မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်သစ်ကို ဇန်နဝါရီလကုန် ခန့်အပ်ရန်ရှိ

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်သစ်ကို ဇန်နဝါရီလကုန် ခန့်အပ်ရန်ရှိ
Photo-MFF

ရန်ကုန် ဇန်နဝါရီ ၂ ။              ။ လစ်လပ်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ်ရာထူးကို လာမည့် ဇန်နဝါရီလကုန်တွင် ခန့်အပ်မည်ဖြစ်သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ်ရာထူးကို နိုင်ငံခြားသားနည်းပြ ခန့်အပ်မည်ဖြစ်ပြီး လာရောက် လျှောက်ထားသူ များပြားနေကြောင်း MFF မှ သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် နောက်ဆုံးတာဝန်ယူခဲ့သည့် ဂျာမန် လူမျိုး နည်းပြ အန်တွမ်နီဟေးနှင့် ၂၀၁၈ အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲအပြီးတွင် လမ်းခွဲခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အနေဖြင့် နည်းပြသစ်တစ်ဦး ရှာဖွေနေခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ်ကိုလည်း လာရောက်လျှောက်ထားသည့် နိုင်ငံခြားသား နည်းပြများ အနက် ပဏာမအဆင့် စတင် ရွေးချယ်ကာ နောက်ဆုံးခန့်အပ်မည့်နည်းပြကို အဆင့်ဆင့် ရွေးချယ်မည် ဖြစ်သည်။

၂၀၁၈ ခုနှစ် မေလတွင် စတင်ခန့်အပ်ခံရသော အန်တွမ် နီဟေး သည် မြန်မာယူ-၂၃ အသင်းနှင့် အာရှ အားကစားပြိုင်ပွဲတွင် စတင်ယှဉ်ပြိုင်ခဲ့ပြီး ရလဒ်ကောင်း ရယူနိုင်သော်လည်း ဆူဇူကီးပြိုင်ပွဲတွင်မူ အုပ်စုအဆင့်မှ ထွက်ခဲ့ရသောကြောင့် ယင်းပြိုင်ပွဲအပြီးတွင် လမ်းခွဲခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly