‘၃ ချီကို အိပ်နေရင်းနဲ့တောင် ထိုးသတ်နိုင်တယ်’ - မေဝဲလ်သာ

‘၃ ချီကို အိပ်နေရင်းနဲ့တောင် ထိုးသတ်နိုင်တယ်’ - မေဝဲလ်သာ
Photo: AFP

ကမ္ဘာ့အကျော်အမော် အမေရိကန် လက်ဝှေ့သမား ဖလွိုက်မန်နီ မေဝဲလ်သာဟာ တိုကျိုမြို့မှာ နှစ်သစ်ကူးအကြိုနေ့ ဂျပန် ကစ်ဘောင်ဆင် ဖိုက်တာ နာဆူကာဝါနဲ့ ထိုးသတ်မယ့် ၃ ချီကို အိပ်နေရင်းပင် ထိုးသတ်နိုင်တယ်လို့ ပြောဆိုသွားခဲ့ပြီး ပရိသတ်တွေအတွက် ဖျော်ဖြေမှုပေးနိုင်ရေးသာ သူ့ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အသက် ၄၁ နှစ်ရှိ ရှုံးပွဲမရှိ ချန်ပီယံဟာ တိုကျိုမြို့ရဲ့ မြောက်ပိုင်း စိုင်းတာမာမှာ သူ့ထက် အသက် ၂၀ ကျော်ငယ်တဲ့ ဖိုက်တာ နာဆူကာဝါနဲ့ ဟန်ရေးပြ ထိုးသတ်မှာဖြစ်တဲ့အတွက် ကစားသမားဘဝ အနားယူရာမှ လက်ဝှေ့လောကထဲကို တကျော့ပြန် ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

“ဒီပွဲဟာ ဖျော်ဖြေရေးအတွက်ပါ။ ကျနော်အနေနဲ့ ဘာမှ စိတ်ပူပန်နေမှာ မဟုတ်ပါဘူး။”လို့ မေဝဲလ်သာက ပွဲအကြို သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒီပွဲကို ဂျပန်က လက်ဝှေ့အဖွဲ့အစည်း RIZIN ကနေ ဦးစီးကျင်းပတာဖြစ်ပြီး နာဆူကာဝါက အဲဒီအဖွဲ့အစည်းအတွက် ကစ်ဘောက်ဆင်နဲ့ MMA နှစ်မျိုးစလုံးကို ထိုးသတ်ပေးနေတဲ့ ချန်ပီယံတစ်ယောက်ဖြစ်ပါတယ်။

တနင်္လာနေ့မှာ ထိုးသတ်မယ့် ဟန်ရေးပြပွဲဟာ ဘောက်ဆင်စည်းမျဉ်းစည်းကမ်းနဲ့ ထိုးသတ်မှာဖြစ်ကာ စုစုပေါင်းကြာချိန် ၉ မိနစ်အတွက် ၃ ချီစီခွဲပြီး ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ဝါရင့်လက်ဝှေ့သမား မေဝဲလ်သာက “ကျနော် ဒီ ၉ မိနစ်ကြာ ၃ ချီကို အိပ်နေရင်းနဲ့တောင် ယှဉ်ပြိုင်ထိုးသတ်နိုင်တယ်”လို့ ပြောဆိုခဲ့ပါတယ်။ 

ဟန်ရေးပြထိုးသတ်ပွဲကို တရားဝင် အရှုံးအနိုင်ရလဒ် ထုတ်ပြန်ကြေညာမှာ မဟုတ်တဲ့အတွက် ကစားသမားနှစ်ဦးလုံးဟာ သူ့တို့ရဲ့ ရှုံးပွဲ မရှိမှတ်တမ်းကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။

မေဝဲလ်သာကလည်း ဒီပွဲဟာ အနိုင်အရှုံးအတွက် တရားဝင် မဖြစ်တဲ့အပြင် တရားဝင်ပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဒါပေမယ့်လည်း မေဝဲလ်သာက သူအနေနဲ့ ပြိုင်ဘက် နာဆူကာဝါက အလဲထိုးနိုင်ခဲ့ရင်တောင် အဲဒီအတွက် စိုးရိမ်ပူပန်နေမှာမဟုတ်ကြောင်း ပြောပါတယ်။

“ကျနော် နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ … ဒါတွေအတွက် စိတ်ပူပန်စရာ မလိုပါဘူး။ ဒါတွေဖြစ်လာရင် ကျနော် ဆိုလိုတာက ဒါဟာ ဖျော်ဖြေမှုတစ်ခုပါ။ ကျနော်တို့ ဒါတွေအားလုံး မြင်တွေ့ဖို့ လိုအပ်ပါတယ်။”လို့ မေဝဲလ်သာက ပြောပါတယ်။

အသက် ၂၀ အရွယ်သာရှိသေးတဲ့ နာဆူကာဝါက သူ့ရဲ့ ကန်ချက် ကျွမ်းကျင်မှုတွေ သုံးခွင့်မရှိတောင်မှ သူအနေနဲ့ ဒီထိုးသတ်ပွဲရဲ့ စည်းကမ်းတွေကို မမျှတဘူးလို့ မခံစားခဲ့ရဘူးလို့ ဆိုပါတယ်။

လက်ဝှေ့ပွဲပေါင်း ၅၀ မှာ လုံးဝ ရှုံးပွဲမရှိခဲ့ဖူးတဲ့ ချန်ပီယံ မေဝဲလ်သာလိုပဲ နာဆူကာဝါဟာ ပရိုကစားသမားဘဝမှာ ၂၈ ပွဲကစားထားခဲ့ရာ ပွဲစဉ်အားလုံး အနိုင်ရရှိထားပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly