ချင်းတွင်းမေတ္တာပရဟိတအသင်းကို မုံရွာ NLD ဒုဥက္ကဋ္ဌမှ မဟုတ်မမှန်ပြောဆိုခဲ့မှုအတွက် တရားရုံးမှ စတင်စစ်ဆေး

ချင်းတွင်းမေတ္တာပရဟိတအသင်းကို မုံရွာ NLD ဒုဥက္ကဋ္ဌမှ မဟုတ်မမှန်ပြောဆိုခဲ့မှုအတွက် တရားရုံးမှ စတင်စစ်ဆေး

မုံရွာ၊ ဇန်နဝါရီ ၂ ။               ။ စစ်ကိုင်းတိုင်ဒေသကြီး၊ မုံရွာမြို့နယ်အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်၊ ဒုဥက္ကဋ္ဌမှ NLD ရပ်ကျေးပါတီဝင်တချို့ဖြင့် ဖွဲ့စည်းထားသည့် ချင်းတွင်းမေတ္တာကူညီကယ်ဆယ်ရေး ပရဟိတအသင်း(မုံရွာ)အား မဟုတ်မမှန် ပုတ်ခတ် စွပ်စွဲခြင်း၊ ခြိမ်းခြောက်ခြင်း၊အသရေဖျက်ခြင်း စသည့် အသင်း၏ ဂုဏ်သိက္ခာထိခိုက်အောင် စာများဖြန့်ဝေသည့်် ကိစ္စအတွက် တရားရုံးမှ စတင်ခေါ်ယူစစ်ဆေးခဲ့ကြောင်း အသင်းဥက္ကဋ္ဌမှ မဇ္ဈိမသို့ ပြောသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့၌ ပုဒ်မ ၅၀၀/ ၅၀၁/၅၀၆ ဖြင့် တရားစွဲဆိုရန် တရားရုံးသို့ ဦးတိုက် လျှောက် ထားခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့တွင် ပုဒ်မကျင့်ထုံး ၂၀၀ အရ အမှုအား မှန်ကန် ကြောင်း တိုင်တန်း သူအား စတင်စစ်ဆေးခဲ့ပြီး ပုဒ်မကျင့်ထုံး ၂၀၂ အရ ရဲစခန်းမှ ပြန်လည်စစ်ဆေးရန် တရား ရုံးမှ စာထုတ်ပြန် ခဲ့ကြောင်း သိရသည်။

" တင်ထားတဲ့ အမှုကို မှန်ကန်မှု ရှိမရှိ မြို့မရဲစခန်းက ကျွန်တော်တင်ထားတဲ့ သက်သေ ၅ ဦးကို ထပ်စစ်မယ်။ အမှုကို တရားရုံးက လက်ခံလိုက်ပြီလို့ ပြောလို့ရပါတယ်။ ရဲကစစ်ဆေးပြီးတော့ အစီရင်ခံတဲ့အပေါ်မူတည်ပြီး တရားရုံးက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြန်ချိန်းလိုက်တယ် "ဟု အသင်းဥက္ကဋ္ဌ ဦးမောင်မောင်သောင်းမှ ဆိုသည်။

မုံရွာမြို့နယ် NLDပါတီ ဒုဥက္ကဋ္ဌသည် နိုဝင်ဘာ ၃၀ ရက်နေ့ရက်စွဲပါ NLD ရပ်/ကျေးအချို့ ပြင်ပလူများနှင့် ပူးပေါင်း၍ တည်ထောင်ထားသော ချင်းတွင်းမေတ္တာလူမှုရေးအသင်းမှ မုံရွာမြို့နယ် NLD အလုပ်အမှုဆောင် အဖွဲ့အပေါ် တိုက်ခိုက်နေမှုအား သတိပေးခြင်း ခေါင်းစဉ်ဖြင့် ဒီဇင်ဘာ ၁ ရက်နေ့ NLDပါတီ မြို့နယ်နှင့် ရပ်ကျေးအစည်းအဝေးတွင် ရပ်/ကျေး ကိုယ်စလှယ်(၃၀)ဦးခန့်အား ပေးဝေခဲ့ကြောင်း သိရသည်။

မြို့နယ် ဒုဥက္ကဋ္ဌ ဖြန့်ဝေခဲ့သည့် စာတွင် "ချင်းတွင်းမေတ္တာအား မသက်ဆိုင်သည့် ကိစ္စများတွင် ပါဝင် စွက်ဖက် ခြင်းမပြုရန် ပြင်းထန်စွာသတိပေးခြင်း၊ ဥက္ကဋ္ဌကြီးအနေဖြင့် ဥဏ်မမှီ၍ နားမလည်သလား၊ ပြည်သူနှင့် ရပ်/ကျေး များ မြို့နယ်အဖွဲ့စည်းများအပေါ် အထင်လွဲစေရန် တိုက်ခိုက်ချင်သောကြောင့် နားမလည်ယောင်ဆောင် နေသလား ဥက္ကဋ္ဌကြီး အသိဆုံးဖြစ်ပါလိမ့်မည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်အောင်အား ဝန်းရံ နေသည်မှာလည်း မှားနေသည်။ အသင်းဝင် ဦးနေဦးနှင့် ဦးဝင်းကိုကိုတို့သည် NLD ပါတီဝင် မဖြစ်သည့်၊ အသင်းဝင် ဝန်းရံပြည်သူ ဒေါ်ရီရီမြင့်အား ဆုံးမပေးရန်နှင့် လူမှုကွန်ယက်စာမျက်နှာတွင် NLD အလုပ် အမှုဆောင် ပါတီဝင်များအား တိုက်ခိုက်ရေးသားထားသည်ဟူ သော ရေးသားချက်ဓာတ်ပုံများ ပါဝင်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မုံရွာမြို့နယ် NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါ်ခင်ဆွေဝင်းအား ဆက်သွယ်မေးမြန်းရာ

" မစစ်သေးပါဘူး။ အန်တီက နေမကောင်းလို့ ဆေးရုံတက်နေတာ မစစ်သေးပါဘူး။ တရားရုံးက လက်ခံတယ် လက်မခံဘူးဆိုတာလဲ မသိပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ချင်းတွင်းမေတ္တာအဖွဲ့အနေဖြင့် ယခုကိစ္စနှင့် ပတ်သက်၍ တရားစွဲဆိုရန် NLD ပါတီ ဗဟိုရုံးချုပ်သို့ သွားရောက်တွေ့ဆုံပြီး NLDပါတီ ခရိုင်၊တိုင်း၊ဗဟို၊ တိုင်းနဲ့ စီခန့် စည်းကမ်းထိန်းသိမ်းရေးအား ပါတီအတွင်း အနေဖြင့် တိုင်တန်းထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly