တစ်သောင်းတန်အတု လက်ဝယ်ကိုင်ဆောင်မှုအတွက် ဖမ်းဆီးခံထားရတဲ့ နော်သောသွဲ့ထူး အာမခံရရှိ

တစ်သောင်းတန်အတု လက်ဝယ်ကိုင်ဆောင်မှုအတွက် ဖမ်းဆီးခံထားရတဲ့ နော်သောသွဲ့ထူး အာမခံရရှိ

ဇန်နဝါရီ ၂၊ ဒိုက်ဦး ။              ။ စင်ကာပူတွင် အိမ်အကူ အလုပ် လုပ်ကိုင်ရာမှ ရရှိလာသည့် ကျပ်တစ်သောင်းတန် ငွေအတုများ ကြောင့် ဖမ်းဆီးအရေးယူခံထားရသည့် နော်သောသွဲ့ထူး၏ အမှု  ပထမဆုံးရုံးချိန်းကို ယနေ့  ဇန်နဝါရီလ ၃ ရက်နေ့၊ ဒိုက်ဦးမြို့နယ်တရားရုံးတွင် အာမခံ ရရှိခဲ့ကြောင်း ကနဦး သိရသည်။

ယနေ့ ဇန်နဝါရီ ၃ ရက်၊ ဒိုက်ဦးမြို့နယ်တရားရုံးတွင် နော်သောသွဲ့ထူး ၏ ပထမဆုံး ရုံးချိန်း ဖြစ်ပြီး ၎င်း ရုံးချိန်းသို့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဒိုက်ဦး အမှတ် (၂) ဦးသူရဇော် ၊ CTUNရွှေ့ပြောင်းအလုပ်သမားဌာနမှူးဦးဟိန်းလတ်နှင့်အဖွဲ့၊ ပဲခူးတိုင်း ဥက္ကဋ္ဌ၊  မြို့နယ်ဥက္ကဋ္ဌတို့ လာရောက်ခဲ့ကြောင်း သိရသည်။

 ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ လယ်ကြားမြောင်ကျေးရွာတွင် နေထိုင်သူ နော်သောသွဲ့ထူးသည် စင်ကာပူနိုင်ငံသို့ အိမ်အကူအလုပ်ဖြင့် သွားရောက်လုပ်ကိုင်ပြီး မြန်မာနိုင်ငံသို့အပြန် ၎င်း ရရှိမည့် လုပ်အားခများကို အိမ်ရှင်မှ စင်ကာပူနိုင်ငံရှိ MM Sharife Trader တွင် ငွေလဲလှယ်ပေးခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။

 နော်သောသွဲ့ထူး ကိုင်ဆောင်ထားသော တစ်သောင်းတန် မြန်မာကျပ်ငွေများသည် အတုများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ပြီး ဒီဇင်ဘာလ ၆ ရက်နေ့တွင် အဆိုပါ တစ်သောင်းတန် အတု ၁၅၄ ရွက် ကိုင်ဆောင်မှုဖြင့် ဒိုက်ဦးမြို့မရဲစခန်း တွင် (ပ) ၁၄၂၀/၂၀၁၈ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် အရေးယူခံရထားသူဖြစ်သည်။

 ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို မခံရမီ နော်သောဘွဲ့ထူးအနေဖြင့် တစ်သောင်းတန်ငွေစက္ကူများသည် အတုများဖြစ်နေခြင်းကို သိရှိခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM၊ ရွှေ့ပြောင်းအလုပ်သမားဌာန၊ ဌာနမှူး ဒေါ်ထွေးထွေးငယ်ထံ ဆက်သွယ်ပြောဆိုခဲ့ကြောင်း ၊ ၎င်းမှ ရဲစခန်းကို အပ်နှံရန် အကြံပေးခဲ့ခြင်းကြောင့် ရဲစခန်းကို သွားရောက်အပ်နှံရာတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ဒေါ်ထွေးထွေးငယ်က မဇ္စျိမသို့  ဒီဇင်ဘာ ၇ ရက်နေ့တွင် အတည်ပြုပြောဆိုထားသည်။

 နော်သောသွဲ့ထူး၏ အမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ဒိုက်ဦးမြို့သို့ ဒီဇင်ဘာ ၂၆ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly