လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) မူဝါဒ သဘောထား

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၂၇ ။      ။ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) နာယက ဦးလီပေါ်ရဲ့က  ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၂၇ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ယနေ့ရုပ်မြင်သံကြားဖန်သားပြင်တွင် ကြည့်ရှုနာသောတဆင်နေကြသော မဲဆန္ဒရှင်ပြည်သူများ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ခြင်းနှင့် ပြည့်ဝကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါသည်။

ကျွန်တော်ကတော့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)၏ နာယက ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းဦးလီပေါ်ရဲ့ဖြစ်ပါသည်။ ကျွန်တော်တို့ပါတီ၏ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို မတင်ပြမီ လီဆူအမျိုးသားတိုးတက်ရေးပါတီ(ဒူလေးပါတီ)၏ အလံနဲ့တံဆိပ်ကို အနည်းငယ်ရှင်းပြလိုပါသည်။ ကျွန်တော်တို့ပါတီ၏ အလံနှင့် တံဆိပ်(လိုဂို)တို့ကို တစ်မျိုးတည်း သုံးစွဲထားပါသည်။ အလံ၏အောက်ခံ အနီရောင်ပေါ်မှာ ကြယ်ဖြူတစ်လုံးနှင့်ဒူးလေးပုံဖြစ်ပါသည်။ အောက်ခံအနီရောင်၏ အဓိပ္ပာယ်သည် ရဲရင့်ခြင်း၊ ပြတ်သားခြင်း၊ သတ္တိရှိခြင်း၊ နိုးကြားခြင်းတို့ကို ပုံဆောင်ပါသည်။ အဖြူရောင်သည် ရိုးသားဖြူစင်ခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို အဓိပ္ပာယ်ဖော်ဆောင်ထားပါသည်။ လက်ဝဲဘက်ထောင့်ရှိ ကြယ်ဖြူတစ်လုံး၏သဘောမှာ ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး တစ်စည်းတစ်လုံးတည်းရှိသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖြစ်ခြင်း၊ဂုဏ်ထူးဝိသေသဖြင့် ကိုယ်ပိုင်အလင်းရောင်ရှိသော ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ရည်ညွန်းပါသည်။ ကြယ်ဖြူဘက်သို့ဦးတည်နေသော အဖြူရောင်ဒူးလေးသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးဆီသို့လီဆူတစ်မျိုးသားလုံးပါဝင်ချီတက်နေကြောင်းကို ပုံဆောင်ထားခြင်းဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုသော် မိမိတို့ဒူးလေးပါတီသည် ခေတ်မီ၍ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ ရိုးသားဖြူစင်စွာဖြင့် အစဉ်အမြဲ အတူတကွ ပါဝင်ချီတက်မည့်ပါတီဖြစ်ပါသည်။

ပါတီ၏မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များမှာ နိုင်ငံတော်အတွင်း၌သူတစ်ပါးအားထိခိုက်နစ်နာဆုံးရှုံးမှုမဖြစ်စေဘဲ လွတ်လပ်စွာပြုမူနေထိုင်ခြင်း၊ ဖွင့်ဟဖော်ထုတ်ပြောဆိုရေးသားခြင်း၊ ကြံစည်တွေးတောခြင်း၊ သက်ဝင်ယုံကြည်ခြင်း၊ လွတ်လပ်စွာ တီထွင်ဖန်တီးခြင်းစသည်တို့ကို ကျင့်သုံးခြင်း အားဖြင့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီး တည်ဆောက်သွားရန် ဖြစ်သည်။

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်ရာမှာ နိုင်ငံသား၊ တိုင်းရင်းသားလုပ်ငန်းရှင်များ၏ အကျိုးကိုမထိခိုက်စေဘဲ အခွင့်အရေးများအပြည့် အဝရရှိအောင်ဆောင်ရွက်သွားပါမည်။ ဒေသနှင့်ကိုက်ညီသော အသေးစားစက်မှုလုပ်ငန်း၊ အလတ်စား စက်မှုလုပ်ငန်းများကို အားပေးကူညီ၍ တိုးပွားတည်ထောင်လာအောင် တိုက်တွန်းဆောင်ရွက် သွားပါမည်။

ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတကာပညာရေး၊ အဆင့်မီ၍လူ့စွမ်းအား အရင်းအမြစ်များဖွံ့ဖြိုး တိုးတက်လာအောင် အားပေးမြှင့်တင်သွားပါမည်။ မူလတန်း၊ အလယ်တန်းအဆင့် မသင်မနေရအခမဲ့ ပညာရေးကဏ္ဍမှာ အသက်မွေးအောင်တိုက်တွန်းသွားပါမည်။ အဆင့်မြင့်ပညာရေးကဏ္ဍမှာ အသက်မွေးဝမ်းကျောင်းပညာရပ်များ၊ နည်းပညာရပ်များကို ပိုမိုသင်ကြား တတ်မြောက်မှ နိုင်ငံတော်ကြီး တိုးတက်မည်ဖြစ်၍ အားပေးတိုက်တွန်းသွားမည်ဖြစ်ပါသည်။

မြို့ပြနှင့်ကျေးလက်ကျန်းမာရေးစောင့်ရှောက်မှုကွာဟချက်မရှိအောင် တိုက်တွန်းဆောင်ရွက်သွားပါမည်။ အခြားဘာသာ သာသနာကို ထိခိုက်နစ်နာမှုမရှိစေဘဲ အခြေခံနေဒေသနှင့်အညီ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိအောင် တိုက်တွန်းဖော်ဆောင်သွားပါမည်။ အဓမ္မလုပ်အားပေး ခိုင်းစေခြင်းသည် မိဘပြည်သူများဆင်းရဲခြင်း၊ လူ့အခွင့်အရေးဆုံးရှုံးရခြင်းရဲ့အကြောင်းအရင်းတစ်ရပ်ဖြစ်၍ ဆန့်ကျင်သွားပါမည်။

နိုင်ငံတစ်ခုလုံး၏ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်ရန် အဓိကလိုအပ်သောလမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်အောင် ဦးစားပေးဆောင်ရွက်သွားပါမည်။

လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံတကာသို့လေ့လာသူစေလွှတ်၍အရည်အသွေးမီ စံချိန်စံညွှန်းမီ လမ်းများ၊ တံတားများတည်ဆောက်နိုင်ရန်ဆောင်ရွက်သွားပါမည်။ ဆက်သွယ်ရေးကဏ္ဍတွင်လည်း အဆင့်မြင့်နည်းပညာဖြင့် ပညာရှင်များအသုံးပြုရန်၊ ပြည်သူလူထုကို ဝန်ဆောင်မှုကောင်းများ ပေးသွားရန် တိုက်တွန်းသွားပါမည်။

ကျေရွာချင်းဆက်လမ်းတံတားများ၊ ကျေးလက်နှင့်မြို့ပြဆက်သွယ်သောလမ်းတံတားများကို အဓိကထားလုပ်ဆောင်နိုင်မှ ကျေးလက်နေပြည်သူ ၇၀ရာခိုင်နှုန်းသည် အလုပ်အကိုင်ရရှိမည်ဖြစ်ပြီး လူမှုဘဝနှင့် စီးပွားတိုးတက်နိုင် မည်ဖြစ်၍ ဆင်းရဲချမ်းသာကွာဟမှုကျဉ်းမြောင်းသွားမှာဖြစ်ပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ပြီး ဓနအင်အားကြွယ်ဝချမ်းသာနိုင်ရန် အဓိကအတားအဆီးဖြစ်သည့် အဂတိလိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်ရန်လိုကြောင်း ခံယူထားပါသည်။

နိုင်ငံသားများ၊ တိုင်းရင်းသားများအားလုံး အခြေခံရပိုင်ခွင့်နှင့် လူ့အခွင့် အရေးများကို ပြည့်ပြည့်၀၀ရရှိရေး၊ တောင်တန်းမြေပြန့်မခွဲခြားဘဲ နိုင်ငံသားများ၊ တိုင်းရင်းသာများအတွင်း တန်းတူညီမှအခွင့်အရေး ရရှိမှသာလျှင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိနိုင်မည်ဖြစ်ကြောင်း ယုံကြည်ပါသည်။

ကျွန်တော်တို့ ပါတီအနေဖြင့်ပြည်သူများ၏လိုအင်ဆန္ဒ၊ မျှော်လင့်ချက်ကောင်းများကို ဆောင်ကြဉ်းမည့် ပါတီဖြစ်ပါသည်။ ကျွန်တော်တို့ပါတီသည် သက်တမ်းနုနယ်သေးပေမယ့် နိုင်ငံရေးအတွေ့အကြုံ ရှိသောပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းတည်ထောင်ထားသည့် ပါတီဖြစ်သလို ပြည်သူ့ အရေးကို အဓိကဦးထိပ်ထားဆောင်ရွက်မည်ဆိုသည့် ခံယူချက်တူညီသူများဖြင့်ဖွဲ့စည်းခဲ့သည့် အမျိုးသားနိုင်ငံရေးပါတီဖြစ် ပါသည်။

လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ပထမဦးဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သော်လည်း ပြည်သူ့အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ပြည်သူချစ်သောပြည်သူ့ ပါတီဖြစ်လာမယ်လို့ ယုံကြည်ရင်းနဲ့ ကြိုးပမ်းနေသောပါတီ ဖြစ်ပါသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကျွန်တော်တို့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)သည် ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့တွင် ကိုယ်စားလှယ်လောင်းပေါင်း၂၇ ဦး ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံလျှက်ရှိပါကြောင်း မဲဆန္ဒရှင်ပြည်သူများအား သတင်းပါးလိုပါသည်။

ကျွန်တော်တို့နိုင်ငံသည် တိုင်းရင်းသား ၁၃၅ မျိုးနှင့်ဖွဲ့စည်းတည်ထောင်ထားသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖြစ်သလို တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ၊ ညီရင်းအစ်ကို စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်အမြဲတစဉ်ရှိနေစေဖို့ တန်းတူညီမျှစိတ်ဓာတ်နှင့် အစဉ်အမြဲကြိုးပမ်းဆောင်ရွက်သွားမည်လို့ ယုံကြည်ချက်ချထားသော ပါတီဖြစ်ပါသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၂၇ နေရာဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်၍ ပြည်သူများ၏ထောက်ခံမှုကြောင့်လွှတ်တော်အသီးသီးသို့ ရောက်ခဲ့လျှင် လွှတ်တော်ပြင်ပရော လွှတ်တော် အတွင်းကပါ ပြည်သူအကျိုးကို ဦးထိပ်ပန်ဆင်ကြိုးပမ်းသွားမည်လို့ ကတိပြုပါသည်။ မိမိတို့ ဒူးလေးပါတီသည် လီဆူလူမျိုးများကို အခြေခံပြီး မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကိုအားလုံး၏အကျိုးကို ထာဝစဉ်ရှေးရှုကြိုးပမ်းသွားမည်ဖြစ်သလို မဲဆန္ဒရှင်ပြည်သူများအနေနဲ့လည်း ကျွန်တော်တို့ပါတီကို ထောက်ခံဆန္ဒမဲပေးကြမယ် လို့မျှော်လင့်ပါသည်။ ပြည်သူချစ်သည့်ပါတီ ၊ ပြည်သူအကျိုးဆောင်ရွက်မည့်ပါတီအဖြစ်သို့ ရောက်ရှိအောင်ကြိုးပမ်းသည့်နေရာမှာ အစဉ်အမြဲအားပေးထောက်ခံပေးပါလို့ မေတ္တာရပ်ခံလိုပါသည်။                            

ပြည်သူအကျိုးဆောင်ရွက်ဖို့ ဒူးလေးပါတီကိုမဲပေးကြပါစို့.။ ဤဆောင်ပုဒ်နဲ့ နိဂုံးချုပ်အပ်ပါသည်။

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူလေးပါတီ)

 ၁။  ပါတီအမည်  -  လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူလေးပါတီ)
 ၂။  ပါတီအမည်(English)  -  The Kachin National Congress for Democracy
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၁၄.၈.၂၀၁၃
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၇ ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးအားခီဒါဝူ
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂၉.၁၀.၂၀၁၃
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၄.၁၁.၂၀၁၃
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၁၇.၁၂.၂၀၁၃
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၆၉)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၁၈/၁၃)၊ ရမ်ပူရပ်ကွက်၊ မြစ်ကြီးနားမြို့နယ်၊ ကချင်ပြည်နယ်
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၄၇၀၁၀၀၆၁၊ ၀၇၄-၂၈၁၉၂
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

 

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly