ကစ်ဘောက်ဆာသမား နာဆူကာဝါကို စက္ဏန့် (၁၄၀) အတွင်း အနိုင်ယူပြီး ဆုကြေး ဒေါ်လာ ၉ သန်း ရရှိခဲ့တဲ့ မေဝဲလ်သာ

ကစ်ဘောက်ဆာသမား နာဆူကာဝါကို စက္ဏန့် (၁၄၀) အတွင်း အနိုင်ယူပြီး ဆုကြေး ဒေါ်လာ ၉ သန်း ရရှိခဲ့တဲ့ မေဝဲလ်သာ
Photos: AFP

ကမ္ဘာကျော် အမေရိကန်လက်ဝှေ့သမား ဖလွိုက် မေဝဲလ်သာဟာ နှစ်သစ်ကူးအကြိုနေ့ သရုပ်ပြပွဲအဖြစ် ထိုးသတ်ခဲ့တဲ့ လက်ဝှေ့ပွဲမှာ ဂျပန် ကစ်ဘောက်ဆာသမား နာဆူကာဝါကို စက္ဏန့် ၁၄၀ အတွင်း အလဲထိုးအနိုင်ယူခဲ့တယ်လို့ သိရပါတယ်။

ဒီပွဲကို ဂျပန်က လက်ဝှေ့အဖွဲ့အစည်း RIZIN ကနေ ဦးစီးကျင်းပတာဖြစ်ပြီး ခြေထောက် အသုံးပြုခွင့်မရဘဲ လက်ဝှေ့စည်းမျဉ်းနဲ့သာ ထိုးသတ်ခဲ့ရတာဖြစ်ပါတယ်။

သရုပ်ပြပွဲကို စုစုပေါင်းကြာချိန် ၉ မိနစ်အတွက် ၃ ချီစီခွဲပြီး ယှဉ်ပြိုင်ကစားစေတာဖြစ်ပေမယ့် မယ်ဝဲလ်သာဟာ သူ့ထက် အသင်ထက်ဝက်ငယ်တဲ့ နာဆူကာဝါကို အချိန်တိုအတွင်းမှာ အလဲထိုးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မေဝဲလ်သာဟာ နာဆူကာဝါကို ပထမအချီမှာ ၃ ကြိမ်မြောက်လဲကျအောင် ထိုးနှက်နိုင်ခဲ့ပြီးနောက် ဂျပန်ကစ်ဘောက်ဆာသမားရဲ့ နည်းပြက ထိုးသတ်မှုကို အမြန်ရပ်နားစေကာ အရှုံးပေးခဲ့တာဖြစ်ပါတယ်။

မေဝဲလ်သာဟာ ဒီပွဲကိုအနိုင်ရခဲ့တဲ့အတွက် ဒေါ်လာ ၉ သန်း ရရှိခဲ့ကြောင်း လူမှုကွန်ရက်ပေါ်မှာ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ သူဟာ အနိုင်ယူခဲ့တဲ့ ၂ မိနစ်စာအတွက် ၁ မိနစ်ကို ဒေါ်လာ ၄.၅ သန်း ဝန်းကျင် ဝင်ငွေရရှိတာဖြစ်တယ်လို့ ဆိုရမှာပါ။

ပွဲအပြီးမှာ မေဝဲလ်သာက “ဒါဟာ ဖျော်ဖြေရေးပွဲဖြစ်ခဲ့ပါတယ်။ ကျနော်တို့က ဖျော်ဖြေရုံပါပဲ။”လို့ ပြောပါတယ်။

“ကျနော်က လက်ဝှေ့လောကကနေ အနားယူထားဆဲပါပဲ။ လက်ဝှေ့လောကကို ပြန်ဝင်လာဖို့ မျှော်လင့်မထားပါဘူး။ ဒါပေမယ့် ဂျပန်က ပရိသတ်တွေကို ဖျော်ဖြေဖို့ ထိုးသတ်ရုံသက်သက် လုပ်ခဲ့တာဖြစ်ပါတယ်။”လို့ အသက် ၄၁ နှစ်ရှိ ကစားသမားက ထည့်သွင်းပြောခဲ့ပါတယ်။

ကစ်ဘောက်ဆာသမား နာဆူကာဝါဟာ လက်ဝှေ့သက်သက်သာ ထိုးသတ်ရတဲ့ပွဲဖြစ်တဲ့အတွက် မေဝဲလ်သာကို ခြေထောက်နဲ့ ကန်ဖို့ ကြံရွယ်ခဲ့ပါက ဒေါ်လာ ၅ သန်း ဒဏ်သတ်ခံရမယ်လို့ သတင်းများအရ သိရပါတယ်။

သရုပ်ပြထိုးသတ်ပွဲဟာ တရားဝင် လက်ဝှေ့ပွဲအဖြစ် မှတ်တမ်းဝင်ဝင်မှာ မဟုတ်တဲ့အတွက် ကစားသမားနှစ်ဦးလုံးဟာ သူတို့ရဲ့ ရှုံးပွဲ မရှိဆိုတဲ့ မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။

“ဒီပွဲဟာ ကျနော်ရဲ့ မှတ်တမ်းစံချိန်ထဲမှာ ရှိနေမှာ မဟုတ်ပါဘူး။ နာဆူကာဝါကာလည်း ထိုနည်းတူပါပဲ။ သူဟာ ရှုံးပွဲ မရှိသေးပါဘူး။ ကျနော်လည်း အဲဒီစံချိန်ကို ထိန်းထားဆဲပါ။ ဒီပွဲက လူတွေအတွက် ဖျော်ဖြေရုံသက်သက်ပါပဲ။”လို့ သူက ထပ်မံပြောခဲ့ပါတယ်။

သရုပ်ပြပွဲအတွက် ဆုကြေးငွေကို ထုတ်ပြန်ကြေညာတာမရှိပေမယ့် မေဝဲလ်သာဟာ တစ်မိနစ်ကို ဒေါ်လာ ၁ သန်းရဖွယ်ရှိတယ်လို့ သိရပါတယ်။

လက်ဝှေ့လောကမှာ ဂန္တဝင်တစ်ဦးဖြစ်တဲ့ မေဝဲလ်သာဟာ ၂၇ ပွဲအလဲထိုးနိုင်ပွဲနဲ့အတူ ပွဲ ၅၀ ရှုံးပွဲမရှိ စံချိန်ရရှိထားသူဖြစ်ပါတယ်။ သူဟာ မတူညီတဲ့ ဝိတ်တန်း ၅ ခုမှာ ကမ္ဘာ့ချန်ပီယံဆုတွေ ဆွတ်ခူးခဲ့ပြီး လက်ဝှေ့သမားတွေထဲမှာ သူတို့ရဲ့ ၀ိတ်တန်းကို ထည့်မတွက်ဘဲ လက်ဝှေ့ထိုးကျွမ်းကျင်မှု အဆင့် နှိုင်းယှဉ်ကြည့်ရင် အကောင်းဆုံး လက်ဝှေ့သမားအဖြစ် ယူဆရပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly