖြင့် အစုလိုက်အပြုံလိုက် လာရောက် ဝယ်ယူမှုများ ရှိနေ

ရေနံချောင်းတွင် အိမ်မွေးခွေးတစ်ကောင်လျှင် ကျပ်တစ်သောင်းဝန်းကျင်ဖြင့် အစုလိုက်အပြုံလိုက် လာရောက် ဝယ်ယူမှုများ ရှိနေ

မကွေး၊ ဇန်နဝါရီ ၃ ။               ။ မကွေးတိုင်း ရေနံချောင်းမြို့တွင် ဒီဇင်ဘာလကုန် ရက်များက အိမ်မွေးခွေးများကို တစ်ကောင်လျှင် ကျပ်တစ် သောင်းမှ ကျပ်တစ်သောင်းခွဲအထိပေးကာ အစုလိုက် အပြုံလိုက်လာရောက်ဝယ်ယူမှုများ ရှိနေကြောင်း ဒေသခံများကပြောကြားသည်။

“ကျွန်တော်တို့ရပ်ကွက်ကိုတော့ ကားနဲ့လာပြီး ခွေးရောင်းဖို့ ရှိလားမေးတယ်။ အကောင်အကြီး၊ အသေး အလိုက် တစ်သောင်းကနေ တစ်သောင်းခွဲအထိပေးမယ်ပြောတယ်။ ဘယ်ကလာဝယ် တယ်ဆိုတာတော့ မသိရဘူး။ ဘာလုပ်ဖို့ဆိုတာလည်း မေးလို့မရဘူး” ဟု ရေနံချောင်းမြို့၊ပုဏ္ဏားကုန်းရပ်ကွက်တွင် နေထိုင်သော ကိုတရုတ်ကြီးက ပြောသည်။

ရေနံချောင်းမြို့ရှိ ရပ်ကွက်များအတွင်း ခွေးလာရောက်ဝယ်ယူခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်က မရှိကြောင်း၊ ခွေးများကို လာရောက်ဝယ်ယူသောသူများသည် ဒိုင်နာအမျိုးအစားယာဉ်ဖြင့် ရောက်ရှိလာပြီး ရောင်းသလောက်ဝယ်ယူမည်ဟု ပြောဆိုခြင်းကြောင့် အသားထုတ်လုပ်ရန်လာရောက် ဝယ်ယူခြင်း ဖြစ်နိုင် ကြောင်း ရေနံချောင်းဒေသခံ ကိုအောင်ကျော်ဦးက ခန့်မှန်းပြောဆိုသည်။

ခွေးများကို မွေးမြူရန်နှင့် အသားစားရန်၊ တစ်ကောင်၊နှစ်ကောင်စသဖြင့် ပုံမှန်ဝယ်ယူလေ့ရှိသော်လည်း အစုလိုက်၊ အပြုံလိုက် လိုက်လံဝယ်ယူနေခြင်းသည် အရောင်းအဝယ်ပြုလုပ်ရန် ဖြစ်နိုင်ကြောင်း လေလွင့် တိရစ္ဆာန်များ ကာကွယ်စောင့်ရှောက်နေသည့် မကွေးအခြေစိုက် ဒေသခံတစ်ဦး ကပြောသည်။

“မွေးကုဌာနရဲ့ မူဝါဒထဲမှာတော့ အရေးယူဖို့ဆိုတာ မပါဘူး။ ဒါပေမယ့် တိရစ္ဆာန် ညှင်းပန်းနှိပ်စက်မှု ဥပဒေ ဆိုတာတော့ ရှိတယ်။ အဲ့ဥပဒေနဲ့ ကလေးမှာ တစ်ခါ ခွေးတွေကို အရက်ဆိုင်မှာ သတ်စားပြီး ဝယ်တဲ့ဟာကို ခွေးချစ်သူများအဖွဲ့က ကာကွယ်ပြီး တရားစွဲတယ်။ဒီကိစ္စဟာ ရဲအရေးပိုင်ကိစ္စ ဟုတ်မဟုတ်တော့ ကျွန်တော် သေချာနားမလည်ဘူး။တိမွေးကုဥပဒေမှာတော့ အရေးယူဖို့ဆိုတာ မရှိဘူး။”ဟု မင်းဘူးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာမိုးကျော်နိင်ဦးက ပြောသည်။

၂၀၁၇ ဒီဇင်ဘာ ၂၈ ရက် ညက မကွေးမြို့နှင့်မင်းဘူးမြို့ရှိ ရပ်ကွက်များတွင် ဆိုင်ကယ်စီးနင်း လာသည့် လူတစ်စုက ခွေးများကို အရှည်ကိုးလက်မမှ တစ်ပေခန့်အထိရှိသည့် ဂျင်ကလိများဖြင့်လိုက်လံပစ်ခတ်မှု ဖြစ်ပွားပြီး ခွေးအကောင် ၅၀ ကျော် ထိခိုက်ဒဏ်ရာ များ ရရှိခဲ့သည်။

ထို့အပြင် ၂၀၁၇ ဒီဇင်ဘာ လဆန်းပိုင်းက မကွေး- မင်းဘူး လမ်းမကြီး မင်းဘူးမြို့နယ် လေးပင်ကျေးရွာအနီး လမ်းဘေး ချောက်ထဲတွင် ခွေးခေါင်းခွံများနှင့် ခွေးအမြီးများထည့်ထားသည့် ပီနန်အိတ် ၁၄ လုံးကျော်ကို လာ ရောက်စွန့်ပစ်ထားမှုအား တွေ့ရှိပြီး ပီနန်အိတ်တစ်လုံးစီတွင် ခွေးခေါင်းခွံ ၁၄ လုံးထက် မနည်း ပါဝင်နေသည်ကို တွေ့ရှိရကြောင်း ထိုစဉ်က သွားရောက်စစ်ဆေးသည့် မင်းဘူးဒေသခံများက ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးဘုရားပွဲတော်များတွင် ချေသား၊ ဆတ်သားကဲ့သို့ ရှားပါး တောတွင်း အသားများကို ရောင်းချမှုတွင်ကျယ်နေပြီး ယင်းတိရစ္ဆာန်များ ရှားပါးလာချိန်၌ ခွေးသားကို ယင်းအသားများ အဖြစ် လိမ်လည်ရောင်းချမှုများရှိကြောင်း တိရစ္ဆာန်ကာကွယ်စောင့် ရှောက်ရေးဆောင်ရွက်နေသူများ က ပြောကြားသည်။

"ဒီဖြစ်စဉ်မျိုး ကျွန်တော်တို့ဘက် မရှိပါဘူး အရင်ကလဲမရှိဘူး အခုလဲမရှိဘူး။ တိုင်းတန်းထားတာလည်း မရှိသေးဘူး။ အဓိကဖြစ်နေတာက အိုင်းမနယ် စကုနယ်ဘက် အဖြစ်များတယ် ။အဲ့ဒီဘက်မှာတော့ အရေးယူတာတွေရှိပါတယ်"ဟု မင်းဘူးမြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly