ဂတ်စ်အသုံးပြုဖို့ နည်းပညာရှိပေမယ့် ထင်းကိုသာ အသုံးပြုနေရတဲ့ စစ်ကိုင်းက စဉ့်ထည်လုပ်ငန်း

ဂတ်စ်အသုံးပြုဖို့ နည်းပညာရှိပေမယ့် ထင်းကိုသာ အသုံးပြုနေရတဲ့ စစ်ကိုင်းက စဉ့်ထည်လုပ်ငန်း

ဒီဇင်ဘာ ၃၁။       ။ စဉ့်ထည်လုပ်ငန်းမှာ ဂတ်စ်အသုံးပြုပြီး အိုးဖုတ်သည့် နည်းပညာကို သိရှိနားလည် ကြသော်လည်း ထင်းကိုသာ အသုံးပြုနေရဆဲဟု စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက စဉ့်ထည်လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

" အဆင်မပြေသေးဘူး။ ကျွန်တော်တို့ ခုချိန်ထိ စမ်းသပ်ဆဲ ရှိသေးတယ်။ ခုချိန်ထိအောင်မြင်နေတာက ထင်းနဲ့ပဲ အောင်မြင်နေတုန်းပဲ။ အဲဒီနည်းပညာတွေက စမ်းသပ်ဆဲပဲရှိသေးတယ်။ " ဟု စဉ့်ထည်လုပ်ကိုင်သူ  မမို့မို့လပြည့်ဝန်းက မဇ္စျိမသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က စစ်ကိုင်းတိုင်းဒေသကြီး ရွေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ်အတွင်း စဉ့်ထည် လုပ်ငန်း လုပ်ကိုင်သူများအား နယ်သာလန်နိုင်ငံ အိုးလုပ်ငန်းပညာရှင်များက ဂတ်စ်အသုံးပြုပြီး အိုးဖုတ်သည့် နည်းပညာများကို မျှဝေခဲ့သည်။ သို့ရာတွင် ၎င်းတို့အနေဖြင့် လက်ရှိအချိန်ထိ ထင်းကိုသာ အဓိကထားပြီး အသုံးပြုနေရခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း အိုးဖုတ်သည့် ဖိုများမှာ အခြားနိုင်ငံများတွင် အသုံးပြုသည့် ဖိုများထက် ကြီးမား နေသောကြောင့် လုံလောက်သည့် ဂတ်စ်ကို ဝယ်ယူပြီး လုပ်ကိုင်ရန်မှာ အခက်အခဲများ ရှိနေ၍ ထိုနည်းပညာအား အပြည့်အဝအသုံးချဖို့ မလွယ်ကူဟု ၎င်းဒေသရှိ စဉ့်ထည်လုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။

"ဒါကျတော့ တောထဲလို တဲဖြစ်သွားတာပေါ့။ အဲ့လိုမျိုးဆို နည်းနည်းတော်သေးတယ်။ ကိုယ်တွေဆီ အောက်တဲမှာကျတော့ အန့ံသက်တွေကျတော့ နည်းနည်းနံတယ်လေ ပတ်ဝန်းကျင်နဲ့ကျတော့၊ အောက်မှာ ကျတော့ ကိုယ်တွေရွာတွေက ရှိတယ်လေ။ အဲ့တာကြောင့်မို့လို့ နည်းနည်း အဆင်မပြေတာ။" ဟု ဒေသတွင်း စဉ့်ထည် လုပ်ကိုင်သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သော မဇင်မာလွင်က ပြောသည်။

ဂတ်စ်အသုံးပြီး အိုးဖုတ်သည့်နေရာတွင် အိုး အရည်အသွေး ပိုကောင်းသည်ဟု ဆိုသော လုပ်ငန်းရှင်များ ရှိနေသလို ထင်းနှင့် ဖုတ်သည့် အိုးက အရည်အသွေးပိုကောင်းသည်ဟု ဆိုသူများလည်း ရှိနေသည်။

“ထင်းနဲ့ဖုတ်တာ ပိုကောင်းတယ်။ ဂတ်စ်နဲ့ကျတော့ တော်တော်ကို သူက လူအင်အားလည်းများမှ၊ ထင်းနဲ့ ဖုတ်တာကျတော့ ၆ယောက်ဖုတ်ရင် ၆ယောက်ဖုတ်တာရတယ်။ ဂတ်စ်ကျတော့ ထည့်လိုက်ရသွင်းလိုက်ရနဲ့ လူအင်အားကျ မနိုင်ဘူးလေ။ ပြီး ဂတ်စ်က ပိုကုန်ကျစရိတ်များတယ်။" ဟု မဇင်မာလွင်က ထပ်လောင်း ပြောသည်။

မဇင်မာလွင်အပါအဝင် ၎င်းတို့ ဒေသမှ ထုတ်လုပ်သည့် စဉ့်ထည်ပစ္စည်းများသည် တစ်နိုင်ငံလုံးကို ဖြန့်ချိနေခြင်း ဖြစ်ပြီး ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ဆိုလျှင် ရွေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ်၊ ရွေဂွန်၊ နွယ်ငြိမ်း၊ မလား၊ ရွှေတိုက်၊ မခေါက်စသော ကျေးရွာများမှ ထွက်ရှိသော လက်ရာများမှာ လူကြိုက်များလှသည်။

လက်ရှိတွင် ထိုဒေသအနေဖြင့် အိုးဖုတ်ရာတွင် ဂတ်စ်အသုံးပြုနည်းပညာကို သိရှိသော်လည်း ထင်းလောင်စာကို ဆက်လက် သုံးစွဲနေရဆဲဖြစ်ကာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ စစ်ကိုင်းတိုင်းသည် ထင်းသုံးစွဲမှုအများဆုံး ဒေသတစ်ခုဟု သိရှိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly