‘ထင်ရှားကျော်ကြားနေတဲ့ အသင်းတစ်သင်းနဲ့ စာချုပ်ချုပ်ခဲ့တာဟာ အထူးအခွင့်အရေးတစ်ရပ်ပါ’ ချယ်လ်ဆီးကစားသမားသစ် ပူလီဆစ်

‘ထင်ရှားကျော်ကြားနေတဲ့ အသင်းတစ်သင်းနဲ့ စာချုပ်ချုပ်ခဲ့တာဟာ အထူးအခွင့်အရေးတစ်ရပ်ပါ’ ချယ်လ်ဆီးကစားသမားသစ် ပူလီဆစ်
Photo: EPA

ချယ်လ်ဆီးအသင်းဟာ ဒေါ့မွန်အသင်းရဲ့ အမေရိကန်လက်ရွေးစင်ကစားသမား ပူလီဆစ်ကို ယူရို ၆၄ သန်း ပတ်ဝန်းကျင် တန်ကြေးဖြင့် ခေါ်ယူခဲ့ကြောင်း လန်ဒန်ကလပ်က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးအသင်းက အသက် ၂၀ တောင်ပံကစားသမားကို ဒေါ့မွန်အသင်းဆီ ယခုရာသီကုန်အထိ အငှားပြန်ချခဲ့တာကြောင့် ၂၀၁၉-၂၀ ဘောလုံးရာသီရောက်မှသာ ချယ်လ်ဆီးအသင်းသို့ တရားဝင်ပြောင်းရွှေ့လာမှာဖြစ်ပါတယ်။

“နွေရာသီမှာတော့ ကျနော်ဟာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ပြီး ပြိုင်ပွဲသစ်တစ်ခုဖြစ်တဲ့ ပရီးမီးယားလိဂ်ဆီ ရောက်ရှိတော့မှာပါ။”လို့ ပူလီဆစ်က ချယ်လ်ဆီးအသင်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောပါတယ်။ “ချယ်လ်ဆီးလို ထင်ရှားကျော်ကြားနေတဲ့ အသင်းတစ်သင်းနဲ့ စာချုပ်ချုပ်ခဲ့တာဟာ အထူးအခွင့်အရေးတစ်ရပ်ပါ။ ချယ်လ်ဆီးအသင်းရဲ့ ကမ္ဘာအဆင့်ကစားသမားတွေနဲ့အတူ ကြိုးစားအားထုတ်သွားဖို့ ကျနော် စောင့်မျှော်နေပါတယ်။”လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ပူလီဆစ်ဟာ ဒေါ့မွန်အသင်းကို အသက် ၁၇ နှစ်အရွယ် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီမှာ စတင်ရောက်ရှိခဲ့ပြီး အသင်းနဲ့ ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ ကစားသမားလည်းဖြစ်ပါတယ်။

တောက်ပလာတဲ့ ကြယ်ပွင့်ကစားသမားဟာ ဒေါ့မွန်အသင်းအတွင်း ၄ ရာသီအတွင်း ပြိုင်ပွဲစုံ ၁၁၄ ပွဲ မှာ ၁၅ ဂိုး အထိ သွင်းယူခဲ့သလို နိုင်ငံလက်ရွေးစင်အသင်းအတွက် ၂၃ ပွဲမှာ ၉ ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ဒါရိုက်တာ ဂရန်နောစကီယာက “ကျနော်တို့ဟာ ဥရောပရဲ့ ခြေစွမ်းအတောက်ပဆုံး လူငယ်ကစားသမားတွေထဲက တစ်ဦးကို စာချုပ်ချုပ်နိုင်ခဲ့လို့ ဝမ်းသာမိပါတယ်။”လို့ ပြောပါတယ်။ “ပူလီဆစ်ဟာ ဂျာမနီမှာ သူ့ရဲ့အရည်အသွေးတွေကို ပြသခဲ့ပြီးဖြစ်ပါတယ်။ သူ့အသက်က ၂၀ သာရှိသေးပြီး နှစ်များစွာအတွက် အရေးပါတဲ့ ချယ်လ်ဆီးကစားသမားတစ်ယောက်ဖြစ်လာမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”လို့ သူမက ထည့်သွင်းပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားမှာ ရမှတ် ၄၄ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရှိနေပြီး ထိပ်ဆုံးမှာ ဦးဆောင်နေသူ လီဗာပူးလ်အသင်းနောက် ရမှတ် ၁၀ မှတ်ကွာဟနေပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly